လောင်းလုံးမြို့နှင့် ကပ်လျက်ရှိ ညင်းမော်ကျေးရွာမှ ဒေသခံ သုံးဦးသည် ဥယျာဉ်ခြံ သွားရန်အိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးနှင့် အခြား အမျိုးသားတစ်ဦးတို့မှာ ရွာအနောက်ဘက်ရှိ ဥယျာဉ်ခြံသို့ သွားရန်ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အိမ်ပြန်ရောက်ရမည့် အချိန်တွင် ပြန်မရောက်သဖြင့် ဥယျာဉ်ခြံအတွင်း လိုက်လံရှာဖွေသော်လည်း မတွေ့ရဘဲ တောအတွင်း လမ်းလျှောက်သွားသည့် ခြေရာ၊ လက်ရာများကိုသာ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲကလူတွေနဲ့ သူတို့ခြံထဲမှာရော တောတွေထဲမှာပါ လိုက်ရှာပြီးပြီ၊ မတွေ့ရဘူး။ ခြေရာတွေပဲတွေ့ပြီး ပြန်ထွက်လာကြတာ။ စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းသွားတာလားဆိုပြီး စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဩဂုတ်လ ၇ ရက်က စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့မှ ညင်းမော်ကျေးရွာ အနောက်ဘက် တောအတွင်းမှတစ်ဆင့် တီဇစ်ကျေးရွာသို့ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစစ်ကြောင်းသည် တီဇစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဥပုဒ်စောင့်နေသူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် လောင်းလုံးမြို့ဘက်သို့ ပြန်ဆုတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ စစ်ကြောင်းပြန်ဆုတ်ချိန်တွင် ဥယျာဉ်ခြံအတွင်း သွားရောက်စဉ် တိုးမိပြီး ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
စစ်အာဏာရှင်တပ်သည် စစ်ကြောင်းထိုးလာပါက ယခင်သွားနေကျ တောလမ်းကြောင်းအတိုင်း မဟုတ်ဘဲ တောလမ်းအသစ်ရှာကာ တိတ်တဆိတ် သွားလာလှုပ်ရှားနေသဖြင့် ဒေသခံများ ဥယျာဉ်ခြံများအတွင်း ဝင်ရောက်လုပ်ကိုင်ရန် စိုးရိမ်နေကြကြောင်း သိရသည်။
“ခြံထဲမှာ လုပ်စရာရှိတာတွေလည်း အခုဆိုရင် ဝင်မလုပ်ရဲကြတော့ဘူး။ မိုးရာသီ မှိုရှာ၊ မျှစ်ရှာကြတဲ့သူတွေလည်း အရင်ကလိုမျိုး ရဲရဲတင်းတင်း တောထဲမသွားရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့ အနီးဝန်းကျင်သို့ စစ်အာဏာရှင်တပ်က ဆက်တိုက် စစ်ကြောင်းထိုးလာသဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ တိမ်းရှောင်ထွက်ပြေးလိုက်၊ အိမ်ပြန်လာလိုက်ဖြင့် နေထိုင်နေကြရသည်မှာ လပေါင်းများစွာ ရှိလာပြီဖြစ်သည်။







