ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာလူငယ်များနေ့ စကားဝိုင်းပြုလုပ်

August 12, 2026

ဓာတ်ပုံ - TYN

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် လူငယ်စကားဝိုင်းတစ်ခုကို တနင်္သာရီတိုင်းလူငယ်ကွန်ရက် (TYN) က Tanintharyi Health Care House တွင် ယနေ့ (ဩဂုတ် ၁၂) ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ တိုင်းအတွင်း လူငယ်များ၏ တော်လှန်ရေးကဏ္ဍမှ အကြောင်းအရာများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည့်အပြင် ဒဏ်ရာရ ရဲဘော်များ၏ စိတ်ခံစားချက်များကို မျှဝေခံစားကာ အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

“လူငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးဖလှယ်ရင်းနဲ့ အပြန်အလှန် အားပေးကူညီပံ့ပိုးနိုင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု TYN ၏ လက်ရှိ ဦးဆောင်ကော်မတီဝင် တစ်ဦးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောပြသည်။

Tanintharyi Health Care House တွင် ရောက်ရှိနေသည့် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့်အတူ TYN အဖွဲ့ဝင် လူငယ်များက အာဟာရများကို မျှဝေကာ အတူတကွ လက်ဆုံစားသောက်ခဲ့ကြပြီး International Youth Day အမှတ်တရ စာသားများကို T-Shirt အပေါ် ရေးထိုးခြင်း စသည့် အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့သည်။

Tanintharyi Health Care House သည် တနင်္သာရီတိုင်းအတွင်းမှ ဒဏ်ရာရ ရဲဘော်များနှင့် ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည့် ဂေဟာတစ်ခုဖြစ်သည်။