ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ထေ့နိုရာရတ်ဘုန်းကြီးကျောင်းတွင် ပြုလုပ်သော ဝါဆိုလပြည့်နေ့ အလှူပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ထိုင်းနှင့် မြန်မာနိုင်ငံသားများ စုပေါင်းကျင်းပခဲ့သည်။
ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၇ နာရီတွင် စတင်ကျင်းပသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ထိုင်းနိုင်ငံသားများ၊ ထိုင်းရောက် မွန်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထေ့နိုရာရတ်ဘုန်းကြီးကျောင်းသည် မွန်တိုင်းရင်းသားများကြား လူသိများသော ဘုန်းကြီးကျောင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့တွင် နေရာအသီးသီးက ထိုင်းနှင့် မြန်မာနိုင်ငံသားများ လှူဖွယ်ဝတ္တုများကို လှူဒါန်းလေ့ရှိကြောင်း ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့က ပြောသည်။
“ဒီနေရာမှ ပဋိပက္ခတွေ မရှိပါဘူး။ တိုင်းရင်းသားတွေအားလုံးက ချစ်ချစ်ခင်ခင် နေကြပါတယ်။ ဘာသာရေး အခမ်းအနားတွေကလည်း စည်းလုံးမှုအားကို ပြသနေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အခမ်းအနားတွင် ငွေပဒေသာပင်များကို ကိုင်ဆောင်၍ စီတန်းလှည့်လည်ခဲ့ကြပြီး ကျောင်းထဲတွင် လှူဖွယ်ပစ္စည်းများနှင့် သင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဝါဆိုလပြည့်နေ့သည် ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများ ပိတ်ရက်ဖြင့်သဖြင့် မြန်မာအလုပ်သမားများလည်း ဘုန်းကြီးကျောင်းများတွင် အလှူပွဲများ ကျင်းပလေ့ရှိသည်။
ဓါတ်ပုံ – ပေးပို့
















