ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာနိုင်ငံက သတ္တုတူးဖော်မှုများကြောင့် ထိုင်းမြောက်ပိုင်း မြစ်ရေညစ်ညမ်းမှု ဖြေရှင်းပေးရေး တောင်းဆို

June 4, 2026

Photo - Dawei Watch

မြန်မာနိုင်ငံ ရွှေသတ္တုတွင်းလုပ်ငန်းများကြောင့် ထိုင်းမြောက်ပိုင်းရှိ မြစ်ရေများ ညစ်ညမ်းလာနေသည်ကို နှစ်နိုင်ငံအစိုးရနှင့် ပါဝင်ပတ်သက်သော ကုမ္ပဏီများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရေးအတွက် ပြည်သူများက ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲပြုလုပ် တောင်းဆိုနေကြသည်။

မေလ ၃၁ ရက်နေ့က ချင်းမိုင်ခရိုင် မယ်အိုင်ဒေသမှစ၍ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဇွန်လ ၅ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ယောင်ဒေသ နမ့်ခုတ်မြစ်တံတား၌ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။

လမ်းလျှောက်ချီတက်ပွဲတွင် ဒေသခံပြည်သူ၊ သံဃာတော်၊ ထိုင်းအရပ်ဘက်အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့စသဖြင့် လူပေါင်းရာချီက ပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ရွှေတူးဖော်ရေးလုပ်ငန်းများက စည်းကမ်းမဲ့ စွန့်ထုတ်လိုက်သော ဓာတုပစ္စည်းများကြောင့် ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် မြစ်ရေညစ်ညမ်းမှုများ ဖြစ်နေပြီး ဒေသခံပြည်သူအများစု ကျန်းမာရေး ထိခိုက်မှုနှင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်လာကြောင်း လမ်းလျှောက်ပွဲတွင် ပါဝင်နေသူများက ထောက်ပြကြသည်။

မြစ်ရေညစ်ညမ်းမှုများကြောင့် သောက်၊သုံးရေများကို ပြည်သူလူထုအများစု ယုံယုံကြည်ကြည်အသုံးမပြုနိုင်တော့ဘဲ ၎င်းတို့၏ ကျန်းမာရေးကိုပါ ထိခိုက်လာနေသဖြင့် ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများက အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသည်။

ထို့ကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို စနစ်တကျ ကွပ်ကဲစီမံရန်နှင့် အကယ်၍ စီမံခန့်ခွဲမှု မရှိပါက သတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားပေးရန် ပြည်သူများက တောင်းဆိုထားကြသည်။

ဓာတ်ပုံ – ကိုသားစိုး