ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု တနင်္သာရီမှ တော်လှန်ရေးအင်အားစု များပြုလုပ်

June 19, 2026

ဓာတ်ပုံ - လောင်းလုံးပညာရေးဘုတ်အဖွဲ့ ၊ ပုလောပညာရေးဘုတ်အဖွဲ့ ၊ T 1 ၊ ဘုတ်ပြင်း ပကဖ ၊ TCSN။

တနင်္သာရီတိုင်း အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပညာရေးအဖွဲ့အစည်း အချို့က ယနေ့ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း က ရဲဘော်များမှ မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း တို့ ပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့နယ် ပညာရေးဘုတ်အဖွဲ့ ကလည်း မွေးနေ့အထိမ်းအမှတ် ကံ့ကော်ပင်စိုက်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

မြိတ်ခရိုင် ၊ ပုလောမြို့နယ်တွင်လည်း ပညာရေးဘုတ်အဖွဲ့၏ စီမံမှုအောက်ရှိ မြေပြင်ကျောင်းသုံးကျောင်းတွင်လည်း ကဗျာရွတ်ဆိုခြင်း ၊ ဆုတောင်းမေတ္တာပို့ခြင်း ၊ နှင်းဆီပန်းများ ပန်ဆင်၍ ဓာတ်ပုံ ကမ်ပိန်းများပြုလုပ်ခြင်း ၊ မွေးနေ့ကိတ် ခွဲခြင်းများ ပြုလုပ်ခဲ့သည် ။

ဘုတ်ပြင်းမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် နှင်းဆီပန်းပန်၍ ဓာတ်ပုံကမ်ပိန်း အဖြစ် ပါဝင်ခဲ့သည် ။

တနင်္သာရီတိုင်း စီဒီအမ်နိုင်ငံဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် (TCSN) ကလည်းမွေးနေ့အထိမ်းအမှတ် နှင်းဆီဓာတ်ပုံ ကမ်းပိန်း နှင့် ဆုတောင်းမေတ္တာပို့ခြင်း ကို ပြုလုပ်ခဲ့သည် ။

ယခုနှစ် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ သည် အသက် ၈၁ နှစ်မြောက်မွေးနေ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုများကြားမှ ၆ နှစ်မြောက်ပြုလုပ်ရသည့် မွေးနေ့ဖြစ်သည် ။

တော်လှန်ရေး အင်အားစုများက ဇွန်လ ၁၉ ရက်တွင် နှင်းဆီလှုပ်ရှားမှုပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် ၊ အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန်နှင့် နိုင်ငံတော်သမ္မတမှာ ဦးဝင်းမြင့်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း လက်ခံရန် စသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့ကြသည် ။

စစ်အုပ်စု ဘက်ကလည်း ဇွန်လ ၁၉ ရက် မတိုင်မီကတည်းက မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများတွင် ပါဝင်ပါက ဖမ်းဆီးထောင်ချမည်ဖြစ်ကြောင်း ၎င်းတို့၏ဝါဒဖြန့်ချန်နယ်အသီးသီးမှ ခြိမ်းခြောက်ထားသည်။