ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ မှ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် ထိုင်းနိုင်ငံ ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဗိုလ်မှူးချုပ် စောမုတ်သုန်ကို တရားရုံးက လူကုန်ကူးမှု သံသယဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းထောက်ကလည်း အတည်ပြုထားသည်။
ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ တရားရုံးက ဇူလိုင်လ ၂၇ ရက် ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် စောမုတ်သုန်သည် လူသုံးဦး သို့မဟုတ် သုံးဦးထက်ပိုသော နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့ကို ဖွဲ့စည်းပြီး လူကုန်ကူးရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဝရမ်းတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသားတစ်ဦးကို မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းထံသို့ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရာမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လူကုန်ကူးခံရသူများကို နိုင်ငံပြင်ပ ခေါ်ဆောင်မှု၊ ပို့ဆောင်မှု၊ လွှဲပြောင်းမှု သို့မဟုတ် လက်ခံထားမှုများတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသဖြင့် ရာဇဝတ်မှုဥပဒေနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သတင်းတွင်ပါရှိသည်။
ဖမ်းဝရမ်းသည် လာမည့် ၂၀၃၇ ခုနှစ်အထိ သက်တမ်းရှိမည်ဖြစ်ပြီး အကယ်၍ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို ဖမ်းဆီးရမိပါက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) သို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း BGF အဖွဲ့ခေါင်းဆောင် စောချစ်သူနှင့် စောမုတ်သုန်၊ စောတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ပေးရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က တရားရုံးထံ တောင်းဆိုခဲ့ဖူးသည်။
Ref: The Reporter, Transborder News







