ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်နှင့် ဆွေးနွေးမှုများ ကောင်းမွန်ဟု ထရမ့်ပြော

July 28, 2026

Source: Reutersဓာတ်ပုံ - Trump says US and Tehran having 'good talks' as drones hit Iran's neighbours | Reuters

အမေရိကန်နှင့် အီရန်အကြား ကောင်းမွန်သည့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး လက်ရှိပဋိပက္ခအတွက် သဘောတူညီချက်တစ်ရပ် ရနိုင်ခြေရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

သို့ရာတွင် အီရန်နှင့် ဆွေးနွေးမှုများ မအောင်မြင်ပါက အမေရိကန်အနေဖြင့် တိုက်ခိုက်မှုများ ပြန်စမည်ဟုလည်း ၎င်းက သတိပေးပြောဆိုခဲ့သည်။

ထရမ့်ဘက်က ယင်းသို့ အကောင်းမြင်သည့်သဘော ပြောဆိုမှုရှိသော်လည်း အီရန်ဘက်က တနင်္လာနေ့တွင် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံတို့ကို တနင်္လာနေ့တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

အချိန်ငါးလကြာမြင့်လာသည့် အီရန်စစ်ပွဲအတွင်း ထရမ့်၏ ယခုနောက်ဆုံး ထွက်ပေါ်လာသည့် မဟာဗျူဟာ အပြောင်းအလဲအနေဖြင့် အမေရိကန်က အီရန်အပေါ် နှစ်ပတ်ကြာပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို စနေနေ့တွင် ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာဖို့ အခွင့်အလမ်းကောင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရလဒ်ထွက်လာရင်တော့ ကောင်းတာပေါ့။ မထွက်လာဘူးဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေကို ပြန်လည်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

တနင်္လာနေ့က မစ်ရှီဂန်တွင် ပြုလုပ်သည့် ကမ်ပိန်းဟောပြောပွဲတစ်ခု၌ ထရမ့်က အီရန်အရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“သူတို့ကို တံစိုးလက်ဆောင် ပေးလို့ မရဘူး။ သူတို့ကို အနိုင်ယူမှ ရတယ်။ ကျွန်တော်တို့ သူတို့ကို အပြတ်အသတ် အနိုင်ယူမှာပါ။ ဒါပေမဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ကြည့်ရတာပေါ့။ အခုလောလောဆယ်မှာတော့ အင်မတန် ရင်းနှီးချစ်ကြည်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်ပေါ်နေပါတယ်” ဟု ထရမ့်က ပြောသည်။

အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်သတင်းစကား ပေးပို့မှုများကို ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် လုပ်ဆောင် နေဆဲဖြစ်ပြီး အီရန်အနေဖြင့် သံတမန်ရေးနည်းလမ်းကို စွန့်လွှတ်ခြင်း မရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

သို့ရာတွင် ဆွေးနွေးပွဲများ ပြုလုပ်ရန် အီရန်ဘက်က တောင်းဆိုခဲ့သည်ဆိုသော သတင်းများမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။

Source: Reuters

ဓာတ်ပုံ – Trump says US and Tehran having ‘good talks’ as drones hit Iran’s neighbours | Reuters