ပညာရေးဝန်ကြီးနုတ်ထွက်ပေးရန် ဆန္ဒပြသူများ၏ တောင်းဆိုချက်အပေါ် တုံ့ပြန်ရန် အိန္ဒိယအစိုးရဘက်က စနေနေ့ မွန်းလွဲပိုင်းအထိ အချိန်တောင်းထားသည်။
ဆန္ဒပြသူများနှင့် အစိုးရအကြား နှစ်ဖက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အစိုးရဘက်က ယင်းသို့ အချိန်တောင်းခံခြင်း ဖြစ်ကြောင်း ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှု ခေါင်းဆောင်များက သောကြာနေ့တွင် ပြောသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းပေါက်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသားတက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ်က ၎င်း၏ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ နှစ်ဖက်ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုနှင့် ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၂၀၁၄ ခုနှစ်တွင် အာဏာရရှိလာခဲ့ပြီးနောက်ပိုင်း ကြုံတွေ့ရသည့် အကြီးမားဆုံး လူထုစိန်ခေါ်မှုဖြစ်သည်။
အတိုက်အခံ နိုင်ငံရေးပါတီများကလည်း ဆန္ဒပြလူငယ်များ၏ တောင်းဆိုချက်ကို ထောက်ခံပူးပေါင်းခဲ့ကြပြီး ယခုသီတင်းပတ်အတွင်း စတင်ခဲ့သည့် ပါလီမန်၏ မိုးရာသီ အစည်းအဝေးကို ကန့်ကွက်ဆန္ဒပြကာ အဟန့်အတား ဖြစ်စေခဲ့သည်။
သောကြာနေ့ ဆွေးနွေးပွဲတွင် ဗဟိုအစိုးရဝန်ကြီး နှစ်ဦး တက်ရောက်ခဲ့ပြီး ဆန္ဒပြသူများဘက်က ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှု၏ ပြောခွင့်ရပုဂ္ဂိုလ်နှစ်ဦး တက်ရောက်ခဲ့သည်။
ပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် နုတ်ထွက်ရေးမှလွဲပြီး အခြားမည်သည့် သဘောတူညီချက်ကိုမျှ လက်ခံမည် မဟုတ် ကြောင်း အစိုးရထံ ပြတ်ပြတ်သားသား အသိပေးခဲ့ကြောင်း ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှုခေါင်းဆောင်များက ဆိုသည်။
ပညာရေးဝန်ကြီး နုတ်ထွက် မပေးပါက ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးသို့ ပိုမိုကျယ်ပြန့် ကူးစက်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သတိပေးလိုက်သည်။
Source: Reuters







