ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂွါဒီယိုလာကို အီတလီလက်ရွေးစင်အသင်း နည်းပြအဖြစ်ခန့်ဖို့ ဆွေးနွေးနေ

July 23, 2026

မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မာလာဂို ကိုယ်တိုင်က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ Sky Italia က ဖော်ပြထားပါတယ်။

အီတလီ ဒစ်ဂျစ်တယ် အားကစားမီဒီယာ Cronache di spogliatoio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တားဗျူးတစ်ခုမှာ ဥက္ကဋ္ဌ မာလာဂိုက ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ရှိနေပြီး တကယ်လို့ ဂွါဒီယိုလာဘက်ကသာ အလုပ်လက်ခံမယ်ဆိုရင် ဂွါဒီယိုလာ တောင်းဆိုထားတဲ့ လုပ်ခလစာငွေကို “ခြွင်းချက်” ထားပြီး ညှိနှိုင်းပေးနိုင်တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော် ယတိပြတ် ဘာတစ်ခုမှ မပြောနိုင်သေးပါဘူး။ ဂွါဒီယိုလာ လိုနည်းပြမျိုးကို အသင်းအတွက် လိုချင်ရင်တော့ ခြွင်းချက်တွေ ထားရှိပေးရပါလိမ့်မယ်။ ဒီအချိန်မှာ အသေးစိတ် ဘာတစ်ခု ပြောပြလို့ မရသေးပါဘူး။ ဂွါဒီယိုလာဘက်က အလုပ်လက်ခံမယ်၊ လက်မခံဘူးဆိုတာ မသေချာသေးလို့ပဲ ဖြစ်ပါတယ်” လို့ မာလာဂိုက ပြောကြားခဲ့ပါတယ်။

အီတလီအသင်းဟာ သမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်တိုက် လွဲချော်ခဲ့ရအပြီးမှာ အသင်းနည်းပြ ဂတ်တူဆို ရာထူးကနေ နုတ်ထွက်သွားခဲ့လို့ လက်ရှိအချိန်မှာ နည်းပြလက်မဲ့ ဖြစ်နေပါတယ်။

ဂွာဒီယိုလာအပြင် တခြား နာမည်ကြီး နည်းပြတွေကိုလည်း အီတလီအဖွဲ့ချုပ်က ထည့်သွင်းစဉ်းစားနေတယ်လို့ ဆိုပါတယ်။ မန်ချီနီ နဲ့ ပီယာလို တို့ဟာလည်း အီတလီနည်းပြသစ် လျာထားစာရင်းထဲမှာ ပါဝသ်နေပါတယ်။

“အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မဆိုလိုပါဘူး။ အလားအလာရှိတဲ့သူအားလုံးကို ကျွန်တော်တို့က ထည့်သွင်းစဉ်းစားသွားမှာပါ” လို့ မာလာဂိုက အသိပေးခဲ့ပါတယ်။

ဂွါဒီယိုလာဟာ အီတလီမှာ နည်းပြအဖြစ် လုံးဝ မလုပ်ကိုင်ဖူးသေးပေမယ့် အီတလီဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်တဲ့အပြင် အီတလီကလပ်အသင်းတွေဖြစ်တဲ့ ဘရက်စ်ရှားနဲ့ ရိုးမားတို့ဆီမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။

PepGuardiola #ItalyNationalTeam #FIGC #SerieA #WorldCup