အာဂျင်တီးနားနိုင်ငံ မာဒယ်ပလာတာ မြို့က မိခင်နဲ့ ကလေးဆေးရုံမှာ မက်ဆီရဲ့ ၃၉ နှစ်ပြည့် မွေးနေ့နဲ့ ထပ်တူကျပြီး မွေးဖွားလာခဲ့တဲ့ သမီးဖြစ်သူကို သူ့ရဲ့မိဘတွေ မက်ဆီယာ လို့ နာမည်မှည့်ခေါ်လိုက်ကြပြီ ဖြစ်ပါတယ်။
ကလေးရဲ့ဖခင်ဖြစ်တဲ့ အီလီယပ်စ် က ဒါဟာ မိသားစုအတွက် ကောင်းချီးပေးခံရမှုတစ်ခုလို့ မှတ်ယူကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒီလိုမျိုး အခိုက်အတန့်တစ်ခု ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့တာပါ။
အီလီယပ်စ်ရဲ့ဇနီးဟာ သူတို့ရဲ့ သမီးငယ်လေးကို ဇွန်လ ၂၄ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနေ့ဟာ ကမ္ဘာ့ဘောလုံးကြယ်ပွင့် မက်ဆီရဲ့အသက် ၃၉ နှစ် ပြည့် မွေးနေ့ဖြစ်ခဲ့ပြီး ကလေးငယ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မွေးဖွားဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပေမဲ့ ဘယ်သူမှ ကြိုတင်မစီစဉ်ထားဘဲ ရက်ရွှေ့ဆိုင်းသွားခဲ့ရာကနေ အခုလို မက်ဆီရဲ့မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ လာမွေးဖွားခဲ့တာ ဖြစ်တယ်လို့လည်း အီလီယပ်စ်က ပြောသွားခဲ့ပါတယ်။
ဖခင်ဖြစ်သူ အီလီယပ်စ်ဟာ သူတို့ဇနီးမောင်နှံဟာ သမီးအတွက် ကြိုတင်ရွေးချယ်ထားပြီးသား နာမည်ရှိခဲ့ပေမယ့် မက်ဆီရဲ့ ၃၉ နှစ်ပြည့်မွေးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် မွေးဖွားလာခဲ့ပြီးတဲ့နောက် သူတို့ စဉ်းစားထားတဲ့နာမည်ကို ပြောင်းလဲပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူက ဆေးရုံကုတင်ပေါ်မှာရှိနေတဲ့ ဇနီးဖြစ်သူ ဘရီဆာ ကို သမီးလေးအတွက်”အိုင်ဟိုအာ မက်ဆီယာ အဂီလာ (Ainhoa Messia Aguilar)” လို့ နာမည်သစ်ရွေးထားတဲ့အကြောင်းကို ပြောပြပြီး တိုင်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဆေးရုံအခန်းထဲ ရောက်ရှိနေတဲ့ တခြား မိခင်တွေကလည်း ဒီနာမည်ဟာ ဒီသမီးလေးအတွက် အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။
မိခင်ဖြစ်သူ ဘရီဆာက အစပိုင်းမှာတော့ ဒီနာမည်ဟာ သူမအတွက် အနည်းငယ် ထူးဆန်းနေသလို ခံစားခဲ့ရတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ “Messia” ဆိုတဲ့ စကားလုံးက ဟီဘရူး ဘာသာစကားအရ”ဘိသိက်ပေးခံရသူ သို့မဟုတ် ကောင်းချီးပေးခြင်းခံရသူ” လို့ အဓိပ္ပာယ်ရကြောင်း သိရှိသွားခဲ့အပြီးမှာတော့ ဒီနာမည်ကို လက်ခံဖို့ သူမအနေနဲ့ သဘောတူ လက်ခံလိုက်ကြောင်း ဘရီဆာ က ပြောသွားခဲ့ပါတယ်။







