ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင်ဟောင်းအဖြစ် ရပ်တည်ခဲ့တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေးရဲ့စံချိန်ကို နောက်ထပ်အမီလိုက်နိုင်သူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အခုတစ်ယောက်ကတော့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေပဲ ဖြစ်ပါတယ်။
ပြင်သစ်က အီရတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ အမ်ဘတ်ပေက အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတစ်လျှောက် ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုး ပြည့်သွားခဲ့ပါတယ်။
လက်ရှိမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားပြီဖြစ်ပြီး အမ်ဘတ်ပေဟာ မက်ဆီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်ကို လိုက်မီဖို့ နှစ်ဂိုးသာ လိုအပ်ပါတော့တယ်။
ဒါကြောင့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ ဘယ်သူက ဂိုးပိုသွင်းနိုင်လေမလဲဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။
အမ်ဘတ်ပေဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုမှာ ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း ၁၆ ပွဲ ကစားပြီးတဲ့အခိုက် ကမ္ဘာ့ဖလားသွင်းဂိုးပေါင်း ၁၆ ဂိုး ပိုင်ဆိုင်ရရှိခဲ့လို့ ဒါဟာ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး တစ်ဂိုးနှုန်းအနေအထားဖြစ်နေပါတယ်။
အမ်ဘတ်ပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက သွင်းဂိုး လေးဂိုး၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ရှစ်ဂိုး၊ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ် နှစ်ပွဲ ပါဝင်ကစားပြီးစဉ်အခိုက် သွင်းဂိုး လေးဂိုး ရရှိထားပါတယ်။
အမ်ဘတ်ပေ ဟာ ပြင်သစ်က ဆီနီဂေါကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး၊ ပြင်သစ်က အီရတ်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ နောက်ထပ် နှစ်ဂိုး သွင်းယူခဲ့ပြီး လက်ရှိမှာ ပြင်သစ်အသင်းကလည်း ၃၂ သင်းအဆင့်ဆီ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။







