စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဒေသခံတို့၏ နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ တန်ဖိုးရှိ ရွှေငွေ၊ ဆိုင်ကယ်မှအစ အိမ်တွင်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်များပါမကျန် အဓမ္မ လုယက်ယူဆောင်ခံရခြင်းတို့ကို တနင်္သာရီတိုင်းက ပြည်သူများ ရင်ဆိုင်နေရသည်။
ပစ္စည်းများယူဆောင်၍မရပါကလည်း ရိုက်နှက်ဖျက်ဆီးသွားလေ့ရှိရာ ချွေးနည်းစာဖြင့် ရှာဖွေစုဆောင်းထားသည့် ပြည်သူများ၏ ပိုင်ဆိုင်မှုအားလုံးမှာ တစ်ခဏအတွင်းမှာပင် ဆုံးရှုံးသွားရသည်။
ယင်းပိုင်ဆိုင်မှုများမှာ အလွယ်တကူ ရရှိခဲ့သည့်မျိုး မဟုတ်ဘဲ မိသားစုဝင်များ ဘဝတစ်ခုလုံးနီးပါး အားစိုက်ကြိုးစားရှာဖွေထားရခြင်းဖြစ်သည်။
ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ သွားရောက်လုပ်ကိုင်ပြီးမှ ရရှိလာသည့် ဥစ္စာပစ္စည်းများလည်းဖြစ်သည်။
သို့သော် ယင်းပိုင်ဆိုင်မှုများမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းတစ်ခေါက် ဝင်ရောက်လာချိန်တွင် အရာအားလုံး ပျက်စီးဆုံးရှုံးသွားကြရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖျက်ဆီးလုယက်နေသော အခြေအနေများကို သိရှိနိုင်ရန် ကိုယ်တိုင်ကြုံတွေ့သူများ၊ မျက်မြင်များကို မေးမြန်းပြီး ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။
“တို့အိမ်တွေမှာဆို အိမ်ခွံပဲကျန်ပြီ”
တနင်္သာရီမြို့နယ်၊ မောတောင်မြို့ခံတစ်ဦး
DW။ မောတောင်မှာက အိမ်တွေဘယ်လိုပုံစံနဲ့ ဖောက်ခံရတာလဲ။
ဖြေ။ မောတောင်ကို သူတို့စစ်တပ်က ပြန်ဝင်သိမ်းပြီးကတည်းက မြင်တဲ့အတိုင်းပဲ တစ်ရွာလုံးစာ အချို့ အရင်လက်ထက်က အလုပ်လုပ်တဲ့သူဆိုလား၊ အုပ်ချုပ်ရေးမှူးလုပ်ထားသူတွေဆိုလား အားလုံးအကုန် သူတို့စစ်တပ်နဲ့ ခုံတွေသယ်၊ ပစ္စည်းတွေသယ်၊ အကုန်သယ်တယ်။ တော်တော်များများအိမ်တွေ အကုန်ဖောက်ခံရတယ်။ တော်တော်များများအိမ်တွေ ဘာကျန်သေးလို့လဲ။ တို့အိမ်တွေမှာဆို အိမ်လောက်ပဲကျန်တော့တယ်။ ဘာမှကို မကျန်တော့ဘူး။ အိမ်ခွံဆိုလည်း အိမ်ခွံပဲ။ အိုး၊ ခွက်၊ တောင်း၊ ပန်းကန်၊ ဟင်းစား၊ စတီးခုံတွေ၊ ထမင်းစားစားပွဲတွေ၊ ဗီရိုတွေ၊ ရေခဲသေတ္တာတွေ၊ အဝတ်လျှော်စက်တွေ၊ ပက်လက်ကုလားထိုင်တွေဆို ၈ လုံးရှိတယ်။ ပြီးတော့ ကုတင်တွေ တစ်ခုမှမကျန်တော့ဘူး။ ဖောက်ခံရတဲ့အိမ်က တော်တော်များများပါတယ်။ မနည်းဘူး။ မောတောင်ထဲမှာ အိမ်တွေတော်တော်များများ ဖောက်ခံရတယ်။ သူတို့ဘက်က အိမ်တွေလည်းပါတယ်ဆိုပေမဲ့ ပြောလို့မရဲလို့သာ၊ အကြောက်တရားနဲ့ အုပ်ချုပ်ထားတယ်ဆိုတော့လည်း ဘယ်သူက ဘာပြောရဲမလဲ။ သူတို့က စစ်တပ်ဘက်ခြမ်းကဆိုတော့ သိတဲ့အတိုင်းပဲ။ လက်နက်မြင်ထားရင် ဘယ်သူမှ ပြန်မပြောရဲဘူးလေ။ ဒေသမှာ တော်တော်များများ ဈေးဆိုင်တွေလည်း ကုန်ပြီ။ တော်တော်များများဈေးဆိုင်တွေလည်း ဘာမှမရှိတော့ဘူး။ အခုနောက်မှ နည်းနည်းပါးပါး ပြန်ဝယ်ပြီး ပြန်ရောင်းနေရုံလောက်ပဲရှိတယ်။
DW။ ကိုယ့်အိမ်ဖောက်ခံရချိန်မှာ ဘာမှမရှိတော့ဘူးလို့ သိသွားချိန်မှာ ဘယ်လိုခံစားရလဲ။
ဖြေ။ ဘယ်လိုခံစားရမလဲ။ စိတ်မကောင်းဘူးပေါ့နော်။ ကိုယ်တွေက ပြည်သူလေ။ ကိုယ့်ရပ်ကိုယ့်ရွာအတွက် ဝင်လုပ်ခဲ့ကြတယ်လေ။ လက်နက်ကိုင် အဖွဲ့အစည်းမှ မဟုတ်တာလေ။ အိမ်မှာရှိသမျှ အကုန်ပါသွားတယ်။ ကိုယ်ပိုင်ပစ္စည်းတွေ ပါသွားတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ စိတ်မကောင်းဖြစ်တာကလွဲပြီးရင် ဘယ်သူ့ကိုမှလည်း ပြောလို့မရဘူး။ စစ်ကောင်စီကို ပြန်ပြောရဲတဲ့သူ ဘယ်သူရှိလို့လဲ။ တော်ရုံတန်ရုံဆို ပြန်ပြောကြည့်ပါလား၊ အကြောင်းအမျိုးမျိုးပြပြီး ဆွဲမှာပေါ့။
DW။ အိမ်နီးနားဝန်းကျင်မှာရှိတဲ့ အိမ်တွေဖောက်ခံရတော့ ဘယ်လိုဖြစ်နေကြလဲ။
ဖြေ။ အားလုံး ဖောက်ခံရတဲ့လူတော်တော်များများက စိတ်မကောင်းကြဘူး။ ပြန်ပြောလို့လည်း မရဘူး၊ သူတို့က အကြောက်တရားနဲ့ အုပ်ချုပ်နေတာ။ ခုဆိုရင် သေနတ်တစ်ကားကားနဲ့ ရွာထဲမှာ အားလုံးတော်ရုံတန်ရုံ အောက်ခြေလူတန်းစားတွေဆိုရင် လက်နက်ကိုင် ပြည်သူ့စစ်လုပ်မလား၊ စစ်မှုထမ်းမလား အားလုံးသူတို့တွေကို ခေါ်ထည့်၊ ခေါ်ထည့်ပြီးတော့လုပ်နေတာဆိုတော့ တော်ရုံတန်ရုံ ပြည်သူ့စစ်ဝင်လုပ်လိုက်တဲ့သူဆို ပိုဆိုးတယ်။ တစ်နေ့လုပ်၊ တစ်နေ့စား၊ ကုမ္ပဏီက ထွက်လာတဲ့လူတွေပေါ့။ အခုအောက်ခြေ ပြည်သူ့စစ်လုပ်နေသူ အများအားဖြင့်က သူတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ သွားစရာလည်း နေရာမရှိ၊ ပြေးစရာလည်း နေရာမရှိ၊ စားစရာလည်း ဆန်မရှိဘူးဆိုတော့ ရရာကို ဝင်လုပ်ရတယ်။ အဲဒီလိုလူတွေကျတော့ ပိုဆိုး၊ ရှိသမျှအိမ်တွေမှာ အကုန်ဖောက်၊ အကုန်လိုက်ယူ၊ အဲဒါက လူကြီးပိုင်းတွေကိုယ်တိုင်ကအစ ဖောက်ခိုင်းနေတယ်။ လိုသလောက်ယူ၊ အကုန်ယူဆိုပြီး စစ်တပ်က ကြီးကြီးမားမား အထည်ကြီးတွေ အရင်ယူတယ်။ အထည်ကြီးတွေယူပြီး အထည်သေးတွေကျတော့ ဒေသက သူခိုးတွေက ပြန်ယူတယ်။
DW။ အခုဆိုရင် ကိုယ်လက်ကိုယ်ခြေနဲ့ လုပ်ထားတဲ့ပစ္စည်းတွေ ဆုံးရှုံးသွားတော့ အစ်ကို့အနေနဲ့ရော မိသားစုအနေနဲ့ရော ဘယ်လိုဖြစ်နေကြလဲ။
ဖြေ။ သိလိုက်ရတဲ့ချိန်မှာ မျက်ရည်ကျတယ်။ စိတ်မကောင်းဖြစ်ရတာပေါ့။ မိန်းမတွေ၊ သားမယားတွေကျတော့ ပိုစိတ်မကောင်းဖြစ်တာပေါ့။ ကိုယ်က ယောက်ျားဆိုတော့ တတ်နိုင်သလောက် ထိန်းသိမ်းနိုင်သေးတယ်။ ဒါပေမဲ့ စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်ပေါ့။ ဒေသအတွက် ကောင်းအောင်လုပ်ပေးရက်နဲ့ ဒီလိုဖြစ်ရတာ။ အခုလက်ရှိ ဒေသမှာ စစ်ကောင်စီ ပြန်ဝင်လာချိန်မှာ လူကြီးတွေက အသုံးမကျဘူး။ ဒီလူကြီးတွေကပဲ ခိုးပါ၊ ယူပါ ပြောနေမှတော့ ဒေသကို ဘယ်လိုအုပ်ချုပ်မလဲ။ ဘယ်လိုစိုးမိုးမလဲ။ တကယ်တမ်း ဒေသကို ပျော်ရွှင်ချင်တယ်၊ စိုးမိုးချင်တယ်ဆိုရင် ဒေသကို ကောင်းအောင် သူတို့က ထိန်းသိမ်းပေးရမယ်။ တကယ်လို့ သူခိုးတွေသောင်းကျန်းနေရင်တောင်မှ ခိုးမရအောင် ဟန့်တားပြီး ကူညီစောင့်ရှောက်ပေးရမယ်လေ။ လူကြီးတွေကိုယ်တိုင်က ခိုးခိုင်းနေမှတော့ အဲဒီဒေသက ဘာသွားသုံးရဦးမလဲ။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှလည်း လုပ်မရဘူး။
DW။ အခုလက်ရှိအခြေအနေကရော ဘယ်လိုဖြတ်သန်းနေကြလဲ။
ဖြေ။ ခုလက်ရှိအခြေအနေမှာတော့ ထိုင်းနိုင်ငံဘက်ကို ခိုလှုံပြီး ဖြတ်သန်းနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ဒေသဖြစ်တဲ့အတွက် အရင်ကတည်းက ပတ်စ်ပို့တွေက ရှိပြီးသားလေ။ ရှိပြီးသားဆိုတော့ ထိုင်းဘက်ကိုပဲ ကူညီတောင်းပြီး ထိုင်းဘက်ခြမ်းမှာ အဆင်ပြေသလိုပဲ ဖြတ်သန်းနေကြတယ်။ တော်တော်များများ လူတွေအားလုံး ထိုင်းဘက်ခြမ်းမှာပဲ ခိုလှုံတာများတယ်။ ဒါပေမဲ့ ကိုယ်တွေက တော်သေးတာပေါ့။ ဘတ်တွေ၊ ပတ်စ်ပို့တွေ ရှိနေလို့။ တချို့တွေက တော်တော်ခက်ခဲတယ်။ မောတောင်ထဲမှာ စစ်ဘေးရှောင်လာကြတဲ့သူ တချို့ဆိုရင် မိသားစုတွေ ဘတ်လည်းမရှိ၊ ဘာလည်းမရှိနဲ့ အဲဒီအခက်အခဲတွေ ကြုံနေရတယ်။
“ပစ္စည်းယူဆောင်လို့မရရင်လည်း တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့တာပဲလေ။ ရိုက်ခွဲခဲ့တယ်လေ ပန်းကန်တွေဘာတွေဆို ဖျက်ဆီးခဲ့တယ်”
သရက်ချောင်းမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦး
DW။ ဒီတစ်ခေါက် စစ်ကြောင်းထိုးတာ အခုလက်ရှိယူဆောင်သွားတဲ့အထဲမှာ ဘာတွေပါသွားလဲ။
ဖြေ။ တန်ဖိုးကြီးကြီးဆို စလောင်းစက်တွေ၊ အဝတ်အစားတွေပါတယ်။ ကျွန်မလည်း မရှာနေတော့ဘူး၊ အိမ်မှာ အခုထိ မကောက်ရ၊ မသိမ်းရသေးဘူး။ ဘာတွေပါသွားလဲမသိဘူး။ အခုထိကို မကြည့်ရသေးဘူး။ ပါချင်တာပါပစေ ပွစာကျဲနေတာပဲ။ အခုထက်ထိလည်း ပွစာကျဲနေတယ်။ ကလေးတွေရဲ့ ဆံပင်ဆွဲတဲ့စက်တွေ ဘာတွေပါတယ်။ သုံးဘီးကတော့ သရက်နှစ်ခွမှာ သွားယူလာတယ်။ ဝမ်းကွဲညီမဟာလေ။ နောက်ပြီး ရွာထဲကဟာက တစ်စီး၊ ဆိုင်ကယ်က တစ်စီး ပြန်ရလာတယ်။ ကျန်တဲ့လူတွေမှာ ပိုက်ဆံနဲ့ထုတ်ရတယ်။
DW။ သုံးဘီးသွားထုတ်ရာမှာ ညီမပါတယ်ပေါ့၊ ဒါဆို ဘယ်လိုပြောပြီး သွားထုတ်လဲ။
ဖြေ။ သုံးဘီးပြန်လာယူလို့ ပြောလို့ လာယူတယ်ပေါ့နော်။ အဲဒီလိုပြောတယ်။ သူတို့က ဟုတ်တယ်တဲ့၊ ပြောခဲ့တယ်တဲ့။ အဲဒါနဲ့ ကျွန်မတို့ လာယူတယ်လို့ သုံးဘီး၊ အဲဒီလိုဆိုလည်း ရွာထဲမှာလူမရှိလို့ ယူလာတာတဲ့၊ ပိုင်ရှင်မှန်ရင် ယူဆောင်သွားတဲ့။ အဲဒါနဲ့ ကျွန်မတို့လည်း ယူလာတယ်ပေါ့နော်။
DW။ ဆိုင်ကယ်တွေထုတ်တာက ဘယ်လောက်ပေးရလဲ။
ဖြေ။ ၉ သိန်းပေးရတယ်လို့ပြောတယ်။ ကားတစ်စီးကိုတော့ သိန်း ၉၀ ပေးရတယ်လို့ပြောတယ်။ ဟုတ်လား၊ မှန်လား မသိဘူး။ ကျွန်မတို့ရွာက သွားထုတ်တာကတော့ တစ်ကျပ်မှ မပေးရဘူး။
DW။ အရင်အခေါက်တွေတုန်းကရော ညီမတို့အိမ်မှာ ဘာတွေပါသွားတာရှိလဲ။
ဖြေ။ ဟိုတစ်ခေါက်တုန်းက စားစရာသောက်စရာတွေ ပါသွားတယ်။ အိမ်မှာ ဖျက်ဆီးပစ်ခဲ့တယ်။ ပထမတစ်ခေါက် မီးရှို့တဲ့အခေါက်မှာ မပါဘူး၊ ဒီတစ်ခေါက်မှာမှ ပြန်ပါတယ်။
DW။ အရင်တစ်ခေါက်တုန်းက ညီမတို့အိမ်မှာ ပစ္စည်းတွေပါသွားတာ အစ်မကိုပြောဖူးတယ်။ ရေခဲသေတ္တာတွေပါတယ်ဆိုတာလေ။
ဖြေ။ ရှင်ရှင်၊ အဲဒီတုန်းက ကလေးပစ္စည်းတွေရော အကုန်လုံးပဲ ယူဆောင်သွားတာ။ အောက်ခန်းက ဗီရိုတစ်လုံးဆို သိန်း ၃၀ လောက်တန်တယ်။ အဝတ်အစားတွေလည်း အပြည့်ပဲ။ ကျွန်မမှာ ကလေးတွေရဲ့ လက်တော့ပ်တွေပါတယ်။ ဖုန်းတွေပါတယ်။ ပါသွားတာများများကြီး အဲဒီတုန်းကဆို။ လက်တော့ပ်က ၁၂ သိန်းလောက်တော့ရှိတယ် ကျွန်မဟာလေ။ ရေခဲသေတ္တာတစ်လုံးလည်း ၄၈ သိန်းလောက်ရှိတယ်။ ရေခဲသေတ္တာက အကြီးကြီးပဲ၊ ဒီတစ်ခါနဲ့ဆို ၉ ခါရှိပြီ။
DW။ ဒါဆို အခုလို စစ်ကြောင်းထိုးတဲ့အခါတိုင်း သူတို့ယူနေတာ ညီမတို့အနေနဲ့ဆို ဒီအပေါ်မှာ ဘယ်လိုမြင်လဲပေါ့နော်။
ဖြေ။ မလုပ်ခိုင်းချင်ဘူးပေါ့နော်၊ ပြည်သူတွေဟာကို။ ခက်တာက သူတို့ကလည်း ပြောလိုက်ရင် လူမရှိလို့ သူတို့ယူတယ်လို့ အဲဒီလိုပြောတယ်။ အဲဒါနဲ့ ကျွန်မတို့ကလည်း မနေရဲဘူး သူတို့ကိုကြောက်လို့။ မလုပ်စေချင်ဘူးပေါ့နော်။ သက်သက် ရလိုမှုကြောင့် ဖြစ်နေပြီလားလို့။ ရွာထဲဝင်ပြီး လူတိုင်းလိုလို သက်သက်မဲ့ ယူဆောင်တာဖြစ်သွားပြီပေါ့။
DW။ အခု ညီမတို့အိမ်မှာ ရေခဲသေတ္တာတွေဘာတွေ ပြန်ဝယ်ထည့်ဖြစ်လား။
ဖြေ။ ဘာမှကို ဝယ်မထည့်ဖြစ်ဘူး။
DW။ တခြားရွာသားတွေရော ဒီလိုမျိုး ရွာသားတွေရဲ့ ပစ္စည်းတွေ ဝင်ယူနေတာနဲ့ပတ်သက်ပြီး ဘာပြောတာရှိလဲ။
ဖြေ။ အဲဒီလိုပဲပေါ့၊ ကျွန်မတို့လိုပဲပေါ့။ သူတို့က ရလိုမှုနဲ့ယူနေတာဖြစ်နေလို့ ပစ္စည်းယူဆောင်လို့မရရင်လည်း တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့တာပဲလေ။ ရိုက်ခွဲခဲ့တယ်လေ ပန်းကန်တွေဘာတွေဆို ဖျက်ဆီးခဲ့တယ်။ လူတွေမှာလည်း အိမ်တစ်ဆောင် ပြန်ဆောက်ဖို့က မလွယ်ဘူး။ လူတွေကလည်း အဲဒီလိုဆို အိမ်နဲ့မနေဖူးဘူး။ အဲဒီလိုပဲ ပြောနေကြတယ်။ တိုက်နဲ့လူကလည်း တိုက်ပေါ့၊ ဝါးလုံးအိမ်ဆိုလည်း ဝါးလုံးအိမ်ပေါ့၊ သူ့အားနဲ့သူ တန်ရာတန်ရာပေါ့လေ။ အဲဒီလိုဆိုတော့ မဖြစ်စေချင်ဘူးပေါ့နော်။
“ကျွန်တော်တို့အနေနဲ့ဆိုရင် အကြမ်းဖက်ခံရတယ်လို့ ဆိုချင်တယ်ပေါ့နော်”
ဒေသခံအမျိုးသားတစ်ဦး၊ ပခပ်ရွာ၊ ထားဝယ်အရှေ့တောဒေသ
DW။ အစ်ကိုတို့ရွာဘက်မှာလေ စစ်ကြောင်းဝင်လာချိန် ပစ္စည်းတွေယူတာမျိုး၊ ဆိုင်ကယ်တွေယူတာ၊ စားနပ်ရိက္ခာတွေယူတာမျိုးတွေ ရှိလား။
ဖြေ။ အစတုန်းက နိုင်ငံရေးစဖြစ်တုန်းကတော့ အဲဒီလိုမျိုးတွေရှိတယ်။ နောက်ပိုင်းမှာတော့ မရှိဘူး။ အခု ၁ နှစ်၊ ၂ နှစ်လောက်မှာတော့ အဲဒီလိုမျိုးယူတာတွေ မရှိဘူးခင်ဗျ။ ကျွန်တော်တို့ရွာဘက်မှာပြောတာနော်။ ဟိုတလောက ဥယျာဉ်ကြီး၊ အညာဖျားဘက်မှာဆို တော်တော်များများ ယူဆောင်သွားတာရှိတယ်ခင်ဗျ။ ကျွန်တော်တို့ ပကရီကနေ ဟိုအထက်ပိုင်း မေတ္တာအထိကတော့ အခုနောက်ပိုင်းမှာ ယူတာအသံမကြားရဘူး။ ဥယျာဉ်ကြီး၊ အညာဖျားမှာ ၈ လပိုင်း ၅ ရက်နေ့တုန်းကတော့ စစ်သားတွေ ယူဆောင်သွားတာရှိတယ်။ ကား ၅ စီး၊ ၆ စီးနဲ့ကို သယ်တယ် သူတို့လေ။ တော်တော်များများတော့ ယူဆောင်သွားတယ်၊ အိမ်တွင်းပစ္စည်းတွေပေါ့။
DW။ ဘယ်လိုပစ္စည်းတွေပါလဲ အဲဒီအထဲမှာဆိုရင်။
ဖြေ။ ဆိုင်ကယ်တွေပါတယ်ခင်ဗျ။ တန်ဖိုးကြီးပစ္စည်းဆိုရင် ဆိုင်ကယ်ပါတယ်၊ ရွှေလည်းပါတယ်၊ နောက်ပြီးတော့ ရေခဲသေတ္တာတွေပါတယ်၊ စက်သုံးဆီပေပါတွေလည်း ပါသွားတယ်။ တော်တော်များများပါတယ်။ နောက်ပြီး အိမ်တွင်းပစ္စည်းကတော့ သေးသေးမွှားမွှားကအစ ယူတယ်လို့ပြောတယ်လေ၊ အိမ်ရှင်ပြောတာကတော့လေ။ ကားလည်းယူတယ်၊ ကျွန်တော်အသံကြားတာကတော့ (စက်သုံးဆီပေပါ) အလုံး ၁၀၀ လောက်ကို ပါတယ်လို့ပြောတယ်။ ဆီပါတာတွေလား အခွံတွေလားတော့ မသိဘူး။ ကားနှစ်စီးနဲ့ တင်ဆောင်လာတယ်ဆိုတော့ ကျွန်တော်က ၁၀ ကျော်လောက်တော့ သတ်မှတ်ထားတယ်။
DW။ ခုနက အစ်ကိုပြောတဲ့အထဲမှာ သေးသေးမွှားမွှားတွေကအစ ယူတယ်ဆိုတာပါတယ်။ သေးသေးမွှားမွှားဆိုတာ ဘယ်လိုပစ္စည်းတွေကိုပြောတာလဲ။
ဖြေ။ ထမင်းပေါင်းအိုးတွေပေါ့၊ မြက်ခုတ်စက်တို့ အဲဒီလိုဟာမျိုးတွေလည်း ပါသေးတယ်။ ရေခဲသေတ္တာတွေဘာတွေလည်း တန်ဖိုးရှိတယ်ပေါ့နော်။ အကုန်လုံးကတော့ သူ့တန်ဖိုးနဲ့သူ ရှိတယ်ပေါ့။
DW။ အစ်ကိုတို့အိမ်မှာရော အဲဒီလိုမျိုး ပစ္စည်းတွေယူခံရတဲ့အထဲမှာ ပါဖူးလား။
ဖြေ။ ကျွန်တော်အိမ်မှာတော့ မပါဘူး၊ ကျွန်တော်အမေအိမ်မှာတော့ ပါဖူးတယ်။ ကားလမ်းမတန်းက အိမ်တွေမှာဆို အစားအသောက်တွေကအစ ယူဆောင်တယ်။ ဆီတွေ၊ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေယူတယ်ပေါ့။ နောက်ပြီး မြက်ခုတ်စက်တွေယူတယ်၊ အိမ်သုံးဖို့ သစ်တွေပေါ့၊ မုန့်ပဲသရေစာတွေပေါ့ အဲဒါတွေယူတယ်။ အဝတ်ချုပ်စက်၊ ကျောင်းသားလွယ်အိတ် ခင်ဗျ။ အဲဒါဆို ၂၀၂၂ ပေါ့။
DW။ စစ်တပ်က ယူတာပဲလား၊ သူခိုး ခိုးတာလား။
ဖြေ။ အဲဒီတုန်ုးက သူခိုး ခိုးတာမဟုတ်ဘူး။ အဲဒီတုန်းက စစ်တပ်ကယူတာ။ ၂၀၂၃၊ ၂၀၂၄ တွေမှာလည်း သူတို့အိမ်မီးရှို့တာတွေ ရှိတယ်နော်။ အခုအေးနေတာ ၂ နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ သင်္ကန်းတုံးတို့၊ ဝကုန်းတို့ဆို အခု ၂၀၂၃၊ ၂၀၂၄ အထိကို ပစ္စည်းတွေက ယူနေတုန်းပဲ။
DW။ အဲဒီတော့ စစ်ကြောင်းဝင်လာချိန် အခုလို ဒေသခံပစ္စည်းတွေယူတဲ့အပေါ် ဒေသခံတွေအနေနဲ့ဆို ဘယ်လိုမြင်လဲ။
ဖြေ။ ကျွန်တော်တို့အနေနဲ့ဆိုရင် အကြမ်းဖက်ခံရတယ်လို့ ဆိုချင်တယ်ပေါ့နော်။ ကျွန်တော်တို့ပေးတာလည်း မဟုတ်ဘူး။ သူတို့ဘာသာသူတို့ အဓမ္မခိုးယူသွားတာကိုး။ အဲဒီတော့ ကျွန်တော်တို့က သူတို့အကြမ်းဖက်တာ ခံလိုက်ရတယ်ပေါ့၊ အဲဒီလိုမျိုး ပြောချင်တယ်ပေါ့။
“ထိုင်းမှာ လေးငါးဆယ်နှစ်နေပြီး လုပ်စားထားတာတွေ အခုဘာမှကို မကျန်တော့ဘူးရှင်”
ကုန်စုံဆိုင်ရှင်တစ်ဦး၊ လောင်းလုံးမြို့နယ်
DW။ စစ်တပ် စစ်ကြောင်းထိုးလာတဲ့အချိန်က အစ်မတို့အိမ်ကို ရိုက်ဖျက်ပြီး အိမ်ထဲကပစ္စည်းတွေ တော်တော်များများ ယူဆောင်သွားတယ်လို့သိရတယ်။ အဲဒီအခြေအနေပြောပြပေးပါ။
ဖြေ။ ကျွန်မတို့အိမ်မှာ ဝင်ယူတာက တစ်ခါတည်းမဟုတ်ဘူး။ စစ်ကြောင်းထိုးလာတိုင်း ကျွန်မတို့အိမ်မှာ လာလာနေတာ။ နေပြီးရင် အိမ်ထဲမှာရှိတာတွေ အကုန်စားသောက်ပစ်တာ။ ကျွန်မတို့က ဆိုင်ရောင်းတာဆိုတော့ ဆန်ဆိုလည်းဆန်၊ ဆီဆိုလည်းဆီ အကုန်လုံးအဆင်သင့် သူတို့တစ်လလောက်စားတာတောင် မကုန်ဘူး။ အိမ်ထဲမှာဝင်နေပြီး ယူစားတာက ဘာမှမဖြစ်ဘူး။ သူတို့ပြန်ပြီဆိုရင် ရှိတာအကုန် ယူသွားသေးတယ်။ သူတို့သယ်လို့ရတာတွေ အကုန်သယ်တယ်။ ကားနဲ့သယ်လို့ရတာသယ်တယ်။ ဆိုလာပြားတွေ အကုန်သယ်တာ။ သယ်လို့မရတာတွေဆိုရင် ဖျက်ဆီးထားတာတွေမနည်းဘူး။ ကျွန်မအမျိုးသား အဝတ်အစားတွေဆိုရင် အကောင်းစားတွေချည်း ရွေးပြီးယူသွားတာ။
DW။ စစ်ကြောင်းထိုးလာတိုင်း အိမ်မှာဝင်နေတာဆိုတော့ ဘယ်နှခါလောက်ရှိလဲ။ ပြီးတော့ ဆုံးရှုံးမှုကရော ဘယ်လောက်ရှိလဲ။
ဖြေ။ သူတို့လာနေတဲ့အကြိမ်ကတော့ မရေနိုင်တော့ဘူး။ ဆယ်ကြိမ်လာရင် ဆယ်ကြိမ် ကျွန်မတို့အိမ်မှာ ဝင်ဝင်နေတာ။ ဆုံးရှုံးမှုကတော့ တော်တော်များတယ်။ အခုငွေဈေးနဲ့ဆို (ကျပ်) သိန်းထောင်ဂဏန်း အသာလေးရှိတယ်။ ဆန်အိတ်ဆို လေးငါးဆယ်(အိတ်)၊ ဆီဆိုဖာလိုက်၊ ကြက်သွန်၊ အဝတ်အစား၊ မိုးကာ အများကြီးပဲ။
DW။ ကိုယ့်ရဲ့ချွေးနည်းစာတွေ အခုလို ဆုံးရှုံးသွားတဲ့အပေါ် စိတ်ထဲဘယ်လိုဖြစ်မိလဲ။ အဲဒီအပေါ် ဘာပြောချင်တာရှိလဲ။
ဖြေ။ စဖြစ်ဖြစ်ချင်းတော့ သူများတွေ လာပြောတယ်ပေါ့နော်။ နင်တို့အိမ်ကို စစ်တပ်ကရိုက်ဖျက်ပြီး ဝင်နေတယ်ဆိုပြီးတော့။ ကျွန်မတို့လည်း အဲဒီလောက်ဖြစ်သွားမယ်မထင်ဘူးပေါ့။ အခုက ရှိတာအကုန် ကုန်သွားတာ။ ထိုင်းကပြန်လာပြီး ကိုယ့်မှာရှိတာလေးနဲ့ ရင်းနှီးလုပ်မယ်ဆိုပြီး ရွာမှာဆိုင်ဖွင့်ထားတာ လေးငါးနှစ်ပဲ ရှိသေးတယ်ရှင်။ စစ်ကြောင်းထိုးလာပြီဆို ကျွန်မတို့ဆိုင်ကို ရိုက်ဖျက်ပြီး အကုန်ဝင်ယူသွားတာပဲ။ တစ်ခါလာတစ်ခါဝင်ယူဆိုတော့ ဘာမှမကျန်တော့ဘူး။ အခွံပဲရှိပြီ။ နလန်လည်း မထူနိုင်တော့ဘူး။ စိတ်ဓာတ်တွေလည်း ဘုန်းဘုန်းကျ။ သားလေးမျက်နှာကြည့်ပြီး ညတိုင်းပဲ မျက်ရည်ကျနေရတယ် အခုထိပဲ။ ထိုင်းမှာ လေးငါးဆယ်နှစ်နေပြီး လုပ်စားထားတာတွေ အခုဘာမှကို မကျန်တော့ဘူးရှင်။ ကျွန်မမှာ လုပ်ကျွေးမယ့် ယောက်ျားလည်း ရှိတာမဟုတ်ဘူး။ အခုတော့ ရွာမှာလည်းမနေရလို့ အိမ်ရော၊ ဆိုင်ရောပိတ်ပြီး ပြောင်းလာလိုက်ပြီ။ ဒီမှာပဲနေနေတာ အခုဆို လေးငါးခြောက်လရှိတော့မယ်။ အိမ်ကိုလည်း မသွားဖြစ်တော့ဘူး။ သွားချင်ပေမဲ့ ကိုယ့်အိမ်ကိုမြင်ရင် ဝမ်းနည်းတော့ အလုံးဆို့တက်လာတယ်။ ရွာကအလှူတွေဘာတွေဖိတ်လည်း တော်ရုံတန်ရုံဆို မသွားချင်တော့ဘူး။
DW။ အခုရော ဘယ်လိုနေထိုင် စားသောက်နေတာလဲ။
ဖြေ။ အခုလောလောဆယ်တော့ ဘာမှအလုပ်မရှိသေးဘူး။ ရွှေလေးနည်းနည်းပါးပါးကျန်တာ ရောင်းချစားနေတယ်။ သားသမီးတွေရဲ့ ပညာရေးတွေကလည်း ရှိသေးတော့ တစ်ခုခုတော့ လုပ်မှရမယ်။ ဘာလုပ်ရမှန်းတော့ လောလောဆယ်မသိသေးဘူး။ မိသားစုတွေနဲ့တော့ တိုင်ပင်နေတယ်။ ဒါပေမဲ့ စိတ်က မလုပ်ရဲတော့ဘူး အရင်လိုမျိုး။ ဆုံးရှုံးသွားမလားဆိုပြီး စိုးရိမ်ပြီး မလုပ်ရဲဘဲဖြစ်နေတယ်။ ဒီတစ်ခါထပ်ဖြစ်ရင်လည်း ကုန်းကောက်စရာ ကျန်တော့မှာမဟုတ်ဘူးလေ။
DW။ စစ်ကြောင်းထိုးလာရင် အိမ်တွေရိုက်ဖျက်၊ ရှိတာအကုန်ယူနေတဲ့အပေါ်ရော ဘာပြောချင်တာရှိလဲ။
ဖြေ။ ဘာမှမဆိုင်ဘဲ ပြည်သူတွေကို ဒီလိုမျိုး ဒုက္ခပေးတာတော့ မလုပ်သင့်ဘူးပေါ့နော်။ အခုက ပြည်သူ့နေအိမ်ဆိုတာ သူတို့သိသိနဲ့ တမင်ကိုလုပ်တာ။ ပစ္စည်းတွေ ယူသွားတယ်ဆိုလည်း ကျွန်မတို့ နားလည်ပေးလို့ရသေးတယ်။ သူတို့စားဖို့ မရှိလို့ ယူသွားတာပဲဆိုပြီး။ အခုက အဲဒီလိုမျိုး မဟုတ်ဘူး။ ပြည်သူတွေကို ဒုက္ခရောက်သွားအောင်ကို တမင်ဖျက်ဆီးပစ်နေတာလို့ မြင်တယ်။
DW။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“အရမ်းကို စိတ်ဓာတ်တွေကျတယ်……..စီးပွားရေးလည်း ဘာမှလုပ်မရတော့ဘူး”
ဒေသခံတစ်ဦး၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ပုလောမြို့နယ်
DW။ ဇရပ်ဆိပ်ကျေးရွာအုပ်စုထဲ အိမ်ဖောက်ခံရသူတွေရှိလား။
ဖြေ။ အကုန်လုံး အတူတူပဲ ဖောက်ခံရတယ်။ ကျွန်တော်တို့မှာရော ဖောက်ခံရတယ်။
DW။ အိမ်က ဘယ်လိုပုံစံ ဖောက်ခံရတာလဲ။ ဘာပစ္စည်းတွေများ ပါသွားလဲ။
ဖြေ။ အိမ်ရှေ့အပေါက်တွေ ရိုက်ဖျက်ပြီး ဝင်တယ်။ အိမ်ထဲမှာရှိတာတွေ အကုန်ယူသွားတယ်။ ဖိနပ်တောင် မကျန်ဘူး၊ ယူသွားတယ်။ ပင်လယ်မှာနေပြီး ပစ္စည်း လိုအပ်တာတွေ ဝင်ယူဖို့သွားတာ ဘာမှမကျန်တော့ဘူး။
DW။ အဲဒီလိုယူဖို့ ဝင်သွားချိန်မှာ ဘာမှမရှိတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ စိတ်ဓာတ်တွေကျသွားတယ်။ ဗီရိုတွေလည်း ရိုက်ဖျက်ထားခဲ့တယ်။ ယူစရာတွေလည်း အကုန်ယူသွားပြီး ယူမရတဲ့ဟာတွေ ရိုက်ဖျက်ထားခဲ့တယ်။ စစ်သားတွေပေါ့။ လာရိုက်ဖျက်ထားခဲ့တာ။
DW။ အိမ်နားဝန်းကျင်က အိမ်တွေရော ဘယ်လိုဖြစ်နေလဲ။
ဖြေ။ ထော်လာဂျီတွေရော တစ်၊ နှစ်၊ သုံး အော်ပြီးခိုးနေကြတယ်။ အိမ်တိုင်းပဲ ဖောက်တာတော့။
DW။ အခုလက်ရှိကရော ဘယ်လိုဖြတ်သန်းနေကြလဲ။
ဖြေ။ ပင်လယ်ပြင်မှာ မိုးတွေလည်း အရမ်းရွာ၊ လူတွေလည်း ဖျားနာတာတွေ ပေါတယ်။ ပင်ပန်းတာပေါ့။
DW။ အရင်စစ်ရှောင်ရတဲ့ပုံစံနဲ့ အခုအိမ်ဖောက်ခံရပြီးအခြေအနေ ဘယ်လိုကွာခြားသွားလဲ။
ဖြေ။ ခုက အရမ်းကို စိတ်ဓာတ်တွေကျတယ်။ ရှေ့နှစ်တွေက ပြန်ယူလို့ရတယ်။ ခုက ဘာမှယူလို့မရဘူး။ ယူဖို့လည်း မရှိတော့ဘူး။ အစကနေ ပြန်တည်ဆောက်ရမယ်။ စီးပွားရေးလည်း ဘာမှလုပ်မရတော့ဘူး။







