တနင်္သာရီတိုင်းသား လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဘောလုံးအားကစားကို ခုံမင်နှစ်သက်အားပေးကြသူတွေက များပါတယ်။
လေးနှစ်ကြာမှ တစ်ကြိမ်ပဲ ကြည့်ခွင့်ရတဲ့ အခုလို ကမ္ဘာ့ဖလားပွဲတွေ ကျင်းပနေချိန်ဆို လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ သူ့အဖွဲ့နဲ့သူ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် စုရုံးပြီး အားပေးကြတာပါ။
စစ်အာဏာမသိမ်းခင်တုန်းက ကမ္ဘာ့ဖလားအချိန်တွေကို ပြန်တွေးကြည့်ရင် မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ လူတွေ ပြည့်နှက်နေတတ်တာ မြင်ယောင်မိကြဦးမှာပါ။ လျှပ်စစ်မီးမရတဲ့ နယ်ကျေးရွာတွေမှာဆိုလည်း ညနက်ပိုင်းပွဲတွေအထိ မီးစက်သံ တညံညံနဲ့ ညလုံးပေါက် အားပေးကြလေ့ရှိပါတယ်။ သူငယ်ချင်းတွေ စုရုံးပြီး ကိုယ်အားပေးတဲ့အသင်းနိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် လေတိုက်ကြ၊ စနောက်ကြနဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြဖူးကြတာ၊ အိမ်မှာ မိသားစု စုံစုံလင်လင်နဲ့ TV ရှေ့မှာ စကားတပြောပြော ရယ်ရယ်မောမော ကြည့်ခဲ့ကြဖူးတာ စတဲ့ အမှတ်တရာတွေအများကြီးနဲ့ပေါ့။
အဲဒီအချိန် ကမ္ဘာ့ဖလားဘောလုံးပွဲညတွေဟာ လူငယ်တွေအတွက် တကယ့်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်စရာ ကောင်းခဲ့တဲ့ အချိန်တွေပါပဲ။ မီးစက်နှိုး၊ စလောင်းလိုင်းနဲ့ အုပ်စုလိုက် အော်ဟစ်ကြည့်ခဲ့ရတဲ့ ခံစားမှုမျိုး အချို့လူငယ်တွေ အတွက် အထူးသဖြင့် ပဋိပက္ခနဲ့ တိုက်ပွဲတွေကြားကလူငယ်တွေအတွက် အခုနေ ပြန်လိုချင်လို့ မရတော့တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။
အခု ၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာ့ဖလားမှာတော့ အဲဒီမြင်ကွင်းတွေဟာ ဝေးကွာသွားခဲ့ပါပြီ။ ဒီနေ့ခေတ် တနင်္သာရီတိုင်းထဲက ဒေသခံတွေ၊ လူငယ်တွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက်တော့ အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲကြီးဟာ အရင်လို ပျော်စရာ မကောင်းတော့ဘဲ စစ်ဘေး၊ လုံခြုံရေး စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတာပါ။
လူငယ်တော်လှန်ရေးရဲဘော်တွေလည်း ဒီကမ္ဘာ့ဖလားကိုကြည့်ချင်ကြမှာပါပဲ။ ဒါပေမဲ့ သူတို့တတွေမှာ အင်တာနက်က မရ၊ တောတောင်ထဲမှာနေထိုင်ပြီး စစ်ရေးကိုပဲ ဦးစားပေးနေရတဲ့ ဒီလိုအချိန်မျိုးမှာ ကမ္ဘာ့ဖလားဆိုတာကို ခေါင်းထဲထည့်ဖို့တောင် မအားလပ်ကြပါဘူး။
တချို့ စစ်ဘေးရှောင်တွေဆိုရင်လည်း တိုက်ပွဲတွေကြားမှာ အသက်လုပြေးနေရလို့ ကမ္ဘာ့ဖလားပွဲရှိနေမှန်းတောင် သတိမထားနိုင်ကြပေ။ တစ်ချိန်က မိသားစုတွေနဲ့ နွေးနွေးထွေးထွေး ဘောလုံးပွဲကြည့်ခဲ့ကြတဲ့ ဘောလုံးဝါသနာရှင် မိန်းကလေးတွေဆိုလည်း စစ်အာဏာရှင်တပ်ရဲ့ ဖမ်းဆီးတာ မခံရဖို့ တိမ်းရှောင်နေကြရလို့ အရင်လို မိသားစုနဲ့ ကမ္ဘာ့ဖလားကြည့်ခွင့်ရတဲ့အချိန်တွေကို ပြန်လွမ်းဆွတ်နေကြရပါတယ်။
မြို့ကြီး ပြကြီးတွေပေါ်က လူငယ်တွေ ကမ္ဘာ့ဖလားပွဲတွေကို ဟိုတယ်တွေ၊ ဘားတွေ၊ ဘီယာဆိုင်တွေမှာ ကြည့်နေကြတဲ့ အချိန် နယ်ကျေးရွာတွေမှာတော့ လျှပ်စစ်မီးဖြတ်ခံရတာတွေ၊ အင်တာနက်လိုင်းမကောင်းလို့ မကြည့်ရတာတွေနဲ့ အခက်တွေ့နေကြပါတယ်။
ဒီအခြေအနေတွေဟာ စီရိုနယ်ဒို၊ မက်ဆီတို့လို ဘောလုံး အကျော်အမော်တွေရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာနိုင်တဲ့ ဒီနှစ်ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန်မှာ တောင်ပိုင်းက တနင်္သာရီတိုင်းသားတွေ တကယ်ခံစားနေရတဲ့ လက်တွေ့အခြေအနေ အမှန်တွေပါပဲ။ ဒီနှစ်ကမ္ဘာ့ဖလားကာလမှာ တောင်ပိုင်းသားတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့ ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ မေးမြန်းဖော်ပြလိုက်ပါတယ်။
“တော်လှန်ရေးအတွက်ပဲ အာရုံထားနေရတဲ့အချိန်ဆိုတော့ ကမ္ဘာ့ဖလားကို အာရုံမစိုက်နိုင်တော့ဘူး။ အကြီးကြီးပြောရရင်တော့ မြိုသိပ်ထားရတာပေါ့”
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဘုတ်ပြင်းမြို့နယ်။
DW ။ တော်လှန်ရေး မစခင်အချိန်တုန်းက ကမ္ဘာ့ဖလားကို ဘယ်လိုပုံစံနဲ့ ကြည့်ခဲ့လဲ။
ဖြေ ။ တော်လှန်ရေးမစခင်ဆိုတော့ အာဏာမသိမ်းခင်ပေါ့နော်။ အာဏာမသိမ်းခင် ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကဆိုရင် မြို့ထဲက လက်ဖက်ရည်ဆိုင်တွေမှာ သွားကြည့်တာပေါ့။ လက်ဖက်ရည်ဆိုင်မှာပဲ ပြကြတာကိုး။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ဘောလုံးပွဲကြည့်ကြတယ်။ ကျွန်တော်တို့က ဒီအာဏာမသိမ်းခင်က မြို့မှာနေတာကိုး။ ပြီးတော့ အခြေအနေလည်း မတူဘူးပေါ့။ ဘယ်လိုခေါ်မလဲ၊ ကိုယ့်အိမ်မှာကိုယ် ကြည့်ရတာနဲ့ လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေနဲ့ ကြည့်ရတာနဲ့ ဖီလင်ချင်း မတူဘူးပေါ့။ ဟိုမှာဆိုရင် ဆန့်ကျင်ဘက်အသင်းတွေ၊ ကိုယ်အားပေးတဲ့ အသင်းတွေရှိရင် လေတိုက်ရတာပေါ့။ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါးပါပဲ။
DW ။ ဒီတော်လှန်ရေးကာလထဲမှာရော ကမ္ဘာ့ဖလားပွဲတွေကို ဘယ်လိုပုံစံနဲ့ ကြည့်နေလဲ။
ဖြေ ။ တော်လှန်ရေးကာလမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက သိပ်ပြီးမကြည့်ဖြစ်တော့ဘူး။ ဘာဖြစ်လို့ မကြည့်ဖြစ်တာလဲဆိုတော့ တောထဲတောင်ထဲမှာပဲ နေရတာများတော့ ကျွန်တော်တို့ဆီမှာ သိတဲ့အတိုင်းပဲလေ။ လိုင်းဆိုတာလည်း အချိန်ပြည့်ရတာ မဟုတ်ဘူး။ ၂၀၂၂ တုန်းကဆို လုံးဝမကြည့်ခဲ့ရဘူး။
DW ။ ဒီနှစ် ကမ္ဘာ့ဖလားပွဲကျတော့ရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ အခုတော့ အင်တာနက်လိုင်းရတဲ့နေရာကို ရောက်နေတယ်ပေါ့။ ဒါပေမဲ့ စစ်ရေးအခြေအနေကြောင့် ကျွန်တော်တို့ အဲဒီလောက်ကြီးလည်း အချိန်မပေးနိုင်ဘူး။ ဒီကမ္ဘာ့ဖလားပွဲ လာတဲ့အချိန်တွေက စစ်ရေးအရပြောရရင် အရမ်းသတိထားရတဲ့ အချိန်တွေပေါ့။ မနက်လင်းအားကြီးအချိန်တွေနဲ့ ညနက်ပိုင်းတွေ ဖြစ်နေတော့ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ကြည့်လို့မရဘူး။ ကြည့်ချင်ပေမယ့် ကြည့်လို့မရဘူး။ နောက်မှပဲ ပွဲစဉ်အကျဉ်း (Highlight) လေးတွေကို ပြန်ကြည့်ရတာမျိုးပဲ ရှိတာပေါ့။
DW ။ တခြား တော်လှန်ရေးရဲဘော်တွေကရော ကမ္ဘာ့ဖလားကို ဘယ်လိုကြည့်နေကြလဲ။
ဖြေ ။ အတူတူပါပဲ။ ကျွန်တော်တို့ကတော့ အခုနကပြောသလိုပေါ့နော်။ ဖုန်းတွေနဲ့ ဘောလုံးပွဲ ထိုင်ကြည့်ရလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာရော၊ နယ်မြေအခြေအနေကပါ လွတ်လပ်မှုမရှိဘူးလေ။ အန္တရာယ်လည်း များတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့တွေ မကြည့်ရဘူး၊ မကြည့်နိုင်ဘူး။ ကိုယ့်ဘေးကင်းလုံခြုံရေးအတွက် လုံးဝမကြည့်နိုင်ဘူးပေါ့။ ပြီးမှပဲ လိုင်းပေါ်မှာတင်တဲ့ Highlight တွေကို ပြန်ကြည့်ကြတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု (Live) ကိုတော့ မကြည့်နိုင်ဘူး၊ ကြည့်ဖို့ အချိန်လည်းမရဘူး။
DW ။ အာဏာမသိမ်းခင်ကာလက ပုံစံနဲ့ အခုပုံစံက ကွာခြားမှု ဘယ်လိုရှိလဲ။
ဖြေ ။ ကွာခြားမှုကတော့ အများကြီးပဲ။ အခုချိန်မှာက ကျွန်တော်တို့တွေ သိတဲ့အတိုင်းပဲပေါ့။ ဒီကမ္ဘာ့ဖလားပွဲတွေကို စိတ်ထဲကတော့ ကြည့်ချင်တာပေါ့နော်။ သို့သော်လည်း ဒီအရာတွေကို ကျွန်တော်တို့ အာရုံစိုက်နိုင်တဲ့ အချိန်မရှိဘူး။ အာဏာမသိမ်းခင်တုန်းက ကျွန်တော်တို့ဘဝမှာ အပူအပင်တွေ သိပ်မရှိတော့ လွတ်လွတ်လပ်လပ်နဲ့ ကြည့်ခဲ့ရတယ်။ ခံစားချက်ကတော့ ပြောရရင် အရမ်းကြီးကွာခြားပါတယ်။ တော်လှန်ရေးအတွက်ပဲ အာရုံစိုက်နေရတဲ့ အချိန်ဆိုတော့ ဒီအရာတွေကို အာရုံမထားနိုင်တော့ဘူး။ ကိုယ့်ရဲ့စိတ်ခံစားချက်၊ လုပ်ချင်တဲ့အရာ၊ ကြည့်ချင်တဲ့အရာ အားလုံးကို တော်လှန်ရေးတစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ အကြီးကြီးပြောရရင်တော့ မြိုသိပ်ထားရတယ်ပေါ့။
DW ။ တကယ်လို့ ကမ္ဘာ့ဖလားပွဲလာချိန်မှာ လိုင်းလည်းမိနေတယ်၊ ရှေ့တန်းလည်း မထွက်ရဘူး၊ စစ်ရေးလည်း ငြိမ်နေတယ်ဆိုရင် ကြည့်ဖြစ်မယ်လို့ ထင်လား။
ဖြေ ။ အဲဒီလိုဆိုရင်တော့ ကြည့်ဖြစ်မှာပေါ့။ လုံးဝကို မလွတ်တမ်း ကြည့်ဖြစ်မှာပေါ့။ စစ်ရေးလည်း ငြိမ်နေမယ်ဆိုရင်ပေါ့။ တကယ်လို့ နောက်တန်းမှာ ရှိနေတဲ့အချိန် လွတ်လွတ်လပ်လပ် ရှိတယ်ဆိုရင်တောင် လိုင်းက ရှိဦးမှပေါ့။ သိတဲ့အတိုင်းပဲ၊ လွတ်လပ်တဲ့အချိန်မျိုး၊ နောက်တန်း ရောက်နေတဲ့အချိန်မျိုးဆို ကျွန်တော်တို့မှာ လိုင်းမရှိတာက များတယ်။ လိုင်းမရှိတော့ ကြည့်လို့မရဘူး။ တကယ်လို့ လိုင်းရခဲ့မယ်ဆိုရင်တော့ ကြည့်ချင်တာပေါ့။ မလွတ်တမ်းကို ကြည့်မယ့်လူတွေချည်းပါပဲ၊ ဒီလိုကမ္ဘာ့ဖလားပွဲမျိုးကို။
“အင်တာနက်လိုင်းတွေ အဆင်မပြေတော့ ကြည့်ရတာ အဆင်မပြေဘူးပေါ့။ တစ်ယောက်တည်း ကြည့်ရတာဆိုတော့ အထီးကျန်တယ်”
အသက် ၂၇ နှစ်အရွယ် ဘောလုံးဝါသနာရှင် မိန်းကလေးတစ်ဦး (ထုံမခါရွာ၊ တနင်္သာရီမြို့နယ်)
DW ။ ဒီနှစ် ကမ္ဘာ့ဖလားကို ကြည့်ဖြစ်လား။ ဘယ်လိုပုံစံနဲ့ ကြည့်ဖြစ်လဲ။ အရင်ကရော ဘယ်လိုကြည့်ဖြစ်လဲ။
ဖြေ ။ ကိုယ့်ဖုန်းနဲ့ကိုယ် ကြည့်ဖြစ်တယ်။ အရင်ကတော့ ကမ္ဘာ့ဖလားမှာ အမျိုးသမီး ဘောလုံးပွဲတွေ လာတဲ့အခါကျရင် ကြည့်ဖြစ်တယ်။ ဘောလုံးပွဲက ကျောင်းတုန်းကတည်းက တအားဝါသနာပါတဲ့ အရာတစ်ခုဖြစ်လို့ ကြည့်ဖြစ်တာပါ။
DW ။ လက်ဖက်ရည်ဆိုင်လိုမျိုး အများနဲ့ ကြည့်ရတာနဲ့ ကိုယ့်ဖုန်းနဲ့ကြည့်ရတဲ့ ခံစားချက် ဘယ်လိုကွာခြားသွားလဲ။
ဖြေ ။ လက်ဖက်ရည်ဆိုင်မှာ ကြည့်ရတာက အများနဲ့ကြည့်ရတဲ့အတွက် ပိုပြီးပျော်ရတာပေါ့။ ဒါပေမဲ့ ကိုယ့်ဖုန်းနဲ့ကြည့်ရတော့ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရတာပေါ့။ လက်ဖက်ရည်ဆိုင်မှာကျတော့ အများနဲ့၊ အပေါင်းအသင်းနဲ့ ကြည့်ရတဲ့အတွက် ပိုပျော်ဖို့ကောင်းပါတယ်။
DW ။ ဒီနှစ်ကြည့်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဥပမာ အင်တာနက်လိုင်းတွေ အဆင်ပြေရဲ့လား။
ဖြေ ။ ဟုတ်တယ်၊ အရင်လို လိုင်းကောင်းကောင်းနဲ့ လုံးဝကြည့်ရအဆင်ပြေတဲ့ ပုံစံမျိုးကိုပဲ ပြန်လိုချင်တယ်။ အခုကျတော့ လိုင်းမကောင်းတော့ ကြည့်ရ အဆင်မပြေဘူး။ အဲဒီလိုမျိုးဆိုတော့ အခုနောက်ပိုင်းဆိုရင် ကြည့်တောင်မကြည့်ရဘူး။ အင်တာနက်လိုင်းတွေက ဗီဒီယိုကြည့်လို့ မရတော့လို့လေ။
DW ။ ကိုယ့်အနီးနားမှာရှိတဲ့ သူတွေကရော ကမ္ဘာ့ဖလားကို ဘယ်လိုပုံစံနဲ့ ကြည့်နေကြလဲ။
ဖြေ ။ အခြားသူတွေကျတော့ များသောအားဖြင့် ဝိုင်ဖိုင် (Wi-Fi) ဆိုင်တွေမှာ သွားကြည့်ကြတယ်။ သူငယ်ချင်းတွေနဲ့ ဝိုင်းစုပြီး သွားကြည့်ကြတာမျိုးပေါ့။ ကိုယ်တွေမှာက မအားတော့ ကိုယ့်ဖုန်းနဲ့ကိုယ်ပဲ ကြည့်ဖြစ်ပြီး တအားကြီးလည်း လိုက်မကြည့် ဖြစ်ဘူး။ တခြား လိုင်းမရတဲ့သူတွေကျတော့ စတားလင့်ခ် (Starlink) နဲ့ ကြည့်တဲ့သူတွေရှိတယ်။ မီးတို့လို လိုင်းရမှ ပြန်ကြည့်ရတဲ့သူတွေလည်း ရှိတာပေါ့။ လိုင်းမကောင်းလို့ လိုင်းမရတဲ့ ရက်မျိုးတွေဆိုရင် ကြည့်မရဘူး။ အဲဒီအခါကျရင် မီးတို့က ဘယ်လိုလုပ်ရလဲဆိုတော့ လိုင်းရတဲ့ ရက်မျိုးကျမှ ပြီးခဲ့တဲ့ရက်က ဘာပွဲတွေလာသွားလဲဆိုတာကို ပြန်ရှာကြည့်ရတယ်၊ အဲဒီလိုမျိုးပေါ့။
DW ။ အာဏာမသိမ်းခင် ကာလကရော ဘယ်လိုပုံစံနဲ့ ကြည့်ဖြစ်လဲ။
ဖြေ ။ အာဏာမသိမ်းခင်ကာလကတော့ မီးတို့ အိမ်မှာ မိသားစုလိုက် ကြည့်ဖြစ်တယ်။ မိသားစုတွေကလည်း မြို့ပေါ်မှာ နေတာဖြစ်တဲ့အတွက် အာဏာမသိမ်းခင်က မြို့ပေါ်က ကိုယ့်အိမ်မှာကိုယ် တီဗွီ (TV) နဲ့ အားလုံးတူတူ ကြည့်ဖြစ်ကြတယ်။ မိသားစုနဲ့ ကြည့်ရတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆို၊ ရယ်ရယ်မောမောနဲ့ ကြည့်ရတာဆိုတော့ နွေးထွေးမှုလည်းရှိတယ်၊ ပျော်ရွှင်ရတယ်ပေါ့နော်။ အာဏာမသိမ်းခင်ကဆိုရင် မိသားစုလည်း စုံစုံလင်လင်ရှိတယ်၊ မြို့ပေါ်မှာလည်း နေရတယ်။ ရုပ်သံလိုင်းတွေကလည်း ကြည်ကြည်လင်လင်နဲ့ ကြည့်ရတာဆိုတော့ အရမ်းကောင်းတာပေါ့။ အခု အာဏာသိမ်းပြီးနောက်တော့ အင်တာနက်လိုင်းတွေလည်း အဆင်မပြေတော့ ကြည့်ရတာ အဆင်မပြေဘူး။ အခုက တစ်ယောက်တည်း ကြည့်ရတာဆိုတော့ အထီးကျန်တယ်လို့ ခံစားရတယ်။ အဲဒီအပေါ် ခံစားချက်ကတော့ အရင်အချိန်တွေကိုပဲ ပြန်လိုချင်တယ်။ အရင်အချိန်တွေကိုပဲ ပြန်လွမ်းတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ နိုင်ငံရေးပြန်ကောင်းသွားပြီး အရင်အချိန်တွေ ပြန်ရချင်တာပေါ့။ ကမ္ဘာ့ဖလားကို စိတ်အပန်းပြေပြေနဲ့ အကောင်းဆုံး အားပေးချင်တဲ့ စိတ်ခံစားချက်မျိုးတော့ ရှိပါတယ်။
(မှတ်ချက် – သူသည် စစ်အာဏာမသိမ်းခင်က မြို့ပေါ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်ချက်ကြောင့် မိသားစုနှင့်ခွဲခွာကာ လက်ရှိအချိန်အထိ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်ဘေးတိမ်းရှောင်နေသူတစ်ဦး ဖြစ်ပါသည်။)
“ညသန်းခေါင်နဲ့ နံနက်စောစောပွဲတွေကျတော့ ကြည့်ဖို့ အဆင်မပြေတော့ဘူး။ လုံခြုံရေးအရပေါ့”
ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဒေသခံအမျိုးသားတစ်ဦး။
DW ။ အခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကို ကြည့်ဖြစ်လား။ ဘယ်လိုနည်းလမ်းနဲ့ ကြည့်ဖြစ်လဲ။
ဖြေ ။ ဖုန်းနဲ့ပဲ ကြည့်နေရတယ်။ အရင်ကလို ဂြိုဟ်တုစလောင်းတွေလိုမျိုး ကြည့်စရာ မရှိတော့ဘူး။ အရင်ကဆို စလောင်းလိုင်းကပဲ ကြည့်ကြတာများတယ်။
DW ။ အရင်ကြည့်ရတဲ့ အရသာနဲ့ အခုကြည့်ရတဲ့အရသာ ဘာကွာသွားလဲ။
ဖြေ ။ တစ်ယောက်တည်း ကြည့်ရတာက ဘယ်လိုမျိုးမှန်းမသိဘူး၊ ပွဲကတော့ ကန်နေကြတာပဲ။ တစ်ယောက်တည်း ကြည့်ရတဲ့အခါမျိုးမှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိတော့ဘူး။ အုပ်စုလိုက် ကြည့်ရတာက တစ်ဖက်နဲ့တစ်ဖက် ကိုယ်အားပေးတဲ့ အသင်းအကြောင်းတွေ ပြောလိုက် ဆိုလိုက်နဲ့ ဘောလုံးပွဲကြည့်ရတဲ့ အရသာတစ်မျိုး ဖြစ်တာပေါ့။ အခုက အခန်းထဲမှာ တစ်ယောက်တည်း ကြည့်ရတဲ့အခါကျတော့ တစ်မျိုးတော့ ဖြစ်တာပေါ့။ အရင်ကလောက် ဘောလုံးပွဲကြည့်ရတာ အရသာ မတွေ့ဘူး။ ဖုန်းနဲ့ကြည့်ရတာဆိုတော့လည်း အင်တာနက်လိုင်းက အဓိကပဲလေ၊ လိုင်းကျတဲ့အချိန်ဆို အဆင်မပြေဘူး။
DW ။ ကိုယ့်ပတ်ပတ်ဝန်းကျင်က ဘောလုံးပရိသတ်တွေကရော ဘယ်လို ကြည့်နေကြလဲ။
ဖြေ ။ နေ့ဘက်ပွဲတွေကျတော့ ကွမ်းယာဆိုင်လိုမျိုး ဆိုင်တွေမှာ ကျွန်တော်တို့ ဖုန်းလေးထောင်ပြီး အုပ်စုလိုက် ကြည့်ဖြစ်ကြပါတယ်။ အခု ညသန်းခေါင်နဲ့ နံနက်စောစောပွဲတွေကျတော့ ကြည့်ဖို့ အဆင်မပြေတော့ဘူး။ လုံခြုံရေးအရပေါ့။
DW ။ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး သူငယ်ချင်းအချင်းချင်း ပြောဖြစ်သေးလား။
ဖြေ ။ လက်ဖက်ရည်ဆိုင်လိုမျိုးမှာကျတော့ မပြောဖြစ်ကြတော့ဘူး။ ဒါပေမဲ့ ညနေဘက် အပေါင်းအသင်း မိတ်ဆွေအချင်းချင်း တွေ့ဆုံဖြစ်ရင်တော့ ကိုယ်ကြည့်ဖြစ်ခဲ့တဲ့ ပွဲတွေနဲ့ ပတ်သက်ပြီး အကောင်းအဆိုး ဝေဖန်ပြောဖြစ်ကြတယ်။
DW ။ အခုဆို ဘယ်နှစ်ပွဲလောက် ကြည့်ဖြစ်ပြီးပြီလဲ။ ပွဲတိုင်း ကြည့်ဖြစ်လား။
ဖြေ ။ ပွဲတိုင်းတော့ မကြည့်ဖြစ်ဘူး။ လေးငါးပွဲလောက်ပဲ ကြည့်ဖြစ်သေးတယ်။ ဒီလိုပဲ ကြည့်လိုက် မကြည့်လိုက်နဲ့ ဗိုလ်လုပွဲအထိတော့ ကြည့်ဖြစ်သွားလိမ့်မယ်။ အဓိက ကြည့်ဖြစ်တာက ဘရာဇီး၊ အင်္ဂလန်၊ ဂျာမနီပွဲတို့လောက်ပဲ ရွေးကြည့်ဖြစ်တာများတယ်။ အဓိက ဖုန်းနဲ့ပဲ ကြည့်ရတယ်ဆိုတော့ အင်တာနက်စရိတ်တွေ ကုန်တယ်လေ။ ဒါကြောင့် ရွေးပြီး ကြည့်ရတဲ့သဘောပါ။
DW ။ ကြည့်ရတာ လွတ်လပ်မှုရှိရဲ့လား။ ဘောလုံးပွဲပြတဲ့ နေရာတွေရော ရှိသေးလား။
ဖြေ ။ အခုက ဖုန်းနဲ့ကြည့်တယ်၊ နေ့ဘက်ပွဲပဲ ကြည့်တော့ သိပ်ပြဿနာမရှိဘူး။ အရင်ကလိုတော့ ဗီဒီယိုပြစက်တွေ၊ စလောင်းနဲ့ပြတဲ့ အုပ်စုလိုက် ကြည့်ရတာမျိုးတွေတော့ မရှိတော့ဘူးပေါ့။ အရင်ကဆို စလောင်းရှိတဲ့အိမ်တွေမှာ မီးစက်နှိုး၊ ဆီဖိုးစုထည့်ပြီး အုပ်စုလိုက် ကြည့်ကြတာ။ အခု အဲဒီလိုမျိုးတွေက လုံး၀မရှိတော့ဘူးဆိုတော့ အရင်က ကြည့်ရတာနဲ့တော့ အများကြီး ကွာခြားသွားတာပေါ့။
“ကမ္ဘာ့ဖလားတောင် ဆိုင်မှာကြည့်လို့မရတဲ့ ခေတ်ဆိုးထဲမှာမှ ကျွန်တော်တို့က ရှိနေတာဆိုတော့လေ။ ကံဆိုးတယ်လို့ပဲ ပြောရမှာပေါ့”
လောင်းလုံးမြို့နယ်ဒေသခံ ဆယ်ကျော်သက် လူငယ်တစ်ဦး။
DW ။ ဒီနှစ် ကမ္ဘာ့ဖလားပွဲတွေ ကြည့်ဖြစ်လား၊ ဘယ်လိုကြည့်ဖြစ်နေလဲ။
ဖြေ ။ ကမ္ဘာ့ဖလားပွဲတွေ ကြည့်ဖြစ်ပါတယ်။ ပွဲစဉ်တိုင်းကိုတော့ မကြည့်ဖြစ်ဘူး။ ကျွန်တော်က အာဂျင်တီးနားအသင်းကို အားပေးတဲ့သူဆိုတော့ အဲဒီအသင်းပွဲကိုပဲ အဓိက ကြည့်ဖြစ်တာပေါ့။ ဒါပေမဲ့ တစ်ခါတလေလည်း တခြားအသင်းတွေကို ကြည့်ဖြစ်ပါတယ်။ အရင်က ကမ္ဘာ့ဖလားပွဲတွေ သိပ်မကြည့်ဖြစ်ဘူး၊ ဒီနှစ်မှ ကောင်းကောင်း ကြည့်ဖြစ်တာပေါ့နော်။
DW ။ ဒီနှစ် ကမ္ဘာ့ဖလားပွဲကြည့်ရတာ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ ။ အခု ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်းမှာတော့ ကျွန်တော်တို့ဒေသမှာ စစ်ကြောင်းထိုးတာမျိုးတွေ မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ အင်တာနက်လိုင်းတွေကြောင့် အဆင်မပြေတာတွေတော့ ရှိတာပေါ့။ တစ်ခါတလေ ကြည့်နေရင်းနဲ့ လိုင်းပြတ် သွားတာတွေ၊ မရတော့တာမျိုးတွေ ရှိတာပေါ့နော်။ အဲဒါတွေကြောင့် ကြည့်ရတာ အဆင်မပြေပါဘူး။ အဲဒီလိုမျိုးဆိုတော့ တစ်ခါတလေလည်း စိတ်ရှည်ရှည်ထားပြီး ကြည့်တယ်။ တစ်ခါတလေကျတော့လည်း မကြည့်တော့ဘူးပေါ့လေ။
DW ။ တခြားသူတွေရော ကမ္ဘာ့ဖလားကို ဘယ်လိုကြည့်နေကြတာရှိလဲ။
ဖြေ ။ တခြားသူတွေလည်း ဆိုင်မှာ သွားကြည့်တဲ့သူရှိတယ်။ ဒါပေမဲ့ ဆိုင်မှာက ညဘက်ပွဲစဉ်တွေဆိုရင် ကြည့်လို့မရဘူး။ နေ့ဘက်ပွဲစဉ်တွေကိုပဲ ကြည့်လို့ရတယ်။ ကျွန်တော်တို့ဘက်မှာက တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတော့ ညဘက်ဆို အပြင်မထွက်ရဲကြတော့ဘူးလေ။ ဆိုင်တွေလည်း ညဘက်ဆိုရင် မဖွင့်ကြဘူး။ အဲဒီလိုမျိုးဆိုတော့ ကြည့်ရတာ သိပ်တော့ အဆင်မပြေဘူး။
DW ။ အခုလိုမျိုး ကမ္ဘာ့ဖလားပွဲတွေကို စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ မကြည့်ရတဲ့အပေါ် စိတ်ထဲ ဘယ်လိုဖြစ်မိလဲ။
ဖြေ ။ စိတ်ထဲမှာကတော့ သူငယ်ချင်းတွေနဲ့ စုပြီး ကြည့်ချင်တာပေါ့နော်။ အရင်ကဆို ကျွန်တော်တို့ထက်ကြီးတဲ့ အစ်ကိုတွေက လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဘယ်လိုကြည့်ကြတယ်၊ တစ်ယောက်ကိုတစ်ယောက် လေတိုက်ကြတယ်၊ ပျော်စရာကောင်းတယ်လို့ ကျွန်တော်တို့ကို အမြဲပြောပြနေတော့ အဲဒီလိုမျိုး ကြည့်ချင်စိတ် ဖြစ်မိတာပေါ့။ အဲဒီအချိန်တုန်းကဆိုရင် ဘောလုံးပွဲကြည့်ရင်းနဲ့ ထားဝယ်မြို့ပေါ်ကို တက်ချင်လည်း တက်သွားကြတာ၊ မောင်းမကန်ကမ်းခြေ ဆင်းချင်လည်း ဆင်းသွားကြတာတွေ အမြဲကြားဖူးနေတယ်လေ။ ကျွန်တော်တို့ခေတ်က ကံဆိုးတယ်ပြောရမယ်ပေါ့။ ကမ္ဘာ့ဖလားတောင် ဆိုင်မှာကြည့်လို့မရတဲ့ ခေတ်ဆိုးထဲမှာမှ ကျွန်တော်တို့က ရှိနေတာဆိုတော့လေ။ ကံဆိုးတယ်လို့ပဲ ပြောရမှာပေါ့။







