ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် iPhone 17 Pro Max ကို အွန်လိုင်းကဝယ်ရာ ဖုန်းအတုဖြင့် အလိမ်ခံရ

August 17, 2026

Ref: Khaosod, KAPOOK

ထိုင်းနိုင်ငံတွင် ဘတ် ငါးသောင်းကျော်တန် iPhone 17 Pro Max ကို နာမည်ကြီး အွန်လိုင်းဈေးဝယ် အက်ပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူစဉ် ဖုန်းအစစ်ကို မရဘဲ Android ပြုလုပ်ထားသော ဖုန်းအတုကို ရရှိခဲ့သဖြင့် ဝေဖန်မှု မြင့်တက်နေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံသားတစ်ဦးသည် Shopee ဈေးဝယ်အက်ပလီကေးရှင်းမှတစ်ဆင့် iPhone 17 Pro Max ဖုန်းတစ်လုံးကို ဘတ် ငါးသောင်းကျော် ပေးချေပြီး မှာယူခဲ့သော်လည်း အလိမ်ခံလိုက်ရသဖြင့် ဩဂုတ်လ ၁၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် သတိပေးခဲ့ရာ ထိုင်းပြည်သူများကြား ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်သည်။

ဖုန်းကို လက်ခံရယူပြီး ဖွင့်ဖောက် (Unboxing) စဉ် ထိုင်းနိုင်ငံသားသည် ဗီဒီယိုရိုက်၍ သက်သေရယူထားသည်။

၎င်း မှာယူထားသော ဆိုင်မှာ Shopee Mall တံဆိပ်ရရှိထားသော Apple Flagship Store ဆိုင်ဖြစ်ပြီး Apple နှင့် ဆက်စပ် ပစ္စည်းများကို ဈေးလျှော့ရောင်းချသဖြင့် မြန်မာနိုင်ငံသားများကြားတွင်လည်း လူသိများသော ဆိုင်ဖြစ်သည်။

ထိုင်းနိုင်ငံသားသည် ဖုန်းကို ဖွင့်လိုက်သောအခါ IOS မဟုတ်နေဘဲ Android ပြုလုပ်ထားသော ဖုန်းအတုဖြစ်နေကြောင်း ရေးသားထားသည်။

၎င်းသည် ဆိုင်ကို ငွေပြန်အမ်း (Refund) ပေးရန် ဆက်သွယ်ခဲ့သော်လည်း ဆိုင်က Ai ဖြင့် လုပ်ထားသော အကြောင်းကြားစာများသာ ပေးပို့ခဲ့ကာ တာဝန်ယူမှု မရှိခဲ့ကြောင်း ရေးသားသည်။

Shopee မှတစ်ဆင့် ဈေးဝယ်ယူသူများသည် လက်ခံရရှိသော ပစ္စည်းများ ပျက်စီးနေသည်ဖြစ်စေ၊ ပစ္စည်းများ မကိုက်ညီသည် ဖြစ်စေ တစ်ပတ်အတွင်း ငွေပြန်အမ်းရန် တောင်းဆိုပိုင်ခွင့် ရှိပြီး ဆိုင်မှလည်း ပြန်လဲပေးရမည်ဖြစ်သည်။

Apple Flagship Store ဆိုင်တွင် ယခင်က ဝယ်ယူဖူးသော ဝယ်ယူသူများကလည်း ပစ္စည်းများ၊ ဖုန်းများ မှန်မှန်ကန်ကန် ရရှိ ခဲ့ဖူးသဖြင့် ယခုလိမ်လည်မှုသည် ဆိုင်နှင့် ပစ္စည်းပို့ဆောင်သည့်နေရာ နှစ်ခုစလုံးကို စစ်ဆေးပေးရန် တောင်းဆိုထားသည်။

ထို့ကြောင့် အွန်လိုင်းပေါ်တွင် ဈေးကြီးပစ္စည်းများကို ဝယ်ယူပါက သတိထား၍ ဝယ်ယူကြရန် ၎င်းက အွန်လိုင်းပေါ်တွင် သတိပေးထားကြသည်။