အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ဆိုသည်။
ကနဦးထုတ်ပြန်ခဲ့သည့် ဆူနာမီသတိပေးချက်ကို ငလျင်လှုပ်ခတ်ပြီးနောက် သုံးနာရီခန့်အကြာတွင် ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ နောက်ဆုံးရ စာရင်းများအရ သေဆုံးသူ ၃၈ ဦး ၊ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးနှင့် မစိုးရိမ်ရသည့် သာမန်ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ဆိုသည်။



ငလျင်ဒဏ်ကြောင့် လူပေါင်း ၂၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်း BNPB အကြီးအကဲ မစ္စတာဆူဟာယန်တိုက ပြောသည်။
ငလျင်ဒဏ်ခံရသော ဒေသများရှိ အဆောက်အအုံ အများအပြားတွင် ဒေသခံများ ပိတ်မိနေဆဲဖြစ်ပြီး မြေပြိုမှုများကြောင့် လမ်းအတော်များများ ပိတ်ဆို့နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းဇုန်ဒေသ (Pacific Ring of Fire) တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။
Source: Reuters







