ရာသီဥတုဖောက်ပြန်မှုက ဒီမိုကရေစီစနစ်အပေါ် ပိုမိုခြိမ်းခြောက်လာနေသည်ကို လေ့လာမှုအသစ်များက မီးမောင်းထိုးပြနေကြောင်း The Guardian သတင်းစာက ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။
ရွေးကောက်ပွဲရလဒ်များကို နိုင်ငံရေးအင်အားစုများသာမက ရေကြီးမှု ၊ တောမီးလောင်မှုနှင့် ပြင်းထန်သည့် ရာသီဥတုဒဏ်များကပါ ပိုမိုပုံဖော်လာနေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။
ကမ္ဘာတလွှား ဒီမိုကရေစီစနစ်ကို အထောက်အကူပြုရန် ရည်ရွယ်သည့် International IDEA အဖွဲ့၏ အဆိုပါ တွေ့ရှိချက်များသည် ရွေးကောက်ပွဲများအပေါ် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် လေ့လာဆန်းစစ်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ရွေးကောက်ပွဲနှင့် လူထုဆန္ဒခံယူပွဲပေါင်း ၉၄ ခုထက်မနည်းမှာ ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
ရာသီဥတုဖောက်ပြန်မှု၏ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အထူးသဖြင့် အာဖရိကနှင့် အာရှမှ နဂိုအားနည်းပြီးသား ဒီမိုကရေစီစနစ်များအပေါ် ဖိအားများ ပိုမိုသက်ရောက်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
၂၀၂၄ ခုနှစ်အတွင်း ဘရာဇီး၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဆီနီဂေါ အစရှိသည့် ၁၈ နိုင်ငံမှ ရွေးကောက်ပွဲ ၂၃ ခုတွင် အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ မဲဆန္ဒရှင်များ နေရပ်စွန့်ခွာရခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို နောက်ဆုံးမိနစ်မှ ပြောင်းလဲရခြင်း စသည့် အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသည်။
ကြိုတင်ခန့်မှန်းနိုင်သည့် ရာသီဥတုအန္တရာယ်များနှင့် လွတ်ကင်းမည့် အချိန်မျိုးတွင်သာ ရွေးကောက်ပွဲများကို ကျင်းပသင့်ကြောင်း အဆိုပါ တွေ့ရှိချက်အစီရင်ခံစာကို ပူးတွဲပြုစုသူ လန်ဒန်ဘုရင့်ကောလိပ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆာရာဘာ့ချ်က ဆိုသည်။
အမေရိကန်ပြည်ထောင်စုတွင်ပင် ဟာရီကိန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိသည့် နိုဝင်ဘာလအတွင်း၌ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေဆဲဖြစ်သည်ကို သူမက ထောက်ပြထားသည်။
Source: The Guardian







