လီဗာပူးအသင်း ပိုင်ရှင် Fenway Sports Group (FSG) ဟာ အသင်းရဲ့ ရှယ်ယာ သုံးပုံ တစ်ပုံလောက်ကို ဘီလျံနာ သူဌေးကြီးတွေ ပါဝင်တဲ့ အုပ်စုဆီ တရားဝင် ရောင်းချလိုက်ပါပြီ။
ဒါဟာ လီဗာပူးအတွက် အရမ်းကို အဖိုးတန်တဲ့ ရင်းနှီးမြှုပ်နှံမှုကြီး ဝင်ရောက်လာတာဖြစ်ပြီး ရှယ်ယာ သုံးပုံ တစ်ပုံလောက်ကို ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုအသစ်က ယူရို ၁ ဒသမ ၆၅ ဘီလျံနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ ကျူပီအာရ်အသင်းပိုင်ရှင်ဟောင်း အေမစ် ဘာတီးယား ဦးဆောင်တဲ့ လုပ်ငန်းရှင်အုပ်စုကြီး ဖြစ်တယ်လို့ BBC Sports က ရေးသားထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ အဆင့် ၃ ချိတ်ထားတဲ့ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်ဟာ ဒီရင်းနှီးမြှုပ်နှံမှုထဲကို သွယ်ဝိုက်ပါဝင်လာခဲ့ပြီး သူကတော့ လီဗာပူးအသင်းရဲ့ဘုတ်အဖွဲ့ထဲမှာ နေရာယူဖို့ မရှိဘူးလို့ ဆိုပါတယ်။
လီဗာပူးအသင်းဆီကို ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံသူ အုပ်စုထဲမှာ နည်းပညာနယ်ပယ်ထဲက ဘရိုင်ယန် ဘာအမ်း နဲ့ Facebook ပူးတွဲတည်ထောင်သူ အဒူယာဒို ဆာဗီရင်းရဲ့ ဇနီး အီလိုင်းနီ ဆာဗီရင်းElaine Saverin တို့လည်း ပါဝင်နေပါတယ်။
FSG ကသာ လီဗာပူးလ်အသင်းရဲ့ အဓိက ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်နေမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ၊ အဓိကဆုံးဖြတ်ချက် ချမှတ်မှုတွေကိုလည်း သူတို့ကပဲ ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူအုပ်စုသစ်ကို ဦးဆောင်သူ အေမစ် ဘာတီးယား ကတော့ လီဗာပူးအသင်းရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပြီး သူကတော့ အသင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ သူရဲ့အဖွဲ့ကို တိုင်ပင်ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။
အေမစ် ဘာတီးယား ဟာ အခုလုပ်ဆောင်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုက အာရှနဲ့ အိန္ဒိယဈေးကွက်အထိ ကွန်ရက်ချဲ့ထွင်နိုင်ဖို့ အတွေ့အကြုံ၊ ဆက်ဆံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ချိတ်ဆက်မှုတွေကို ပေါင်းစပ်ပေးမယ့် အကောင်းဆုံး အခွင့်အလမ်းဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
“လီဗာပူးလို အသင်းကြီးတစ်သင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရရှိတာက တကယ့်ကို ဂုဏ်ယူစရာပါပဲ။ လီဗာပူးရဲ့ ပုံရိပ်၊ သမိုင်းကြောင်းအစဉ်အလာနဲ့ အောင်မြင်မှုတွေကို အပြည့်အဝ ယုံကြည်လို့ ဒီရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ အေမစ် ဘာတီးယား က ပြောကြားလိုက်ပါတယ်။







