ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်ဘားမီးလောင်မှုတွင် တစ်လအကြာ ဆေးကုသမှုခံယူနေသူတစ်ဦး ထပ်မံသေဆုံး

August 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူသေဆုံးမှုများခဲ့သော ဘားမီးလောင်မှုတွင် ဆေးရုံတွင် တစ်လကြာ ဆေးကုသမှုခံယူနေသူ တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၁၃ ရက်ညက နာမည်ကြီး Rong Beer Na Lat Phrao ဘား မီးလောင်၍ လူ ၃၀‌ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော်အထိ ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာပြင်းထန်သူများကို ICU ထဲတွင် ကုသမှု ပေးနေရာမှ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆေးရုံတွင် ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် ဆေးရုံတွင် သေဆုံးသူ ၈ ဦးအထိ ရှိလာပြီး ဘားမီးလောင်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး သေဆုံးသူမှာ ချူလာလောင်ကွန်းဆေးရုံကြီးမှ မဟာရတ်ရတ်ချ်စီမားဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူနေသော ထိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။

ဒဏ်ရာ ရရှိသူများအနက် ICU ထဲတွင် ၇ ဦး၊ ဆေးကုသဆောင်တွင် ၆ ဦး ရှိကြောင်း၊ ၅၃ ဦးမှာ သက်သာသွားပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း စာရင်းများအရ သိရသည်။

ဘားအတွင်း မျက်နှာကျက်တွင် တပ်ဆင်ထားသော လေအေးပေးစက်မှ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ခြင်းဖြစ်ကြောင်း ကနဦး သုံးသပ်ထားပြီး အရေးပေါ်ထွက်ပေါက်များ ပိတ်ထားခြင်းကလည်း လူသေဆုံးမှု များစေခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

လက်ရှိတွင် ဘားပိုင်ရှင်ကလည်း ဆေးရုံတက် ကုသနေရဆဲဖြစ်သဖြင့် တရားစွဲဆိုရန် ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဘားပိုင်ရှင်ကို ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သော လူသေဆုံးမှုဖြစ်စေသည်အထိ လျစ်လျူရှုမှု၊ လိုင်စင်မရှိဘဲ ဖျော်ဖြေးရေးလုပ်ဆောင်မှု စသော အမှုများအပါအဝင် အမှု ခြောက်မှုဖြင့် တရားစွဲရန် ရဲတပ်ဖွဲ့က ပြင်ဆင်ထားသည်။

Ref: Khaosod, Bangkok Post