ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

August 12, 2026

Ref: Highway Police

ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ ရက် ညပိုင်းက နခွန်စဝမ်ခရိုင်၊ တားခလီးမြို့နယ်ရှိ အမြန်လမ်းမပေါ်တွင် နိုင်ငံခြားသားများကို မော်တော်ယာဉ်ဖြင့် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်ချ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးနေစဉ် မသင်္ကာဖွယ် မော်တော်ယာဉ်နှစ်စီးသည် အရှိန်မြင့် မောင်းနှင်လာပြီး သာမန်ထက် အလေးချိန် ပိုမိုနေဟန်ရှိသဖြင့် ရပ်တန့်စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းမိခဲ့ခြင်းဟုဆိုသည်။

အဆိုပါ မော်တော်ယာဉ်နှစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးကိုပါ တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများထံ၌ တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို နခွန်စဝမ်မှတစ်ဆင့် စမွတ်ပရာကန်နှင့် စမွတ်စခွန် ဒေသများသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ခန့် ရရှိမည်ဖြစ်ကြောင်း ယာဉ်မောင်းများက ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို ထွက်ဆိုထားသည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများနှင့် ထိုင်းယာဉ်မောင်းများကို တားခလီးမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၄၆၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရကြောင်း အချက်အလက်များ စုစည်းမှုအရ သိရသည်။

Ref: Highway Police