ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ဇဝဲ-တကူလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်ချပြီး ကုန်စည်သယ်ယူခွင့်ပိတ်

August 13, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာတွင် စစ်အာဏာရှင်တပ်မှ စစ်ဆေးရေးဂိတ်ချပြီးနောက် ကုန်စည်သယ်ယူခွင့်များ ပိတ်ပင်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ဇဝဲကျေးရွာအခြေစိုက် စစ်အာရှင်တပ် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ တပ်သားများသည် ဇဝဲ-တကူလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်ချပြီး ကုန်စည်သယ်ယူခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

ဇဝဲ-တကူလမ်းကို မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် ဝင်ရပြီး ဇဝဲကျေးရွာ အုပ်ချုပ်ရေးရုံးရှေ့တွင် ဂိတ်ချပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း အထက်ပါ ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်က ကုန်စည်သယ်ယူခွင့်ကို ပြီးခဲ့သည့်နှစ်ကတည်းက တင်းကျပ်ထားသော်လည်း ဆိုင်ကယ်ဖြင့် အနည်းငယ် သယ်ယူ၍ရသေးကြောင်း၊ ယခု ဂိတ်ချပြီးနောက် လူပဲ ဖြတ်သန်းသွားလာခွင့်ပေးတော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လူဖြတ်သန်းသွားလာမည်ဆိုပါက မှတ်ပုံတင်များ စစ်ဆေးလျက်ရှိပြီး မှတ်ပုံတင်မရှိပါက ဒဏ်ကြေးပေး၍ ဖြတ်နေရကြောင်း ၎င်းက ဆိုသည်။

“အခုက ဓာတ်ဆီတွေဆို ဘူးငယ်နဲ့တောင် ပေးမသယ်တော့ဘူး။ လူလောက်ပဲ ဖြတ်လို့ရတယ်။ မှတ်ပုံတင်မရှိသူဆို ကြောက်ပြီး မသွားလာကြဘူး။ ကုန်တွေ နည်းနည်းပါးပါး ပါရင်လည်း ပေးမဖြတ်တော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က နံနက် ၇ နာရီမှ ညနေ ၅ နာရီဝန်းကျင်အထိ ဂိတ်ချ စစ်ဆေးလျက်ရှိသဖြင့် ညဘက်တွင်လည်း ဖြတ်သန်းသွားလာမရဲကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။

“အရင်က ဂိတ်ချတာမရှိဘူး။ သူတို့ရှိနေတောင် ဘာမှမလုပ်ဘူး။ ခုက ဆိုင်ကယ် ဖင်ထိုင်ခုံတွေရော အကုန်ဖွင့်စစ်တယ်။ ပစ္စည်းတင်လာသူဆိုရင်လည်း ပေးမဝင်ဘဲ ပြန်လွှတ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၅၅၆) တပ်ရင်းသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမတွင် တည်ရှိပြီး ဇဝဲမှ တကူကျေးရွာသို့ ဝင်သည့် လမ်းပိုင်းအနီးတွင် တည်ရှိသည်။