တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ဘန်းသဲရွာတွင် ငါးဝယ်စားနိုင်သူ နည်းပါးလာသဖြင့် တံငါသည်များ တနင်္သာရီမြို့ပေါ်ဈေးသို့ သွားရောက်ရောင်းချနေရကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်များတွင် ဘန်းသဲရွာရှိ တံငါသည်များမှာ ရွာအတွင်းတွင်ပင် ငါးများရောင်းချပြီး ရပ်တည်နေကြခြင်းဖြစ်သည်။
ယခုနှစ်ဇူလိုင်လမှစ၍ ဘန်းသဲရွာရှိ မြစ်ချောင်းများတွင် ငါးရှားပါးလာပြီး ဈေးတက်လာသည့်အတွက် ဝယ်စားနိုင်သူ နည်းပါးလာကြောင်း တံငါသည်တစ်ဦးက ဆိုသည်။
“ငါးကလည်း ဈေးတက်လာတော့ သိပ်မဝယ်စားနိုင်ဘူး။ တအားစားချင်လာရင်တောင် ၅၀ သားလောက်ပဲ ဝယ်စားဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် တစ်ရက်လျှင် ငါး ၃ ပိဿာနှင့် ၄ ပိဿာဝန်းကျင်ရပြီး၊ ယခုနှစ်တွင် တစ်ရက်လျှင် ငါး ၁ ပိဿာခန့်သာရပြီး ၂ ပိဿာရသည့်နေ့ပင် ရှားလာကြောင်း တံငါသည်များထံမှသိရသည်။
“ရှာရတာလည်း ပိုပင်ပန်းလာတယ်။ အခြားရွာမှာတော့ သွားမရောင်းဘူး။ တနင်္သာရီမြို့က ငါးဒိုင်မှာပဲ သွားရောင်းဖြစ်တယ်။ တချို့က ကိုယ့်ဘာသာ ဈေးမှာ ရောင်းကြတယ်။ ငါးရှားလာတာနဲ့အမျှ ငါးသည်တွေအတွက် ဝင်ငွေက မလည်ပတ်နိုင်ဘူး” ဟု အထက်ပါ တံငါသည်က ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ငါးနုသန်းတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်မှ ယခုနှစ်တွင် ၅၀,၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ဒေသခံများက ဆိုသည်။
အချို့တံငါသည်များသည် တနင်္သာရီဈေးတွင် ကိုယ်တိုင် သွားရောက်ရောင်းချပါက ယင်းပေါက်ဈေးအတိုင်း ရရှိပြီး၊ ငါးဒိုင်များတွင် သွားရောက်ရောင်းချပါက ငါးတစ်ပိဿာလျှင် ပေါက်ဈေးထက် ပျမ်းမျှအားဖြင့် တစ်သောင်းကျပ် လျော့ကြောင်း တံငါသည်များက ဆိုသည်။
ဘန်းသဲရွာတွင် ရေကြီးပြီး ပြန်ကျသည့် လများတွင် ငါးနုသန်း၊ ငါးဖယ်၊ ငါးရံ့၊ ငါးဗြေမနှင့် ငါးမြင်းများကို အများဆုံး ဖမ်းယူရရှိကြောင်း တံငါသည်များက ဆိုသည်။
ဘန်းသဲရွာတွင် တံငါလုပ်ငန်းဖြင့် အသက်မွေးကြသူများရှိသလို ဥယျာဥ်ခြံနှင့် ကိုင်းသီးနှံ စိုက်ပျိုးပြီး အသက်မွေးကြသူများလည်းရှိသည်။







