ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောတွင် စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ဒေသခံအမျိုးသားကြီးတစ်ဦးသေဆုံး

August 4, 2026

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ဆယ်အိမ်စုရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသောကြောင့် အမျိုးသားကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဇရပ်ဆိပ်ကျေးရွာအုပ်စုအနီးရှိ စက်တော်ရာကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဇူလိုင်လ ၃၁ရက် မွန်းလွဲ ၂နာရီခန့်တွင် ဆယ်အိမ်စုရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တော်ရာရွာသည် ပုလော-မြိတ် ပြည်ထောင်စုလမ်း ဘေးတွင် ရှိသည်။

အသက် ၆၀ အရွယ် ဒေသခံအမျိုးသားသည် ဇနီးဖြစ်သူကို ဥယျာဉ်ခြံမှ ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်စဉ် ဒရုန်းဖြင့်ချသည့် ဗုံး၏ အစထိမှန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။

ဇူလိုင်လ ၂၆ရက်ကလည်း ပုလောမြို့နယ် ဘိုင်းပြင်ရွာတွင် စားနပ်ရိက္ခာဝင်ယူသည့် သူသုံးဦးကို စစ်အာဏာရှင်တပ် လှည့်ကင်းကားက လိုက်လံပစ်ခတ်သဖြင့် ဇရပ်ဆိပ်ရွာသားတစ်ဦး သေဆုံးခဲ့သည်။