တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ လမိုင်းကော့နှင့် အလယ်ပိုင်းရွာတို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက် ရာတွင် ဂျိုင်ရိုကော်ပတာ သုံးစင်းအသုံးပြုခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
သြဂုတ်လ ၄ ရက် ညနေ ၄ နာရီတွင် လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ အမျိုးသမီးကြီးတစ်ဦး ဗုံးစထိမှန်၍ သေဆုံးပြီး နေအိမ်နှစ်ဆောင် ထိခိုက်ပျက်စီးကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
နေအိမ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ မီးလောင်ပြီး နံဘေးရှိ အိမ်ကိုပါ မီးကူးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“မီးကိုတော့ ရွာသားတွေ ဝိုင်းငြှိမ်းလိုက်တယ်။ (ဗုံး) အစထိပြီး အိမ်မှာ အပေါက်တွေဖြစ်ကုန်တယ်။ တော်တော်များများ လောင်သွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
လမိုင်းကော့ရွာကို ဗုံးချတိုက်ခိုက်ပြီးနောက် အလယ်ပိုင်းရွာထဲကိုလည်း ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အလယ်ပိုင်းမှာက ဘာမှ မဖြစ်သွားဘူး။ လမိုင်းကော့မှာပဲ ဖြစ်သွားတယ်” ဟု ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
လမိုင်းကော့ရွာနှင့် အလယ်ပိုင်းရွာတို့သည် တစ်ဆက်တစပ်တည်း ရှိသည့် ရွာများဖြစ်သည်။







