ONE Friday Fights မှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ အိန္ဒူမောင်မောင်ရဲ့မြေး အဲမွီ နဲ့ ထွန်းလွင်မိုးရဲ့ ညီ သန့်ဇင် တို့ကို တစ်ပွဲတစ်လမ်း အကဲစမ်းဖို့အတွက် ပွဲတည်ပေးလိုက်ပါပြီ။
Myanmar Lethwei World Championship မှာ အဲမွီ နဲ့ သန့်ဇင် တို့ ထိုးကြရတော့မှာပါ။ အဲမွီ ဟာ ကရင်ပြည်နယ်မှာဆိုရင် သူ့ရဲ့ဝိတ်တန်းမှာ မထိုးဖူးတဲ့သူ မရှိလောက်အောင် လူစုံ အရွယ်စုံနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ မြန်မာ့ရိုးရာစည်းမျဉ်းနဲ့ ဆုံးဖြတ်တဲ့ပွဲတွေမှာ အဲမွီက အလဲထိုးနဲ့ တစ်ပွဲမှကို မရှုံးဖူးပါဘူး။
သန့်ဇင် ကတော့ ONE ဆီကို ရောက်လာခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တဲ့ဖိုက်တာလေး ဖြစ်ပါတယ်။ ONE Championship မှာ တာထွက်လှပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ထက် ဝါရင့် သမ္ဘာရင့် ပြိုင်ဘက်တွေကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘဲ ရှုံးပွဲတွေဆက်လာလို့ သန့်ဇင်က ရိုးရာလက်ဝှေ့ဘက်ဆီ ပြန်ပြီး ဦးလှည့်လာခဲ့တာပါ။
အဲမွီ ဟာ ONE ဘက်မှာ ၆ ပွဲ ထိုးခွင့်ရခဲ့ပြီး ၂ ပွဲ နိုင်၊ ၄ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးထိုးတဲ့ ၃ ပွဲဆက်တိုက် အရှုံးရလဒ်တွေနဲ့ချည်း ကြုံဆုံလိုက်ရအပြီးမှာ ONE က အဲမွီ ကို ပွဲထပ်မပေးဘဲ ထားခဲ့တာ အချိန်အတော့်ကို ကြာသွားခဲ့ပါပြီ။ ဒါကြောင့်လည်း MWLC ဘက်ကို အဲမွီ ပြန်ရောက်လာတာလို့ သုံးသပ်ရပါတယ်။
သန့်ဇင် ကတော့ ONE မှာ ၇ ပွဲ ထိုးခွင့် ရရှိခဲ့ပါတယ်။ တာထွက် ၂ ပွဲမှာ အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲ ကြုံလိုက်ရအပြီးမှာတော့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့အတူ သန့်ဇင် က ဖိအားတွေအောက်ကို တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလို့သွားခဲ့ရပါတယ်။
ဒီပွဲဟာ ဖိုက်တာနှစ်ယောက်လုံးအတွက် စိန်ခေါ်မှု ပြင်းထန်မယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ ONE ဘက်မှာ ရလဒ်တွေ ဆိုးရွားထားတာကြောင့် နှစ်ယောက်လုံးက အနိုင်ရလဒ်တွေ အရယူပြဖို့အတွက် အားကြိုးမာန်တက် ကစားကြမှာပါ။
တိုက်စစ်ဖွင့်ပြီး ကစားတတ်တဲ့ဖိုက်တာတွေဖြစ်လို့ ပွဲက ကြည့်ကောင်းနိုင်ပါတယ်။ နှစ်ယောက်လုံးက MWLC မှာ ထိုးခဲ့ဖူးတဲ့ ဖိုက်တာဟောင်းတွေပါ။ လာမယ့် ဩဂုတ်လ ၉ ရက်နေ့ကိုရောက်ရင် ကျင်းပမယ့် MWLC-11 ပြိုင်ပွဲကြီးရဲ့ ၆၀ ကီလိုတန်း ၅ ချီစိန်ခေါ်ပွဲအဖြစ် အဲမွီ နဲ့ သန့်ဇင် တို့ အားပြိုင်ကြမှာပါ။ ONE မှာ ရလဒ်ဆိုးထားတဲ့ ဖိုက်တာနှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့ထားလို့ ပရိသတ်စိတ်ဝင်စားမှုလည်း မြင့်တက်လို့နေပါတယ်။







