အီတလီ စီးရီးအေ ကလပ် ရိုးမား အသင်းဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ဆီကို သွားရောက်ပြီး ဖီနာဘာချီ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ နီပေါရေဘေးကယ်ဆယ်ရေးအတွက် ရည်ညွှန်းတဲ့ ဂျာစီ ရင်ဘတ်လိုဂိုစာသားကို ထည့်သွင်းပြီး ယှဉ်ပြိုင်ကစားပေးသွားခဲ့ပါတယ်။
ဒါကို ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (UN World Food Programme – WFP) နဲ့ ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ရိုးမားအသင်းက သတင်းထုတ်ပြန်ထားပါတယ်။
တူရကီနိုင်ငံရဲ့ ကြော်ငြာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီစေဖို့အတွက် ရိုးမားအသင်းဟာ ဂျာစီရဲ့ပင်မစပွန်ဆာ Eurobet.live နဲ့ ညှိနှိုင်း သဘောတူညီချက် ရယူခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ WFP ရဲ့လိုဂို၊ နီပေါနိုင်ငံတော်အလံနဲ့ TOGETHER FOR NEPAL ဆိုတဲ့စာသားတွေကို ဂျာစီရဲ့ရင်ဘတ်စပွန်ဆာနေရာမှာ ထည့်သွင်းပြီး နီပေါရေဘေး ရန်ပုံငွေအတွက် အားဖြည့်ကူညီ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က နီပေါနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားသွားခဲ့တဲ့ ဆိုးရွားပြင်းထန်လှတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် တောင်ပေါ်ရွာငယ်တွေအားလုံးနီးပါး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သလို လူထောင်ပေါင်းများစွာဟာလည်း စားနပ်ရိက္ခာနဲ့ ခိုလှုံနေထိုင်စရာတွေ မရှိတော့ဘဲ အခက်အခဲတွေကို ကြုံတွေ့နေရပြီလို့ သတင်းတွေက ဆိုပါတယ်။
ရိုးမားအသင်းက ချန်ပီယံလိဂ်လိုပြိုင်ပွဲကြီးမှာ အသင်းကစားသမားတွေအနေနဲ့ အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထိမ်းအမှတ် လိုဂိုပါတဲ့ ဂျာစီကို ဝတ်ဆင်ကစားလိုက်တာက နီပေါဖြစ်စဉ်ကို မမေ့ဖို့နဲ့ တတ်အားသမျှ ဝိုင်းဝန်းကူညီအားဖြည့်ဖို့ သတိပေးလိုက်သလို ဖြစ်သွားစေမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ရိုမားအသင်းဟာ ဖီနာဘာချီနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပြီးဆုံးသွားတာနဲ့ တပြိုင်နက် ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ တစ်ထည်ချင်းစီကို လေလံတင် ရောင်းချပေးသွားဖို့ စီစဉ်လိုက်ပြီး အဲ့ဒီကနေ ရရှိလာတဲ့ ငွေကြေးအားလုံးကို နီပေါနိုင်ငံရဲ့မြေပြင်မှာ တိုက်ရိုက်လှုပ်ရှားနေကြရတဲ့ အရေးပေါ် စားနပ်ရိက္ခာ ဖြန့်ဝေရေးအဖွဲ့တွေဆီ ပို့ဆောင်ပေးအပ်လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။



