အပိုင်း (၁၅)
ထွန်းတောက်ထိန်သည် ကျောင်းစည်းဝေးပွဲ၌ ဒေါ်ဖြူပြာအား ပြောခဲ့သလို ကျောင်းကိစ္စများတွင် အတတ်နိုင်ဆုံး အချိန်ပေးပြီး လုပ်ဆောင်ခဲ့သည်။ သို့သော် စာသင်ဖို့ကိစ္စကိုတော့ လုံးဝ အချိန်ပေးနိုင်မည်မဟုတ်ပေ။
စာသင်နေတုန်း တော်လှန်ရေးကိစ္စတွေ ပေါ်လာလျှင် စာသင်ခန်းမှာ လစ်ဟာနေလိမ့်မည်။ သည့်အပြင် ဆရာမတစ်ဦးလျှင် စာသင်ကြိမ်ရေ ၇ ကြိမ်ခန့်စီ သတ်မှတ်ပေးထားသည်။ တော်လှန်ရေးတာဝန်များကို ယူထားသူအနေနှင့် တော်လှန်ရေးလုပ်ရင်း ၈ ကြိမ်တိတိ သင်ပြဖို့ အချိန်ပေးနိုင်မည်မဟုတ်ပေ။
ဆရာသစ်ရှာပေးဖို့ကလည်း လုံးဝ မရ။ ရွာမှာ ဆယ်တန်းအောင်ပြီးသော ယောကျ်ားလေးများက တကယ်ပင်မရှိ။ ရှိသည်ဆိုလို့ ယောကျ်ားမကျ မိန်းမ မကျသော ဒေါ်ဖြူပြာ၏ မောင်အရင်း ကိုဖေသွင်သာ ရှိသည်။ ကိုဖေသွင်က လက်ရှိ ရွာကကမ့်ပ်မှာပဲ ထမင်းချက်နေသည်။ လက်ရှိရဲဘော်များနှင့် သင်တန်းသားရဲဘော်သစ်များစွာအတွက် မနိုင်မနင်း ချက်ပြုတ်နေပေလိမ့်မည်။
ကိုဖေသွင်ကိုတော့ စာသင်ပေးဖို့၊ ဆရာခန့်ဖို့ကို လုံးဝ စိတ်ကူးမရှိ။ အကြောင်းကား ကိုဖေသွင်က နားလေးနေသည်။ စာသင်လို့ ရမည်မဟုတ်။ ကျောင်းသားကျောင်းသူများ ပြောသည်ကို နားလည်မည်မဟုတ်။ သည်လို ကျောင်းစည်းဝေးပွဲများတွင်လည်း ဝင်ရောက်ဆွေးနွေးနိုင်မည်မဟုတ်။
သည့်ကြောင့် ကိုဖေသွင် စာဘယ်လိုတတ်တတ်၊ စာရေးဆရာဖြစ်နေလို့ စာတွေဘယ်လောက် ရေးတတ်ရေးတတ် စာသင်လို့ကတော့ လုံးဝ ရမည်မဟုတ်ပေ။ သည်တော့ ဒေါ်ဖြူပြာပြောသောကြောင့် ကျောင်းဆရာရှာဖို့ တွေးတောခိုက်မှာ ကိုဖေသွင်ကိုသာ ရှာတွေ့ခဲ့သဖြင့် ကိုဖေသွင့်စဥ်းစားမိသောအခါ ကိုဖေသွင်သည်လည်း ဒေါ်ဖြူပြာကဲ့သို့ ထွန်းတောက်ထိန့်အပေါ် ဆရာလုပ်ကြသည်ကို တွေးမိသည်။
သည်မောင်နှမနှစ်ယောက်သည် ထွန်းတောက်ထိန့်အပေါ် အတော်စိတ်ဒုက္ခပေးသည့် မောင်နှမတွေပဲဟု တွေးလိုက်သည်။ တစ်ခါတုန်းက ကမ့်ပ်မှာ စကားလက်ဆုံကျခိုက် ကိုဖေသွင်က ထွန်းတောက်ထိန်ကို ဆရာလုပ်သည့်သဘောမျိုးနှင့် ပြောလာဖူးသည်။
“ငါက နားအကြားအာရုံလေးပဲ မသန်စွမ်းပေမယ့် ငါက ခြေလက်မသန်စွမ်းကြတဲ့ မသန်စွမ်းတွေလိုမျိုး မသန်စွမ်းစာရင်းဝင်တယ်၊ လူကြီးလူကောင်းတွေဆိုတာ မသန်စွမ်းတွေအပေါ်မှာ စာနာတတ်ရတယ်၊ နွေးထွေးရတယ်၊ စိတ်ရှည်သည်းခံပေးရတယ်၊ မသန်စွမ်းသူအပေါ် အဲဒီမသန်စွမ်းမှုလေးအတွက်နဲ့ ဘာအကြောင်းကြောင့်မှ စိတ်မရှည်တာမျိုး မလုပ်ရဘူး၊ သူက မသန်စွမ်းဆိုမှတော့ နားလည်စိတ်ရှည်ပေးနေရမှာ၊ အဲဒီမသန်စွမ်းမှုလေးအပေါ် စိတ်မရှည်ဘူးဆိုရင် အလွန်ရိုင်းစိုင်းရာ ကျတယ်၊ လူကြီးလူကောင်း မဟုတ်တော့ဘူး၊ စာနာစိတ်ရှိသူ မဟုတ်တော့ဘူး၊ တကယ်တော့ ငါပြောချင်တာက ငါကလည်း အကြားအာရုံမသန်စွမ်းတဲ့အတွက် မင်းပြောတာတွေကိုလည်း ငါ ကြားမှာမဟုတ်ဘူး၊ လွယ်လွယ်နဲ့ နားလည်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် မင်းပြောတာကို ငါ နားမလည်ရင် မင်းက စိတ်မရှည်တဲ့ပုံစံနဲ့ ဟာ ဟာ ဆိုပြီး လုပ်မပြပါနဲ့၊ ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်၊ ငါ့ မသန်စွမ်းမှု မစာနာရာရောက်တယ်၊ ပြီးတော့ မင်းက ပညာလည်း တတ်တယ်၊ ခေါင်းဆောင်လည်း ဖြစ်တယ်၊ အဲဒီတော့ မင်းက ငါ့လို မသန်စွမ်းသူတွေကို နားလည်အောင် ဘယ်လိုပြောရမယ်ဆိုတာ တခြားသူတွေထက် ပိုသိရမယ်၊ ပြောနေကျစကားနဲ့ နားမလည်ရင် အဲ့ဒီပြောနေကျစကားနဲ့ချည်း ပြန်မပြောဘဲ တခြားနည်းလမ်းကို ရှာကြံပြီး ပြောတတ်ရမယ်၊ ပြီးတော့ ခေါင်းဆောင်ဆိုတာ စိတ်သဘောထား ပြည့်ဝနေရမယ်၊ ခွဲခြားဆက်ဆံတဲ့ ပုံစံမျိုး လုံးဝ မလုပ်ရဘူး၊ ငါ့လို ဂေးတွေ၊ မသန်စွမ်းတွေအပေါ်တင်မကဘူး ဘယ်လိုလူမျိုးအပေါ်တင်မဆိုပေါ့၊ ငါက မင်းကို ကောင်းစေချင်လို့ ပြောပြတာပါ”
အဲသည်တုန်းက လူကြားထဲမှာ ပြောသည်မို့ ထွန်းတောက်ထိန် အရှက်ရသည်။ လူကြားထဲ တမင်အရှက်ခွဲသည်လို့ပင် ထင်မြင်ခဲ့မိသဖြင့် ကိုဖေသွင့်အပေါ် အလွန်မုန်းတီးခဲ့မိသည်။ ဒါဖြင့် ထွန်းတောက်ထိန်က ပညာတတ်ပြီး ဘာအသိဉာဏ်မှ မရှိဘူးဆိုသည့်သဘောပေါ့။
ပြီးတော့လည်း ကိုဖေသွင့်ကို စိတ်အပျက်ကြီး ပျက်သည်။ ခြေလက်တွေ သန်စွမ်းနေပါလျှက်နှင့် သူ့ကိုယ်သူ မသန်စွမ်းအဖြစ် ခံယူသည်မှာ ကိုယ့်ကိုယ်ကိုယ် သိမ်ဖျင်းရာကျသည်ဟု ယူဆသည့်သဘောပဲပေါ့။ အင်းပေါ့လေ သည့်ကြောင့်လည်း ယောကျ်ားမဆန်သော ဂေးတစ်ယောက်ဖြစ်နေရသည်ပဲ။ ပြီးတော့လည်း အမြင်ကတ်ဖို့ကောင်းသည်က ဘယ်သူ့ကိုမှ အခြောက်လို့ မခေါ်ပါနှင့်တဲ့။
LGBT လို့ ဒါမှမဟုတ် ဂေးလို့သာ သုံးနှုန်းပါတဲ့။ ပြီးတော့ နားလေးတယ်လို့လည်း မသုံးနှုန်းဘဲ အကြားအာရုံ မသန်စွမ်းလို့သုံးပေးပါတဲ့လေ။ သို့မှသာ ယဥ်ကျေးသော လောက ကြီးကို ဖန်တီးပေးနိုင်မှာတဲ့လေ။ သည်စကားကြားတော့ ထွန်းတောက်ထိန်သည် ဟက်ကနဲ ရယ်ချလိုက်မိသည်။ ဖွတ်ပါးစပ်က နတ်စကားထွက်နေသလိုပါလား။
အကြောင်းမူကား ကိုဖေသွင် ထိုစကားကို ပြောနေချိန်၌ ကိုဖေသွင်၏ဖခင် ဦးဖေမြင့်ကို ထွန်းတောက်ထိန် ပြေးမြင်မိလိုက်သောကြောင့် ဖြစ်သည်။ ဦးဖေမြင့်သည် လူသတ်မှုနှင့် ထောင်ကျဖူးသည်ဟု ကြားဖူးသည်။ ဦးဖေမြင့်၏ ညီမနှင့်ပတ်သက်သော ကိစ္စ ဖြစ်သည်။ ညီမ၏ အမည်မှာ ဒေါ်ကြည်သာ ဖြစ်သည်။ ဒေါ်ကြည်သာ၏ လင်ယောကျ်ားမှာ ဦးဝေထွန်း ဟူ၍ ဖြစ်သည်။
ဦးဝေထွန်းတွင်လည်း ညီမ ရှိသည်။ ဦးဝေထွန်း၏ ညီမမှာ ဒေါ်ခိုင်သီ ဟူ၍ ဖြစ်သည်။ ဒေါ်ခိုင်သီ၏ လင်ယောကျ်ားအမည်ကား ဦးကျော်ခက် ဟူ၍ ဖြစ်သည်။ ဦးဝေထွန်းတို့ မောင်နှမကား အိမ်ထောင်ကိုယ်စီကျသော်လည်း မိဘပိုင်အိမ်ဝိုင်းကလေးကို နှစ်ခြမ်းခွဲကာ ခြံချင်းကပ် နေကြသည်ဆို၏။ ဦးကျော်ခက်သည် အလွန်ဆိုးသွမ်းသည်ဆို၏။ အရက်အမြဲသောက်ပြီး မူးရူးဆဲဆိုနေတတ်သည်ဆို၏။
မူးရူးရင်း ဇနီးဖြစ်သူ ဒေါ်ခိုင်သီကို ရိုက်နှက် နှိပ်စက်သည် ဆို၏။ သည့်ကြောင့် ခြံချင်းကပ်နေသော ဒေါ်ခိုင်သီ၏ အစ်ကို ဦးဝေထွန်းက သူ့ညီမကို ယောက်ဖဖြစ်သူက အမြဲလိုလို နှိပ်စက်နေသည်ကို မြင်ရပါများလာသောအခါ ကြိတ်မနိုင် ခဲမရ ဖြစ်လာသည်ဆို၏။ သို့သော်လည်း ဘာမျှ ပြန်မလုပ်နိုင်ဘဲ ရှိနေခဲ့သည်။ ဦးကျော်ခက်သည် သည်မျှ ဆိုးသွမ်းသည်မဟုတ်ဘဲ ခြံချင်းကပ် နေကြသော မောင်နှမလယ် တော်စပ်သည့် ဒေါ်ကြည်သာကိုပါ ဆဲဆိုရိုင်းပျလာခဲ့ပြန်သည်။
သည်အထိ ဦးဝေထွန်းမှာ ဘာမျှ ပြန်မလုပ်ရဲဘဲ ရှိနေခဲ့သည်။ နောက်ပိုင်း ဦးကျော်ခက်က ဒေါ်ကြည်သာအပေါ် ဆဲဆိုရုံမကတော့ လက်ပါ ပါလာသည့်အခါ ဦးဝေထွန်းသည် မနေနိုင်တော့ပေ။ သည့်ကြောင့် သူ၏ ယောက်ဖလည်း ဖြစ်သော၊ ရွာ၏ သူကြီးလည်း ဖြစ်သော၊ ရွာ၏ အချမ်းသာဆုံး ဆိုသူ၏ သားလည်း ဖြစ်သော ကိုဖေမြင့်ကို သွားရောက်တိုင်ကြားသည်ဟု ဆိုသည်။ ကိုဖေမြင့်သည် လက်ရဲဇက်ရဲနိုင်သူဖြစ်သည်။ သူ့ညီမကိုလည်း အလွန်ချစ်သည်။
ကျော်ခက်ဆိုသူက သူ့ညီမကို ဆဲဆိုနေသည့်အကြောင်းလည်း ကြားရသည်။ သို့တိုင် ဘာမျှ ပြန်မလုပ်သေး။ နောင်မှ ဦးဝေထွန်းက တိုင်ကြားလာသည့်အခါ သူ့ညီမနှင့် ဘာမျှ မဆိုင်သော ကျော်ခက်ဆိုသူက သူ့ညီမကိုပါ လက်ပါလာသည်ကို သိရသောအခါ သွေးက မနေနိုင်တော့ဘဲ နီးရာဓားကို ဆွဲပြီး ဇာတ်သိမ်းပေးလိုက်သည်ဆို၏။ သည်လိုသာ ကြားဖူးသည့်အတွက် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုသည်ကို မဝေဖန်တတ်ပေ။
သည်လို အတိတ်ဆိုးရှိသူ၏ သားဖြစ်သူက စကားကြီးစကားကျယ်တွေ ပြောနေသည်ကို ကြားရသောအခါ ထွန်းတောက်ထိန်သည် ဘာမျှ ပြန်ပြောမနေတော့ဘဲ မိန့်မိန့်ကြီးသာ ပြုံးနေမိတော့သည်။ နောင် ကိုဖေသွင် ဘာတွေပဲ ပြောလာပြောလာ လုံးဝ အဖက်လုပ်စရာမလို၊ စိတ်ထဲ ထည့်နေစရာပင် မလိုတော့ဘူးဟု တွေးနေသည်။ မတန်တော့။ အရူးစိတ်ချမ်းသာရင် ပြောပါစေ ပြီးရော့ဟု တွေးသည်။
သည်တော့ ထွန်းတောက်ထိန်သည် ရပ်ရွာကောင်းကျိုးနှင့် တိုးတက်ဖို့ကိုပဲ တွေးတောနေမိတော့သည်။ ကိုယ်က သည်ရွာ၏ အကြီးဆုံးပိုင်းမှာ နေရာ ယူနေရသည်မဟုတ်လား။ ကိုကြံမောင်ဆိုလျှင် စာသိပ်မဖတ်တတ်လို့ပါဆိုပြီး တိုးတက်ရာတိုးတက်ကြောင်းများကို သိပ်မတွေးတတ်ဘဲ ထွန်းတောက်ထိန် အကြံပေးသမျှ သိပ်ကောင်းတာပဲ ချည်း လုပ်နေတတ်သည်။
သည်ရာထူးကို ယူနေရသည့်အခါ ရွာ၏ ဘယ်နေရာကိုရောက်ရောက် စေ့စေ့ငုငု ကြည့်နေမိတတ်သည်။ ဘယ်နေရာမှာ ဘာလုပ်သင့်တယ်၊ ဘယ်နေရာက ဘာကို ဖယ်သင့်တယ် စသဖြင့် ကြည့်ရှုနေမိတတ်သည်။ ရွာကလေးသည် တဖြည်းဖြည်းနှင့် လူဦးရေ များလာ၊ အိမ်ထောင်ကိုယ်စီ ထူထောင်လာကြသည့်အခါ အိမ်အသစ်များ ထပ်မံဆောက်လုပ်လာကြပြီး ရွာကလေးက တဖြည်းဖြည်း ကျယ်လာတော့သည်။
သည့်ကြောင့်က ရွာအပြင်တွင် ရှိသော ဇရပ်ကလေးသည် ရွာအတွင်းထဲ ရောက်နေတော့သည်။ သည့်ကြောင့် ဇရပ်ကလေးကို ဖယ်ပြီး ရွာအပြင်တွင် ဆောက်သည်။ ယခင် ဇရပ်မြေနေရာသည် ဘုံပိုင်ဖြစ်သောကြောင့် ထိုမြေကို ဝယ်လိုသူကို ရောင်းမည်။ ရသောငွေကို တော်လှန်ရေးအတွက် သုံးစွဲမည်ဟု အကြံရသည်။ သည့်ကြောင့် ကိုကြံမောင့်ကို တိုင်ပင်သည်။
ကိုကြံမောင်က လက်ခံတော့ တစ်ရွာလုံးနှင့် ညှိုနှိုင်းသည်။ ဝယ်လိုသူက အလုအယက်ဖြစ်သည်။ သည့်ကြောင့် မဲဖောက်ပြီး ရောင်းရကာ မဲပေါက်သူကို ရောင်းလိုက်၏။ သည့်အပြင် အိမ်သစ်များ ချဲ့ထွင်လာသောအခါ ယခင်က လမ်းနေရာသည် မဖယ်မဖြစ် ဖယ်လိုက်ရသည်လည်း ရှိသည်။ ထိုမြေကလေးများကိုလည်း ထိုနည်းလည်းကောင်း ရောင်းလိုက်ရသည်။
ရသည့်ငွေကလေးများနှင့် ကမ့်ပ်အတွက် ကားစုတ်တစ်စီး ဝယ်ရသည်။ ကားစုတ်မို့ စျေးပေါပေါနှင့်ရသည်။ ဗျူဟာမှူးများက မစ်ရှင်ခေါ်လျှင် ကားစုတ်ကလေးနှင့် သွားရသည်။ တပ်ဖွဲ့တစ်ဖွဲ့လျှင် ကားစုတ်တစ်စီးစီတော့ ရှိကြစမြဲ ဖြစ်သည်။ ကားမှ အစုတ်မဟုတ် ဆိုင်ကယ်ဆိုလျှင်လည်း အရိုးခြောက်ဘီးလောက်သာ စီးနိုင်ကြသည့် ရဲဘော်တို့ရဲ့ ဘဝပင်။
ထွန်းတောက်ထိန်သည် သည်လောက်နှင့် မကျေနပ်နိုင်သေးပေ။ လုပ်ခွင့်ရချိန်၌ ထွန်းတောက်ထိန်၏ အမည်ကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ တစ်ရွာလုံး၊ နောင်လာနောက်သားတွေ မမေ့နိုင်တော့မည့် လုပ်ရပ်ကြီးတစ်ခုကို လုပ်ချင်မိသည်။
သည့်ကြောင့် ရှေးရှေးက ရွာလူကြီးများ မည်သို့ လုပ်ခဲ့ကြသည်ကို လေ့လာသည်။ စုံစမ်းသည်။ ပြုစုသည်။ သည်လိုလေ့လာစူးစမ်းပြုစုသည့်အခါ ထွန်းတောက်ထိန်၏ ရင်ကို အပ်နှင့် ထိုးဆွသလို ခံစားရသော အတိတ်အကြောင်းများက ပြန်ပေါ်လာသည်။ ထိုအတိတ်အကြောင်းများသည် ထွန်းတောက်ထိန် မလေ့လာခင်ကတည်းက သိပြီးသား အတိတ်များဖြစ်သည်။
အကြောင်းများကား ယခု တစ်ရွာလုံး သောက်သုံးနေသော ရေကန်ကြီးသည် ထွန်းတောက်ထိန်အတွက် တရားဝင်တော်စပ်ခွင့်မရသော ဦးဖေသိန်း ဦးဆောင်ပြီး ဆောက်လုပ်ခဲ့သည်ဟု သိရသည်။ ယခင်က ထိုရေကန်နေရာတွင် ချောက်နက်ကြီးဖြစ်သည်တဲ့။ ထိုချောက်နက်ကြီးကို ဆည်ဖို့ပြီး ရေကန်ဖြစ်စေခဲ့သည်။ ထိုရေကန်မှ ကန်ပေါင်ပေါ်ကနေ ဖြတ်သွားရသော ယာမြေအားလုံးကို ချောက်ကြီးကူးတောများဟု ယခုထိ ခေါ်နေကြသေးသည်။
သည်လူကြီးက မကောင်းတာများစွာ လုပ်ခဲ့သလို ကောင်းတာများစွာလည်း လုပ်ခဲ့ဖူးသည်ပဲ။ တကယ်ဆို ထိုလူကြီးသည် သာယာကုန်းရွာသားမဟုတ်။ ချောင်းကူးရွာသား ဖြစ်သည်။ ချောင်းကူးရွာသူရော သာယာကုန်းရွာသူရောနှင့် ပေါင်းဖက်ပြီး သာယာကုန်းရွာကလေးကို သောက်သုံးရေ ဖူလုံစေခဲ့သည်။ ဒါဖြင့်ရင် ချောင်းကူးရွာက ရေကန်ကြီးကိုလည်း အဲ့သည်လူကြီးပဲ ဖောက်လုပ်ခဲ့မည်ထင်တာပဲလေ။
နောင်များ၌ ထွန်းတောက်ထိန် ငယ်ငယ်ကျောင်းတက်နေစဥ်က ထိုရေကန်ကြီးကို နက်သထက်နက်အောင် တိုးချဲ့ဖောက်လုပ်ကြသည်။ ဦးဆောင်သူကား အခြားမဟုတ်ပေ။ အဲသည်လူကြီး ဦးဖေသိန်း၏ မြေး၊ ချောင်းကူးရွာသား ကိုကျော်အောင်ပဲ ဖြစ်လေသည်။ ကိုကျော်အောင်သည် ချောင်းကူးရွာသူနှင့်ပဲ အိမ်ထောင်ကျပြီး ချောင်းကူးရွာမှာပဲ နေလေသည်။
သို့သော်လည်း သူ့အဖိုး ဖောက်လုပ်ခဲ့သော ရေကန်ကြီးကို မတိမ်ကောအောင် ထိန်းသိမ်းပေးထားသည်။ ကိုကျော်အောင်သည် ထိုစဥ်က အစိုးရက တရားဝင်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးဖြစ်သည်။ ဆည်ဖို့အတွက် အစိုးရထံ ငွေကြေးတောင်းဆိုခဲ့သည်။ ငွေကြေးမြောက်မြားစွာ အစိုးရက ချပေးခဲ့သည်။ သည့်အပြင် ယခင်က ရွာလယ်လမ်းမကြီးသည် ချောင်းကြီးဖြစ်သည်။ ချောင်းတစ်ဝက် လူသုံးလမ်းတစ်ဝက်ဖြစ်သည်။ ထိုလမ်းကိုလည်း ချောင်းလမ်းကြီးပျောက်ကွယ်သွားအောင် ဖို့ပေးခဲ့သူမှာလည်း ဦးဖေသိန်း၏ မြေးပဲဖြစ်လေသည်။
ထိုမြေးကား မန္တလေးတွင် နေထိုင်သူဖြစ်ကာ နာမည်ကို ထွန်းတောက်ထိန် မသိတော့။ တကယ်တော့ ထိုသူသည် ထွန်းတောက်ထိန်၏ တစ်ဝမ်းကွဲအစ်ကိုဖြစ်သော်လည်း တရားဝင် မတော်စပ်သဖြင့် နာမည်ကိုစိတ်မဝင်စားတော့ပေ။ ချောင်းလမ်းတွင် ရေစီးကောင်းစေရန်၊ လမ်းကိုလည်း မတိုက်စားစေရန် ကွန်ကရစ်ခွေများ ဆက်ပြီး ရေစီးစေ၏။ ပြီးနောက် အပေါ်တွင် မြေဖို့ကာ လမ်းမကြီးကို ကျယ်ပြန့်စေခဲ့သည်။ ကွန်ကရစ်ခွေများ၏ တန်ဖိုးမှာ မနည်းလှပေ။
သည်အကြောင်းများကို တွေးမိ၊ သတိရမိသောအခါ ထွန်းတောက်ထိန်သည် အလွန်စိတ်ငြိုငြင်မိသွားသည်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် သည်သောက်မျိုးတွေနှင့်ကို ကင်းလွတ်ခွင့် မရနိုင်ပါလား။ မိမိသည်လည်း သည်သောက်မျိုးတွေလို နှစ်ပေါင်းဘယ်လောက်ကြာကြာ မမေ့နိုင်တော့မည့် လုပ်ရပ်များကို လုပ်နိုင်ခဲ့လျှင် လုပ်နိုင်ခဲ့ခြင်းက သည်သောက်မျိုးတို့၏ သွေးများ ထွန်းတောက်ထိန်၏ ကိုယ်ထဲတွင် စီးဝင်နေသောကြောင့်များလား။
သည်သို့တွေးမိသောအခါ ထွန်းတောက်ထိန်သည် ပထမဆုံးအကြိမ် မိမိဖြစ်တည်မှုကို မိမိကိုယ်တိုင် ရွံရှာမုန်းတီးမိသည်။ သည်သောက်မျိုးတွေကို ဘယ်လောက်ပဲ မုန်းမုန်း သွေးသားတော်စပ်မှုဆိုတာက တားဆီးလို့ မရဘူးမဟုတ်လား။ ပိုင်းဖြတ်လို့ မရဘူးမဟုတ်လား။
သည်သွေးကို မလိုချင်လျှင်တောင် မိမိကိုယ်ထဲမှာ စီးဆင်းနေခဲ့ပြီမဟုတ်လား။ ကိုဖေသွင်တို့၊ ဒေါ်ဖြူပြာတို့ကိုလည်း ဘယ်လောက်ပဲ မုန်းမုန်း သူတို့၏ သွေးနှင့် မိမိ၏ သွေးတို့သည် တူနေခဲ့ပြီ။ မိမိတို့သည် ဦးဖေသိန်းဆိုသူ၏ မြေးများပဲ မဟုတ်လား။
အားလုံးက ဦးဖေသိန်း၏ သားသမီးများ၊ မြေးများအဖြစ် တရားဝင်တော်စပ်ခွင့် ရနေကြပြီး မိမိသည်သာ မြေးအဖြစ် တရားဝင်တော်စပ်ခွင့် မရသည့်တိုင် ဦးဖေသိန်း၏ သွေးများကတော့ မိမိကိုယ်ထဲမှာ စီးဝင်နေခဲ့ပြီဖြစ်သည်။ ဒါကို ဘုရားပင် တားဆီးလို့ရနိုင်မည်မဟုတ်တော့ပေ။
သည်ဆွေ သည်မျိုး သည်သွေးကြောင့်ပဲလားမသိ ထွန်းတောက်ထိန်၏ အမည်ကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ မေ့နိုင်ကြတော့မည်မဟုတ်သည့်၊ သမိုင်း တွင်ကျန်ရစ်မည့် လုပ်ရပ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ ထွန်းတောက်ထိန် စိတ်ကူးရခဲ့ပါသည်။
အကြောင်းကား သာယာကုန်းရွာနှင့် ချောင်းကူးရွာအား ဖြတ်သန်းသွားလာရမည့် လမ်းမကြီးတစ်ခုကို ဖောက်လုပ်ဖို့ စိတ်ကူးပေါ်လာမိခြင်း ဖြစ်သည်။ သာယာကုန်းရွာနှင့် အနီးဆုံးရွာသည်ကား ချောင်းကူးရွာဖြစ်သည်။ ချောင်းကူးရွာသည် သာယာကုန်းရွာ၏ အနောက်ဘက်တွင် ရှိသည်။ တောင်ဘက်ရွာနှင့် မြောက်ဘက်ရွာအတွက် ဖောက်လုပ်ထားသော လမ်းမကြီးများက ရှိနှင့်ပြီးဖြစ်သည်။
အရှေ့ဘက်တွင် မည်သည့်ရွာမျှ မရှိသည့်အတွက် လမ်းဖောက်ရန် မလိုအပ်တော့။ ချောင်းကူးရွာသို့ တောလမ်းကလေးကနေ ဖြတ်နေရခြင်း ဖြစ်သည်။ လှည်းလမ်းမရှိ။ ဆိုင်ကယ်လမ်းမရှိ။ ကားလမ်းမရှိ။ ရွာချင်း နီးသဖြင့် လမ်းမကြီးကို တကူးတကဖောက်ရန် မလိုအပ်တော့ဘူးဟု ရှေးလူကြီးများက ယူဆခဲ့ဟန်တူသည်။ နီးသည်ဆိုသော်ငြား ခြေကျင်သွားလျှင် နာရီဝက်ကျော်ကျော် ကြာနိုင်သည်။ ခြေကျင်သွားလိုသူများသာ သွားကြ၏။ ဆိုင်ကယ်နှင့် သွားလိုလျှင် တောင်ဘက်ရွာ လမ်းမကြီးကနေ ကွေ့ပတ်သွားရ၏။
သည်ကာလကြီးမှာတော့ လမ်းဖောက်လုပ်ရန် လိုကိုလိုအပ်နေပြီဟု ထွန်းတောက်ထိန် အတွေးဝင်မိသည်။ အဘယ်ကြောင့်မူ သာယာကုန်းရွာကလေးသည် တခြားရွာများထက် စစ်ရှောင်ရပေါင်းများ၏။ အရှေ့ဘက်မှ စက်မှုသို့ စစ်ခွေးများ အလုံးလိုက် အရင်းလိုက်နှင့် ရောက်လာတိုင်း ကြိုတင်စစ်ရှောင်ထားရသည်။ စစ်ရှောင်လျှင် ချောင်းကူးရွာနှင့် တောင်ဘက်ရွာများသို့ ရှောင်ကြရခြင်း ဖြစ်သည်။ ချောင်းကူးရွာသို့ စစ်ရှောင်ရလျှင် ခြေကျင်သာ ရှောင်နေရပြီး ဆိုင်ကယ်များ၊ လှည်းများ၊ ကားများနှင့် ရှောင်ရန်အတွက် လမ်းမရှိပေ။
သည့်ကြောင့် ချောင်းကူးရွာထက် ဝေးသော တောင်ဘက်ရွာသို့ အလျင်ဖြတ်ပြီး ချောင်းကူးရွာသို့ ဝင်ရသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကိုကြံမောင်နှင့် တိုင်ပင်သည်။ ကိုကြံမောင်က သည်တစ်ခါတော့ ပြောနေကျစကားထက်ပိုပြီး “ဒီတစ်ခါ မင်းပေးတဲ့အကြံက ခါတိုင်းအကြံတွေထက် အကောင်းတကာ့အကောင်းဆုံးပဲ” ဟု ထောက်ခံသည်။
သို့သော်လည်း ထို ရည်မှန်းချက်သည် လွယ်လွယ်နှင့် ဖြစ်မြောက်နိုင်မဟုတ်သော ရည်မှန်းချက်ဖြစ်သည်။ အကြောင်းမူကား လမ်းဖောက်လုပ်ဖို့အတွက်ဆို ယာမြေများပေါ် ဖြတ်ရမည်။ ယာရှင်များက မြေကို ပေးရလိမ့်မည်။
သည့်အတွက် ထွန်းတောက်ထိန်တို့မှာ ငွေကြေးငွေ တစ်ပြားတစ်ချပ်မျှ ပေးနိုင်မည်မဟုတ်ပေ။ နားလည်မှုနှင့်သာ လုပ်ဆောင်မှ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည်။ နားမလည်လျှင် ရှေ့ရှေ့က လုပ်ဆောင်ခဲ့သော အဖြစ်အပျက်များကို ချပြပြီး နားလည်အောင် ပြောရမည်။
ရှေ့မှာလည်း ယခု သုံးနေသော လမ်းများသည် ပြည်သူများ၏ ယာမြေများပေါ် ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ လျော်ကြေးငွေ မပေးခဲ့ရကြောင်း၊ နားလည်ပေးမှ ဖြစ်မည်ဖြစ်ကြောင်း၊ ဤသည်မှာလည်း ရွာ့ကောင်းကျိုးအတွက်ဖြစ်ကြောင်း၊ ကောင်းကျိုးရရှိသူတွေထဲမှာ ယာရှင်များလည်း ပါဝင်ကြောင်း ရှင်းပြရမည်။
သည့်ကြောင့် ထွန်းတောက်ထိန်သည် ကိုကြံမောင်နှင့် တိုင်ပင်ပြီး ရွာလူကြီးများ အားလုံးကို စုဝေးကာ တိုင်ပင်ရသည်။ ကံကောင်းစွာပင် ရွာလူကြီးများ အားလုံးက ထောက်ခံကြ၏။ ယာရှင်များကတော့ လက်မခံဘူးဟု မပြောသည့်တိုင် ဝမ်းနည်းပက်လက်နှင့် တရှုတ်ရှုတ် ငိုနေသည်ကို တွေ့ရလေသည်။
ချောင်းကူးရွာသို့ လမ်းဖောက်မည့်ကိစ္စကို သာယာကုန်းရွာ တစ်ရွာလုံးက လက်ခံပေးကြသည့်တိုင် ရာနှုန်းပြည့် မဖြစ်နိုင်သေးပေ။ သည်လမ်းအတွက် ထောက်ခံချက်မှာ သာယာကုန်းရွာ၏ ထောက်ခံချက်တင်မက ချောင်းကူးရွာတစ်ရွာလုံး၏ ထောက်ခံချက်လည်း လိုအပ်သေးသည်။
ဖောက်လုပ်မည့်လမ်းသည် သာယာကုန်းရွာအတွက်သာ ကောင်းကျိုးများသည်မို့ လျှောလျှောရှုရှု လက်ခံကြခြင်း ဖြစ်သည်။ ချောင်းကူးရွာအတွက်တော့ သိပ်ပြီး ကောင်းကျိုးမဖြစ်သည့်အတွက် ချောင်းကူးရွာတစ်ရွာလုံး၏ ထောက်ခံချက်ရဖို့ရာက သိပ်ပြီး မသေချာပေ။ အဘယ်ကြောင့်မူ ချောင်းကူးရွာသည် သာယညကုန်းရွာထံသို့ တစ်ကြိမ်တစ်ခါမျှ စစ်ရှောင်မသွားကြရဘူးမဟုတ်လား။
သို့တိုင် ထွန်းတောက်ထိန် စိတ်ဓာတ်မကျပေ။ ချောင်းကူးတစ်ရွာလုံး လက်ခံနိုင်အောင် ချောင်းကူးရွာမှ ကိုကျော်အောင်ကို အပူကပ်ရမည်။ ယခုအချိန် ကိုကျော်အောင်သည် ချောင်းကူးရွာကိုတင် အုပ်ချုပ်နေသည်မဟုတ် အရှေ့မြို့နယ်နှင့် မြောက်မြို့နယ်၏ အပဖ (အုပ်ချုပ်ရေး) ခေါင်းဆောင်ဖြစ်သည်။
သည့်ကြောင့် ကိုကျော်အောင်ပြောလျှင် ချောင်းကူးတစ်ရွာလုံး လက်ခံနိုင်တန်ကောင်းသည်။ သည်ကိစ္စမှာတော့ ကိုကျော်အောင်နှင့် ထွန်းတောက်ထိန်မှာ တရားမဝင်သော ညီအစ်ကိုတစ်ဝမ်းကွဲမို့ မပတ်သက်ချင်သော်လည်း မတတ်သာသည့်အတွက် အပူကပ်ဖြစ်အောင် ကပ်ရပေလိမ့်မည်။
ကိုကျော်အောင်ကား အများကောင်းကျိုးကိစ္စဆိုလျှင် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ပါဝင်တတ်သည်မဟုတ်လား။ သည့်အပြင် သူ၏ တရားမဝင်သော တစ်ဝမ်းကွဲညီလေး၏ တောင်းဆိုချက်မို့ ဖြစ်မြောက်လာအောင် ဖြည့်ဆည်းပေးလိမ့်မည်ဟု ထင်သည်။ ကိုကျော်အောင်သည် ချောင်းကူးရွာသားဖြစ်သော်လည်း ငယ်ငယ်က သာယာကုန်းရွာ ဘုန်းကြီးကျောင်းတွင် ပညာသင်ယူရင်း နေခဲ့ဖူးရာ တစ်ရွာလုံးနှင့် ရင်းနှီးသည်။ ရွာလူကြီးများ၏ အမည်အားလုံးကို သိသည်။ သည့်ကြောင့် မည်သူ၏ သားဖြစ်သည်ကိုလည်း သိကို သိပါလိမ့်မည်။
သည့်ကြောင့် တစ်နေ့တွင် ထွန်းတောက်ထိန်သည် ကိုကြံမောင်နှင့်အတူ ကိုကျော်အောင့်အိမ်သို့ ရောက်ရှိခဲ့ကြသည်။ ကိုကျော်အောင်က နွေးထွေးစွာ ကြိုဆို၏။ ထွန်းတောက်ထိန်သည် ကိုကျော်အောင်၏ အိမ်သို့ ရောက်တော့ အိမ်တွင်းကို ဝေ့ဝဲကြည့်မိသည်။ မီးဖိုချောင်တွင် ကိုကျော်အောင်၏ ဇနီးဖြစ်ဟန်တူသူက ထမင်းချက်နေသည်။
သမီးကြီးဖြစ်ဟန်တူသူက သူ၏ သားကလေးကို ကျောင်းဝတ်စုံလေးများ ဝတ်ပေးနေ၏။ ကိုကျော်အောင်၏ သမီးမှာ CDM ဝင် ထားသည်ဆိုသည်မှာ ထိုသမီးဖြစ်ဟန်တူသည်။ ကိုကျော်အောင်၏ သားနှစ်ယောက်ကတော့ သူတို့၏ လပိုင်းအရွယ်ကလေးများကို ပွေ့ပိုက်ထားသည်။ ထိုသားနှစ်ယောက်ကား ပီဒီအက်ဖ်များဖြစ်သောကြောင့် ထွန်းတောက်ထိန်နှင့်ရင်းနှီး၏။
ယူနီဖောင်းကိုယ်စီဝတ်ပြီး ထွက်သွားကြသည့် အမျိုးသမီးငယ်သုံးဦးကား ကိုကျော်အောင်၏ သမီးငယ်လေးနှင့် ချွေးမနှစ်ယောက် ဖြစ်လိမ့်မည်။ သူမကလေးတို့သည် NUG အစိုးရ၏ လက်အောက်တွင် ဖွင့်ထားသော ကြားကာလစာသင်ကျောင်း၌ ဆရာမ ဝင်လုပ်နေကြခြင်း ဖြစ်သည်။ တစ်မိသားစုလုံးသည် တိုင်းပြည်၏ ကျရာနေရာမှာ တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည်။ သေချာတွက်ကြည့်လျှင် ကိုကျော်အောင့်အိမ်၌ မိသားစုဝင် ဆယ်ယောက်ကျော်၏။
သိုက်သိုက်ဝန်းဝန်းရှိသော မိသားစုကြီးဟု ပြောရမည်။ သည်မိသားစုကြီးနှင့် ငါက ဆွေမျိုးတော်စပ်နေတာပါလားဟု ထွန်းတောက်ထိန် တွေးနေမိသည်။ သို့တိုင် တရားမဝင်ပြန်သဖြင့် ဝမ်းနည်းသလိုလို အားငယ်မိသလိုလို ခံစားရသည်။ ဆွေမျိုးတော်စပ်လျှင်တောင် တော်စပ်သည်ဟု ပြောခွင့်မရသော အခြေအနေမျိုးမဟုတ်လား။ သည့်ကြောင့် သည်နယ်မှ တော်လှန်ရေးသမားအားလုံးက ကိုကျော်အောင့်အား ဦးလေးကျော်ဟု ခေါ်ဝေါ်ကြရာ ထွန်းတောက်ထိန်သည်လည်း အစ်ကိုတော်သည့်တိုင် ဦးလေးကျော်ဟု ခေါ်နေရသည်။ ထွန်းတောက်ထိန်တောင် သည်လို အားငယ်မှုမျိုး ခံစားရလျှင် အမေဆို ဘယ်လောက်တောင် အားငယ်ခဲ့ရလိမ့်မည်လဲ။
ကိုကျော်အောင်၏ သမီးနှင့် ဇနီးက ကော်ဖီ၊ လက်ဖက်သုပ်များ လာချပြီး ဧည့်ခံကြသည်။ ပြီးနောက် လာရင်းကိစ္စကို ဆွေးနွေးဖြစ်ကြသည်။ ကိုကျော်အောင်၏ သားနှစ်ယောက်က ကလေးကိုယ်စီ ပွေ့ထိန်းရင် ဘေးနားမှာ ထိုင်ကာ နားထောင်နေကြသည်။
ကိုကြံမောင်ရော ထွန်းတောက်ထိန်ရော ကိုကျော်အောင်နားဝင်အောင် ရှင်းပြသည်။ ကိုကျော်အောင်က ခေါင်းတညိတ်ညိတ်နှင့် စူးစိုက်နားထောင်သည်။ ပြီးနောက် သိပ်ကောင်းတဲ့အကြံအစည်ပါ၊ ရွာက ယာရှင်တွေရဲ့ ထောက်ခံချက်ရအောင် ရှင်းပြလိုက်ပါ့မယ် ဟု ဆိုသည်။
ထင်သလိုပင် ချောင်းကူးရွာသူရွာသားများ၏ ထောက်ခံချက်ကို လွယ်လွယ်နှင့် မရခဲ့ကြောင်း ကြားသိရသည်။ သို့တိုင် ကိုကျော်အောင်က နားဝင်အောင် ဇွဲမလျှော့ဘဲ ရှင်းပြနိုင်ခဲ့သည်။ သည့်ကြောင့် လမ်းဖောက်လုပ်ခြင်းကိစ္စကို အကောင်အထည် ဖော်ခွင့် ရလိုက်သည်။ လမ်းဖောက်လုပ်ရာမှာ ကုန်ကျမည့် ငွေကြေးကို ချောင်းကူးရွာမှ တစ်ပြားမှ မကုန်ကျစေရဘဲ ထွန်းတောက်ထိန်တို့ ရွာဘုံပိုင်မြေကွက်ကလေးကို ရောင်းရသည့် ငွေများနှင့် စိုက်ထုတ်လိုက်သည်။
လမ်းမကြီးကို ဘူဒိုဇာကားကြီးဖြင့် ဖောက်လုပ်ရာ တစ်ရက်အတွင်း ပြီးဆုံးသွားသည်။ သည့်ကြောင့် သာယာကုန်းရွာကနေ ချောင်းကူးရွာသို့ အလွယ်တကူ ဖြတ်နိုင်ခဲ့သည်။ ဆိုင်ကယ်ကလေးနှင့်ဆို ငါးမိနစ်သာ ကြာတော့သည်။
လမ်းမကြီးကို ကြည့်ပြီး ထွန်းတောက်ထိန် ဝမ်းသာသည်။ သည်လမ်းမကြီးသည် ထွန်းတောက်ထိန် အလျင်ဦးဆုံး ဖောက်လုပ်ရန် စိတ်ကူးပေါက်ခဲ့သဖြင့် သည်လမ်းမကြီး တည်ရှိနေသရွေ့ ထွန်းတောက်ထိန်၏ အမည် ကျန်ရှိနေလိမ့်မည်ဟု တွေးကာ ပီတိတဖြာဖြာ ဖြစ်နေမိသည်။
နောင် ရက်များ ကြာသည့်အခါ၌ သည်လမ်းမကြီး ဖောက်လုပ်သည့်အတွက် ဆိုးကျိုးတစ်ခုကို ကြုံခဲ့ရသည်။ ထိုဆိုးကျိုးကား တစ်ခုသော တန်ဆောင်တိုင်ညတွင်ဖြစ်သည်။ ချောင်းကူးရွာ၌ ရွာသူရွာသားများက တောင်သူတစ်ဦး၏ နွားတစ်ကောင်ကို စနောက်သည့်သဘောနှင့် ဝှက်ထားလိုက်သည်ဆို၏။
သည့်ကြောင့် တောင်သူကြီးက နွားပျောက်သည်ဆိုပြီး အကြီးအကျယ်သောင်းကျန်းနေသည်တဲ့။ သည့်ကြောင့် ကိုကျော်အောင်၏ သားဖြစ်သော ပီဒီအက်ဖ်တစ်ယောက်က ဝင်ရောက်ကာ မနက်ကျ ပြန်ပို့ပေးပါ့မယ် ဟု ပြန်ဖြေလိုက်သည်တဲ့။ သည်တော့ နွားကို ဝှက်ထားသူမှာ သူသာဖြစ်ကြောင်း တောင်သူကြီးက ယူဆလိုက်ဟန်တူသည်။
သည့်ကြောင့် အိမ်ထဲ ပြေးဝင်ကာ ဓားကိုဆွဲပြီး ကိုကျော်အောင်၏ သားထံ ပြေးလာကာ လည်ပင်းကို ခုတ်လိုက်သည်တဲ့။ လက်ညှိုးတစ်ချောင်းစာ ဓားရာကြီး ခပ်ဟဟ ဖြစ်သွားရသည်တဲ့။ သည့်ကြောင့် ညကြီးမင်းကြီး မြို့ကြီးမှဆေးရုံဆီသို့ ပို့ဆောင်လိုက်ရသည်တဲ့။ အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ရသည်တဲ့။
သည်အဖြစ်အပျက်ကြောင့် လူတိုင်းက ဝေဖန်ကြသည်။ ထင်ကြေးပေးကြသည်။ “သည်ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ဓားနဲ့ခုတ်တယ်ဆိုတာ တော်ရုံအကြောင်းကြောင့် မဖြစ်နိုင်ဘူး၊ ချောင်းကူးရွာနဲ့ သာယာကုန်းရွာ လမ်းဖောက်တဲ့ကိစ္စကို အကြီးအကျယ် ကန့်ကွက်သူထဲမှာ အဲဒီလူလည်း ပါတယ်လေ၊ သူ့ယာပေါ်လည်း ပါသွားတာကိုး၊ ဒါ့ကြောင့် ရန်ငြိုးထားပြီး ဓားနဲ့ ခုတ်တာဖြစ်ရမယ်”
သည်အဖြစ်အပျက်ကြောင့် ထွန်းတောက်ထိန်သည်လည်း ကြောက်စိတ်ဝင်မိသည်။ ကိုယ့်ကို ရန်လုပ်လာမည်လားပေါ့။ နောင်တော့မှ သာယာကုန်းရွာတွင် ကန့်ကွက်သူ မရှိသဖြင့် စိတ်အေးသွားခဲ့ရသည်။ ကိုကျော်အောင်၏ သားအတွက် စိတ်မကောင်းရုံသာ တတ်နိုင်သည်။
ကိုကျော်အောင်၏ သားသည် ဒဏ်ရာသက်သာသွားသည့်အခါ ဓားခုတ်ခံရသော လည်ပင်းဘက်သို့ ဦးခေါင်းလှည့်လို့ မရတော့ပေ။ သည်အဖြစ်အပျက်မှာ ထွန်းတောက်ထိန်၏ အပြစ်လည်း ပါသည်။ မိမိစတင်ခဲ့သော အစီအစဥ်ကြောင့် မဟုတ်လား။
သည့်ကြောင့်လည်း ကိုကျော်အောင်၏သား ခွဲစိတ်ပြီး ပြန်လာချိန်၌ စိတ်မကောင်းဖြစ်မိကြောင်း သတင်းမေးရင်း သွားပြောဖြစ်ခဲ့သည်။ ကိုကျော်အောင်နှင့်သားက နားလည်ပေးကြသည်။ အပြစ်တစ်စုံတရာ ဆိုဟန်ပင် မပြ။
“ဖြစ်တတ်ပါတယ်၊ ဒါမျိုးက ကြုံရတတ်ပါတယ်၊ “သူတည်းတစ်ယောက် ကောင်းဖို့ရောက်မှု သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း” ဆိုတဲ့ စာပိုဒ်လည်း အရှိသားပဲ မဟုတ်လား၊ ဒီလောက်တော့ ပေးဆပ်ရမှာပဲလေ”
“အင်းပေါ့ဦးလေးကျော်ရယ်”
“တစ်နေ့တော့ ကိုယ့် စေတနာကို သူတို့နားလည်မှာပါ၊ ဒါ့ကြောင့် ကိုယ်က လူကြီးလူကောင်းဆန်ဆန်နဲ့ နားလည်ခွင့်လွှတ်ပေးရမယ်”
“ဪ ဒါဆို အဲဒီလူကို အရေးမယူတော့ဘူးပေါ့နော်”
“အရေးမယူလို့တော့ မဖြစ်ဘူးလေ၊ ကိုယ်က ဘယ်လောက်ပဲ ခွင့်လွှတ် ခွင့်လွှတ် ဥပဒေကိုတော့ ကိုယ်က ဥပဒေကို လိုက်နာရမှာပဲ၊ ဒါ့ကြောင့် သည့်အပြစ်အတွက် ဥပဒေအတိုင်း စီစဥ်ရမှာပေါ့”
“အင်းပေါ့ဗျာ”
■ ထွင်
အပိုင်း (၁၆) ဆက်ရန်….







