အပိုင်း (၁၃)
ကန်တော်သာပျူစောထီးရွာအား သိမ်းပိုက်ရန် အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း ဥဒေါင်းမင်းတပ်သားများက စုပေါင်းတိုင်ပင် ဆုံးဖြတ်ပြီးသောအခါ ဗျူဟာမှူးအား အကြောင်းကြားလိုက်ကြတော့သည်။
ဗျူဟာမှူးက ကန်တော်သာပျူစောထီးရွာအား သိမ်းပိုက်ရန်အတွက် နှစ်လသာ အချိန်ပေးထားသော်လည်း ပြည်သူများကို ငဲ့ညှာသောအားဖြင့်၊ ပျူစောထီးများလည်း အလင်းဝင်လာသောကြောင့် သတ်မှတ်ချိန်ထက် နှစ်လ ကျော်လွန်သွားရာ လေးလခန့် ကြာမြင့်သွားခဲ့သည်။
ဗျူဟာမှူးက လာမည့်မစ်ရှင်အတွက် တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံအား အသင့်ပြင်ထားရန် သတိပေးထားသောကြောင့် အားလုံးကလည်း အသင့်ပြင်ထားရာ လက်ထဲတွင် ကျည်ဆန်အလုံအလောက် ရှိနေခဲ့ကြပြီ။ တိုက်ခိုက်ရေးအတတ်များကိုလည်း ကျွမ်းကျင်နေခဲ့ကြပြီ။
မစ်ရှင်ဖော်ဆောင်ရာတွင် ပျူစောထီးများ၏ အကူအညီများကို ယူခဲ့ရသည်။ မြေပြင်အခြေအနေများကို အသေးစိတ် မေးမြန်းမှတ်သားသည်။ ဘယ်နားတွင် ကင်းပုန်းစခန်းရှိကြောင်း၊ ဘယ်နားတွင် ဘယ်သူနေပြီး ဘယ်နားတွင် ဘယ်သူအခြေချကြောင်း၊ ဘယ်နားကနေ ချည်းကပ်လျှင် အဆင်ချောနိုင်ကြောင်း သေချာမေးမြန်းပြီးနောက် ဗျူဟာမှူးကို ရှင်းပြကြသည်။ ဗျူဟာမှူးလည်း မြေပြင်အခြေအနေကို သေချာသိရပြီးနောက် မစ်ရှင်ဖော်ဆောင်မည့်ရက်ကို သတ်မှတ်လိုက်သည်။
မစ်ရှင်ဖော်ဆောင်မည့်ရက်၌ ဗျူဟာမှူး ဖိတ်ခေါ်ထားသော မိတ်ဘက်တပ်သားများစွာ ရောက်လာကြသည်။ အင်အားရာကျော်ရှိသည်။ အားလုံးသည် ယူနီဖောင်းကို ကျကျနန ဝတ်လာကြသည်။ သေနတ်ကို တင်းတင်းဆုပ်ကိုင်လာကြသည်။ ကျည်အိမ်ထဲ ကျည်အပြည့်ဖြည့်ပြီး အကူတပ်သားများက အရန်ကျည်များစွာ အသင့်ဆောင်သယ်လာကြသည်။ ထွန်းတောက်ထိန်ကတော့ အရန်တပ်နေရာမှာ တာဝန်ယူသည်။ သည်လိုမစ်ရှင်မျိုး၌ ထွန်းတောက်ထိန်၏ ရာထူးသည် ပမွှားလေးသာ ဖြစ်သည်။
အထက်လူကြီးများသည် စစ်ရေးတာဝန်ကို နှံ့နှံ့စပ်စပ် သိသူများချည်းဖြစ်သည်။ အရဲကိုးလွန်းသော ဟိန်းထက်တို့ ညှက်စိတို့၊ ပေတိုးတို့က ရှေ့တန်းမှာ နေကြသည်။
နှစ်ရက်အတွင်း၌ ကန်တော်သာပျူစောထီးရွာအား သိမ်းပိုက်နိုင်ခဲ့ကြပါသည်။ မစ်ရှင်အတွက် သေချာအချိန်ယူ လေ့လာသုံးသပ်ခဲ့ကြသည့်အတွက် မစ်ရှင်အောင်မြင်ခြင်းဖြစ်သည်။ သည့်အပြင် ရန်သူ့တပ်တွင် အင်အားနည်းပါးနေသောကြောင့်လည်း ပါဝင်သည်။ စစ်ခွေး၊ ပျူစောထီးခွေးများအားလုံး သေဆုံးကုန်ကြသည်။ အရှင်မိသူများရှိသော်လည်း ခုခံကြသဖြင့် အသေပစ်သတ်ခဲ့ကြရသည်။
စစ်ခွေးစခန်းများကို တော်လှန်ရေးသမားများက နောက်နောင် ပြန်လည်အခြေချလို့မရအောင် အစိပ်စိပ်အမွှာမွှာ ဖျက်ဆီးပစ်သည်။ မီးရှို့တန်ရှို့သည်။ ကန်တော်သာ ပျူစောထီးရွာအား သိမ်းပိုက်ရရှိသွားသော သတင်းသည် မြောက်မြို့နယ်နှင့် အရှေ့မြို့နယ်တဝိုက်တွင် ဟုန်းဟုန်းထ နာမည်ကြီးသွားခဲ့သည်။ စစ်အာဏာရှင်ကို ရွံမုန်းသူတိုင်း ပျော်ကြ၏။ အပျော်ဆုံးကာ ကန်တော်သာရွာမှ ပြည်သူများပဲ ဖြစ်လိမ့်မည်။ သူတို့သည် ကိုယ့်ရွာကို ပြန်လည် ရရှိသွားပြီမဟုတ်လား။
ကိုယ့်အိမ်ကို ပြန်နေနိုင်ကြတော့မည်မဟုတ်လား။ တောင်သူအလုပ်များ ပြန်လုပ်ပြီး ဘဝသစ်ကို တစ်ကနေ ပြန်စကြတော့မည်မဟုတ်လား။ ပြီးလျှင် ညမကူးခင်မှာပဲ ထိုသတင်းသည် ဖေ့ဘွတ်တခွင်မှ ခေါင်းကြီးသတင်းများတွင် ပျံ့နှံ့သွားတော့သည်။ မစ်ရှင်တွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့များအားလုံး ချီးကျူးဂုဏ်ပြုခံရသည်။ စစ်အာဏာရှင်ကို ရွံမုန်းသော နိုင်ငံတဝန်းမှ ပြည်သူများအားလုံး တော်လှန်ရေးကြီး အပြီးသတ်အောင်သွားသလို ပျော်ရွှင်ကြသည်။
နောင်နေ့၌ ကိုဖေသွင်က ထွန်းတောက်ထိန် ကန်တော်သာရွာထံတွင် ကွင်းဆင်းလေ့လာချင်သဖြင့် လိုက်ပို့ပေးပါလားဟု ပူဆာလာသည်။ ထိုပူဆာမှုကို ထွန်းတောက်ထိန်သည် အလွန်အမင်း စိတ်ပျက်မိလှသဖြင့် ကိုဖေသွင်လို အကြားအာရုံ မသန်စွမ်းနေတာမဟုတ်ဘဲနှင့် မကြားချင်ယောင်ဆောင်ကာ မျက်နှာလွှဲလိုက်သည်။ ဘယ်လိုသောက်ခြောက်ကြီးပါလိမ့်။
တိုက်ပွဲမှာလည်း ဘယ်နေရာမှာမှ မပါဘဲနှင့် ကွင်းဆင်းလေ့လာမယ်ဆိုတော့ သူများ၏ လုပ်ဆောင်မှုတွေကို အစားဝင်ခံမလို့များ ကြံစည်နေသလား။ သည်အကြောင်းကြောင့်တင်မက ထွန်းတောက်ထိန်သည် ကိုဖေသွင်လို ဂေးမျိုးကို ရွံရှာမုန်းတီးလှသဖြင့် ခရီးအတူသွား၊ ဘေးချင်းယှဥ်ထိုင်ဖို့ နေနေသာသာ စကားပင် မပြောချင်ပေ။ သည်တော့မှ ကိုဖေသွင်က ဟိန်းထက်ဘက်လှည့်ပြီး အကူအညီတောင်းသည်။
“လိုက်ပို့ပေးစမ်းပါဟိန်းထက်ရယ်၊ ငါ တော်လှန်ရေးအဖွဲ့ထဲ ဝင်တယ်ဆိုတာက တော်လှန်ရေးကို ကိုယ်တတ်နိုင်တဲ့ နေရာလေးကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ဖြစ် ဝင်ပါချင်လို့တင်မက တော်လှန်ရေးအတွေ့အကြုံလေးတွေကိုလည်း စာတစ်ပုဒ်အဖြစ် ဖန်တီးချင်လို့ပါ၊ သည်လို ရည်ရွယ်ချက်နဲ့ ဝင်လာပေမယ့်လည်း ဟိုမှာနေတုန်းက အပြင်တောင်မထွက်ရလို့ ဘာအတွေ့အကြုံမှ မရခဲ့ဘူး၊ အခုတော့ ငါ့ကို တားမယ့်သူ မရှိတော့လို့ မင်းလိုက်ပို့ပေးစမ်းပါ၊ လုပ်ပါနော်၊ စာမူခရရင် မုန့်ဖိုးပေးပါ့မယ်”
ဟိန်းထက်က လျှောလျှောရှူရှူ လက်ခံသည်။ ဟိန်းထက်သည် ကိုဖေသွင်ကို ဆွေမျိုးလို သဘောထားသည်ကို ထွန်းတောက်ထိန် သတိထားမိနေသည်။ ရေအိုင်ရွာသို့ စတားလင့်အင်တာနက်အသုံးသွားမလို့၊ ဝယ်စရာလေးရှိလို့၊ ဟင်းချိုမှုန့်လေး ကုန်လို့ ဆိုပြီး ဟိန်းထက်နှင့် ထွက်ထွက်သွားသည့်အကြိမ်ရေလည်း မနည်းတော့။ တစ်ခါတစ်ခါဆို ညကြီးမှ ပြန်လာကြ၏။
တကယ့်တကယ်ဆို ဟိန်းထက်နှင့် ကိုဖေသွင်မှာ ဘာမျှမတော်စပ်။ ကိုဖေသွင်၏ အစ်မ မဖြူပြာ၏ ယောကျ်ားမှာ ဟိန်းထက်အဖေ၏ ညီအရင်း ဖြစ်သည်။ သည့်ကြောင့် ကိုဖေသွင်၏ တူမလေးဖြစ်သော ဒေါ်ဖြူပြာ၏ သမီးလေးနှင့် ဟိန်းထက်မှာ တစ်ဝမ်းကွဲ မောင်နှမ တော်စပ်သည်။ သည်တော့ ဟိန်းထက်နှင့် ကိုဖေသွင်မှာ သွေးသားတစ်စက်ပင် မတော်စပ်။ ဒါကိုပင် ဟိန်းထက်က ဆွေမျိုးတော်သလို ဆက်ဆံနေတော့ ဟိန်းထက်ကို ထွန်းတောက်ထိန် စိတ်ကွက်မိသည်။
တစ်နေ့ကျလျှင် ကိုဖေသွင်နှင့် ဖက်လဲတကင်းမနေဖို့ သတိပေးရမည်ဟု တွေးသည်။ သည်လိုနေနေလျှင် လူတွေအမြင်မှာ ဟိန်းထက်ကို သောက်ခြောက်ကြီးနှင့် ရည်ငံနေသည်ဟု လူတွေပါးစပ်ဖျားမှာ ပြောလာကြလိမ့်မည်မို့ အနေအထိုင် ဆင်ခြင်ရန် ရှင်းပြရမည်။
ကိုဖေသွင်သည် စာရေးသူဖြစ်သောကြောင့် အွန်လိုင်းပေါ်တွင် လူချစ်လူခင်များသည်ဟု ကြားသိရသည်။ ပရိသတ်လည်း ပေါသည်တဲ့။ တော်လှန်ရေးအဖွဲ့ထဲမှာ တော်လှန်စားဖိုမှူးလုပ်နေကြောင်း သူ့ပရိသတ်များက သိသောကြောင့် ချစ်ခင်လေးစားစိတ်နှင့် အဖွဲ့အတွက် ငွေတွေ လှူကြသည်။ ကိုဖေသွင်က ကိုယ်ပိုင်ငွေအကောင့် မသုံးစွဲဘူးဟု ဆိုသည်။
အဖွဲ့အတွက် ငွေဝင်လျှင် ထွန်းတောက်ထိန်၏ ကေပေအကောင့်ထဲ လွဲပြီး အလှူမှန်သမျှ အကုန်အပ်သည်။ သည်နေရာမှာတော့ ကိုဖေသွင်ကို ထွန်းတောက်ထိန် ကျေးဇူးတင်ပါသည်။ အားကိုးရပါသည်ဟု အသိအမှတ်ပြုသည်။ အဘယ်ကြောင့်မူ ထွန်းတောက်ထိန်အတွက်တော့ အလှူငွေခံလျှင် ကိုယ့်ရွာက မိတ်ဆွေများထံက အလှူခံရသည်။ ပြင်ပက မိတ်ဆွေများမရှိ။ ကိုဖေသွင်ကတော့ ပြင်ပမိတ်ဆွေများထံက အလှူငွေရသည်။ ကိုယ့်ရွာကပြည်ပမိတ်ဆွေများထံက အလှူမခံ။ ထွန်းတောက်ထိန်တို့ လစဥ်အလှူခံနေမှန်း သိသောကြောင့်ဟု ဆိုပါသည်။
တော်လှန်ရေးကြီးသည် တစ်ခါအောင်မြင်လျှင် လက်ကီးကောင်းတတ်သည်ဟု ပြောရမည်။ ကန်တော်သာရွာအား သိမ်းပိုက်ပြီးသောအခါ၌ ထွန်းတောက်တို့ရွာဖြစ်သော သာယာကုန်းရွာ၏ မြောက်ဘက်တွင်ရှိသည် ဝက်ချေးပျူစောထီးရွာအား ဆက်လက်သိမ်းပိုက်မည်ဟု ဗျူဟာမှူးက အမိန့်ထုတ်ပြန် ကြေညာသည်။
သို့ပါသော်လည်း ဝက်ချေးပျူစောထီးရွာအား သိမ်းပိုက်ဖို့ပင် မချည်းကပ်ရသေး ဝက်ချေးပျူစောထီးရွာမှ ပျူစောထီးများနှင့် စစ်ခွေးများအားလုံးသည် စခန်းကို စွန့်ခွာကာ ကန်တော်သာပျူစောထီးရွာအား သိမ်းပိုက်ပြီးသွားသည့် ညမှာပဲ ကြောက်ချေးပန်းပြီး အရှေ့တွင်ရှိသော စက်မှုသို့ ပြေးသွားကြလေသည်။ ကန်တော်သာရွာနှင့် ဝက်ချေးရွာကြားမှာ လေးရွာခန့်သာ ခြားသဖြင့် ကန်တော်သာရွာကို သိမ်းပိုက်ပြီးသွားလျှင် ဝက်ချေးပျူစောထီးရွာကို သိမ်းပိုက်မည်ထင်ပြီး သိမ်းပိုက်လာမည်ကို စောင့်မနေဘဲ ထွက်ပြေးတိမ်းရှောင်သွားကြဟန်တူပါသည်။
သည့်ကြောင့် ဝက်ချေးပျူစောထီးရွာကိုလည်း တော်လှန်ရေးသမားများက သိမ်းပိုက်ရရှိလိုက်သည်။ သည့်ကြောင့် ဖေ့ဘွတ်တခွင်တွင် အရှေ့မြို့နယ်မှ တော်လှန်ရေးသမားတို့၏ အောင်မြင်မှုထောပနာသံများမှာ မတိတ်တော့ပေ။ အရှေ့မြို့နယ်နှင့် မြောက်မြို့နယ်တို့သည် တော်လှန်ရေးသမားများ စိုးမိုးနိုင်လိုက်ပြီဖြစ်သော မြို့နယ်များဖြစ်ကြောင်း တစ်နိုင်ငံလုံးက သိသွားကြသည်။ စစ်အာဏာရှင်ဘက်က လုံးဝ အုပ်ချုပ်ခွင့်မရတော့ပေ။ ဝက်ချေးရွာ၏ ရန်ကို စိုးတထိတ်ထိတ် ဖြစ်နေရသော ဘေးပတ်ဝန်းကျင်မှ ရွာများအားလုံးသည်လည်း ကခုန်ပျော်ပါးကြသည်။ သာယာကုန်းရွာလေးသည်လည်း အပါအဝင်ဖြစ်သည်။ ဝက်ချေးရွာသူရွာသားများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။
တော်လှန်ရေးသမားများလည်း အောင်ပွဲများကို ကိုယ့်တပ်ကိုယ်စီမှာ ကျင်းပကြသည်။ အလှူငွေများ တသောသော ဝင်လာသဖြင့် ထိုငွေများဖြင့် ဘီယာများ ဖာလိုက်ကြီးဝယ်ကာ သောက်စားပျော်ပါးကြသည်။ ပြည်သူအချို့ကလည်း အောင်ပွဲလုပ်ဖို့ဆိုပြီး ဖောဖောသီသီ လှူကြပါသည်။ ထွန်းတောက်ထိန်လည်း ပျော်၏။ မိဘများလည်း ပျော်လိမ့်မည်။
ဝက်ချေးရွာဘက်တွင် ရှိသော ယာကလေးတစ်ကွက်ကို ပြန်လည်လုပ်ကိုင်ရတော့မည်။ ထွန်းတောက်ထိန်တို့မှာ ယာဆိုလို့ ထိုယာကလေးတစ်ကွက်သာ ရှိသည်မဟုတ်လား။ ကံဆိုးသည်ကား ထိုယာကလေးပေါ်တွင် စိုက်ပျိုးထားသော သနပ်ခါးခင်းကြီးသည် ဝက်ချေးရွာမှ ပျူစောထီးတို့ရှို့သော တောမီးနှင့်အတူ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီ။ သို့တိုင် စိတ်ဓာတ်မကျပေ။ သနပ်ခါးတွေသာ မီးလောင်ပြာကျသည် ယာမြေကိုတော့ ပြာချလို့ မရဘူးမဟုတ်လား။
ကန်တော်သာရွာနှင့် ဝက်ချေးရွာအား သိမ်းပိုက်ပြီးသောအခါ မစ်ရှင်တွင် ပါဝင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့အားလုံးသည် နာမည်ကောင်းများ ရရှိခဲ့ကြသည်။ တကယ်လုပ်သော၊ တကယ်တော်သော၊ တော်လှန်ရေးအပေါ် တကယ်အားစိုက်သော တပ်ဖွဲ့များဖြစ်သည်ဆိုပြီး တော်လှန်အနုပညာရှင်ကလည်း ဂုဏ်ပြုကြသည်။
တော်လှန်အနုပညာရှင်များသည် ဆယ်လီများဖြစ်သောကြောင့် သူတို့က အဖွဲ့တစ်ခုကို ချီးကျူးဂုဏ်ပြုပို့စ် တစ်ခါတင်လိုက်လျှင် ပရိသတ်များက အလှူငွေများ တသောသော လှူလာကြတော့သည်။ သည့်ကြောင့် ချီးကျူးဂုဏ်ပြုခံရသော တော်လှန်ရေးတပ်ဖွဲ့များမှာ အလှူငွေများ လက်မလည်အောင် လက်ခံနေရတော့သည်။
ထွန်းတောက်ထိန်၏ လက်ထဲလည်း ငွေကလေး အတော်စုနိုင်လာခဲ့ပြီ။ ထိုငွေများနှင့် သေနတ်များ ဝယ်ရဦးမည်။ ကိုကြံမောင်က ပြောထားသလို ကန်တော်သာကို သိမ်းပြီးလျှင် ဗျူဟာမှူးထံ သေနတ်တစ်လက်လောက် တောင်းရာ ဗျူဟာမှူးက တပ်သား ရာကျော်ရှိတဲ့အဖွဲ့တွေမှာတောင် ဆယ်လက်မပြည့်လို့ မပေးနိုင်သေးကြောင်း ရှင်းပြသည်။
သည့်ကြောင့် အလှူငွေများနှင့် သေနတ်ဝယ်ရမည်။ ရဲဘော်များအတွက် ယူနီဖောင်းကလေးများလည်း ဝယ်ပေးရဦးမည်။ ရဲဘော်တွေမှာ ယူနီဖောင်းကလေး တစ်စုံသာ ရှိကြသည်။ ရှေ့တန်းရှိမှ ဝတ်ရသည်။ ကျန်တဲ့နေ့များမှာဆို ပုဆိုးစုတ်ကလေးတွေကိုသာ ထည်လဲဝတ်နေရသည်မဟုတ်လား။ ပြီးလျှင် စတားလင့်အင်တာနက်လည်း ဝယ်ရမည်။ ဝက်ချေးရွာကို သိမ်းပိုက်ပြီးသွားသည့်အတွက် ကမ့်ပ်ကို သာယာကုန်းရွာဆီသို့ ပြောင်းရွှေ့ရတော့မည်။
မိမိတို့သည် နောက်ဆုံးမှာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိပြီး အိမ်ပြန်နိုင်ခဲ့ကြပြီမဟုတ်လား။ အရှေ့အရပ်တွင် စက်မှုကြီး ရှိနေသေးသော်လည်း ဝက်ချေးရွာလောက် မနီးသဖြင့် သိပ်ပြီးမကြောက်ရ။ စက်မှုမှ စစ်ခွေးများသည် အင်အားအလုံးလိုက်အရင်းလိုက်မပါဘဲ ရွာဘက်တွေသို့ ဝင်လာခဲလှသည်။ သည့်ကြောင့် ကမ့်ပ်ကို ရွာသို့ စိတ်ချလက်ချ ရွှေ့နိုင်ပြီ။
ကမ့်ပ်ကို ရွာသို့ပြောင်းရွှေ့ပြီးနောက် စတားလင့်ကို ကမ့်ပ်မှာ ချိတ်မည်။ ရွာကလူတွေ သုံးစွဲရန်အတွက် နောက်စတားလင့်တစ်လုံးခွဲထားမည်။ ကမ့်ပ်အတွက်သက်သက်၊ ရွာသားရွာသူတွေအတွက်သက်သက်ထားမည်။ ရွာသားရွာသူတွေကိုတော့ စတားလင့်ဖိုး ကောက်ခံမည်။ ထိုငွေနှင့် တော်လှန်ရေးအတွက် အသုံးချမည်။ သည်သို့တွေးပြီး ကိုကြံမောင်နှင့် တိုင်ပင်ဆွေးနွေးသည်။
ကမ့်ပ်ကို ရွာသို့ မရွှေ့ပြောင်းခင် စက်မှုမှ စစ်သားတစ်ယောက် အလင်းဝင်ရန်အတွက် ချိတ်ဆက်လာသဖြင့် ကမ့်ပ်ကို အဆောတလျင် ရွှေ့ပြောင်းဖို့ကို စဥ်းစားရသည်။ ထိုစစ်သားသည် ကိုဖေသွင်၏ မိတ်ဆွေဖြစ်သည်။ ကိုဖေသွင်သည် စက်မှုက CDM ဝန်ထမ်းဖြစ်သည်။ ထိုစစ်သားနှင့် ကိုဖေသွင်မှာ အလွန်ရင်းနှီးကြသည်ဟု ဆိုသည်။ သည့်ကြောင့် ကိုကြံမောင်တို့က အလင်းဝင်လာဖို့ကို စိတ်အား ထက်ထက်သန်သန်နှင့် ကူညီဖို့ အသင့်ဖြစ်နေကြသည်။
ထွန်းတောက်ထိန်ကတော့ စိတ်မအေးနိုင် ဖြစ်နေမိသည်။ အလင်းဝင်မည့်သူက စစ်သားဆိုတော့ သိပ်ပြီး မယုံကြည်ရဲပေ။ စစ်သားတွေဆိုတာ အလွန်ရက်စက်ယုတ်မာကြသည်ကိုး။ ဗိုက်ဝသွားလျှင် ပြန်လည် သစ္စာမဖောက်ဘူးဟု မပြောနိုင်။ သူ အလင်းဝင်လာလို့ ကမ့်ပ်ကို ခေါ်ထားလျှင် သူ့ကို ရွာကလူတွေက မြင်ကိုမြင်လိမ့်မည်။ မြင်လျှင် စက်မှုသို့ သတင်းပေါက်သွားမည်ကို စိုးသည်။ သို့မဟုတ် အလင်းဝင်စစ်သားက သည်မြေသို့ ရောက်ရှိပြီးမှ သည်မြေက အနေအထားများကို စက်မှုသို့ တိုင်ကြားမည်စိုးသည်။ သို့ဆိုလျှင် ရွာကလေး အကြီးအကျယ် ဒုက္ခရောက်နိုင်သည်မဟုတ်လား။
သည်လိုမှမဟုတ်လျှင်လည်း သည်ရွာလေးက သူတို့စက်မှုက စစ်သားကို အလင်းဝင်ရန် ဖျားယောင်းသည်ဆိုပြီး ရွာကလေးကို အကြီးအကျယ် ဒုက္ခပေးလာနိုင်သည်။ သည်အကြောင်း စိတ်ပူစွာနှင့် ကိုကြံမောင့်ကို ပြောတော့ “တအားကြီး အဆိုးမြင်ပြီး တွေးမနေပါနဲ့၊ အကောင်းဘက်ကတွေးရင် နေသာသွားမှာပါ၊ အဆိုးထဲက အကောင်းပေါ့လို့ ဖြည့်တွေး၊ သည်တစ်ခါတော့ စက်မှုကို သိမ်းဖို့က မလွယ်ဘူးလေ၊ ဖေသွင်ပြောပြသလောက်ဆို စက်မှုက တအားရှုပ်ထွေးတာတဲ့၊ ခွေးတွေ ခိုအောင်းဖို့ နေရာတွေက အများကြီးရှိတာတဲ့၊ စက်ရုံအဆောက်အအုံကလည်း ဆယ်ခုမကဘူးတဲ့၊ အဲ့ဒီတော့ သိမ်းဖို့က သိပ်ကိုခက်မှာ၊ အဲ့ဒါကြောင့် အဲ့သည်က စစ်သားတစ်ယောက် အလင်းဝင်လာရင် စက်ရုံရဲ့ မြေနေရာအနေအထားလို့ မေးမြန်းပြီး လေ့လာလို့ရမယ်လေ၊ အဲဒါကြောင့် အကောင်းဘက်က တွေးကြည့်ပါ”
ဆိုပြီး ကိုကြံမောင်က စစ်သားတာဝန်ကျသော နေ့ရက်ကို စောင့်ဆိုင်းနေသည်။
သေနတ်ရော ကျည်ဆန်ရောပါရင် ဆုကြေးအများကြီးရမယ်၊ ဘာမှမပါရင် ဆုမရဘူး၊ ဒါ့ကြောင့် သေနတ်ပါအောင် သေချာအကွက်ချပြီးမှ ထွက်လာခဲ့ပါ၊ ကျွန်တော်တို့ စောင့်နေပါ့မယ်ဟု စစ်သားကို အကြောင်းပြန်ထားသည်။
စစ်သားက ထွက်လာမည့်နေ့၌ မြောက်အရပ်ကနေ ထွက်လာမည်ဆိုလို့ ကိုကြံမောင်ရယ်၊ ကိုဖေသွင်ရယ်၊ ထွန်းတောက်ထိန်ရယ်၊ ဟိန်းထက်ရယ် လေးယောက်သား အသင့်ကြိုစောင့်နေကြသည်။ နေရာများ ကွဲလွဲ လွဲချော်နေ၊ စစ်သားကိုလည်း ရှာမတွေ့နေသဖြင့် အကွက်များ ဆင်ခံရပြီလားဆိုပြီး စိုးရိမ်မိကြသေးသည်။ နောက်ဆုံးတွင်မှ စစ်သားတစ်ယောက်ကို ဘွားကနဲ့ တွေ့လိုက်ရသည်။
ကျနော်၊ အလင်းဝင်လာတာပါ၊ ဘာမှမလုပ်ပါဘူး၊ မပစ်ပါနဲ့ ဆိုပြီး စစ်သားက လက်ကို မြှောက်ထားသည်။ ကိုဖေသွင်က သူပဲ ဆိုပြီး စစ်သားထံ မကြောက်မကန်း ပြေးသွားသည်။ စစ်သားထံ ကိုဖေသွင်ရောက်မှ ဘာမှ မလုပ်သဖြင့် စိတ်အေးသွားကြရသည်။ ကိုဖေသွင်က စစ်သားအား မင်း လွတ်မြောက်သွားပြီ၊ မင်း မသေတော့ဘူး၊ ငါ ရှိတယ်၊ ဘာမှ မကြောက်နဲ့၊ ငါရှိရင် မင်း ဘာမှမဖြစ်စေရဘူး ဆိုပြီး အထပ်ထပ် နှစ်သိမ့်သည်။
ကိုကြံမောင်တို့က စစ်သားထံမှ သေနတ်များနှင့် ကျောပိုးအိတ်ကို ယူသည်။ စစ်သား လက်ဗလာဖြစ်သွားသည်။ သို့မှသာ စစ်သားကို ယုံကြရမည်။ စစ်သားက ကိုဖေသွင်အား ကျေးဇူးတင်တယ် ဟု ပြောသည်။ ကိုဖေသွင်က ကျေးဇူးတွေမလိုပါဘူး၊ မင်းနဲ့ငါက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေပဲလေ၊ မင်း အခက်အခဲတွေ့နေရင် ငါ ကူညီရမှာပေါ့ ဟု ဆိုသည်။ ပြီးနောက် စစ်သားကို ဟိန်းထက်နှင့် ကိုဖေသွင်တို့ကြားတွင် တင်ခေါ်ကာ ကမ့်ပ်သို့ ပြန်ကြသည်။
အလင်းဝင်စစ်သား ကမ့်ပ်သို့ ရောက်လာသောအခါ နောင်နေ့၌ ဗျူဟာမှူးကို အကြောင်းကြား၏။ ဗျူဟာမှူးက အင်တာဗျူးရန် ရောက်လာသည်။ အလင်းဝင်စစ်သားက မေးသမျှ ဖြေ၏။ သို့သော် သူ၏ မိသားစုသည် စစ်တပ်စိုးမိုးရာနေရာတွင် ရှိနေသည်။ သူ အလင်းဝင်သည်ကို ပေါက်ကြားလျှင် မိသားစုကို ထိပါးမည်စိုးရိမ်သောကြောင့် လိုင်းပေါ်မတင်ဖို့၊ ဓာတ်ပုံမရိုက်ဖို့ အထပ်ထပ်တောင်းဆိုသည်။ ဗျူဟာမှူးကလည်း အလင်းဝင်စစ်သား စိတ်ကျေနပ်မှုရအောင် ကတိပေးသည်။
အလင်းဝင်လာရာမှာ သေနတ်နှင့် ကျည်များ ပါသဖြင့် ဆုငွေ သိန်းရာကျော် ကျွန်တော်တို့က ဆုချမည်ဟုဆိုသည်။ စစ်သားယူလာသော သေနတ်နှင့် ကျည်ဆံများ၏ တန်ဖိုးမှာ တော်လှန်ရေးသမားတို့၏ အတွေ့အကြုံအရ သိန်းငါးရာဝန်းကျင်ခန့် ရှိသည်ဟု ခန့်မှန်းရသည်။
နောင်တွင်မှ သိရသည်မှာ အလင်းဝင်စစ်သားသည် သုံးစားမရသော ဆန်ကုန်မြေလေးဖြစ်သည်။ အလုပ်ဘာမျှ မလုပ်၊ မီးဖိုချောင်လည်း ဝင်မကူ၊ ထင်းလည်းမခုတ်။ အချိန်ပြည့် မူးနေတတ်သည်။ မသောက်ဖို့ တားမြစ်သော်လည်း မသောက်ရရင် မနေလို့ပါဆိုပြီး လွှတ်ထားရသည်။
အလင်းဝင်လို့ ရထားသော ဆုကြေးများထဲက မိသားစုကို တစ်ဝက်ပေးပြီး ကျန်တာ သူသုံးစွဲသည်။ အရက်ဖိုးနှင့် သုံးလေးလအတွင်း ပြောင်သလင်းခါသွားသည်။ နိုင်ငံရေးလည်း လုံးဝ စိတ်မဝင်စား။ တိုက်ပွဲတွေလည်း မလိုက်။ အချိန်ပြည့် မူးရူးနေတော့ ဘာမျှ အားမကိုးရ။ တနှစ်ကျော်ကြာသွားသည့်တိုင် မိဘရပ်ထံ မပြန်ပေ။ သူ အကျိုးရှိတာ လုပ်ခဲ့တာဆိုလို့ အလင်းဝင်လာစဥ်က ယူဆောင်လာခဲ့သော သိန်းငါးရာ ဝန်းကျင်ရှိသည့် သေနတ်နှင့် ကျည်ဆန်များသာ ဖြစ်သည်။
သည်လို လူစားမျိုးကို ကိုဖေသွင်ဆိုသူက အလွန်ခင်မင်၊ အလေးပေးနေတာ တွေ့ရသည်။ ဆိုင်ကယ်လေးနှင့် ဟိုဟိုသည်သည် သွားလျှင် အဖော်ခေါ်၏။ ပြန်လာတိုင်း ပုလင်းတစ်လုံးပါ၏။ အဝတ်အစားကလေးများလည်း ဝယ်ပေး၏။ ညဆိုလည်း အတူအိပ်၏။
တခါတခါဆို ကိုဖေသွင်နှင့် စစ်သားသည် ရန်ဖြစ်နေတတ်သည်။ ရန်ဖြစ်သည်မှာလည်း ရိုးရိုးမဟုတ်။ လင်မယား ရန်ဖြစ်နေသည်နှင့် တူသည်။ သည့်ကြောင့် လူတွေက ကိုဖေသွင်နှင့် အလင်းဝင်စစ်သားမှာ ညားနေကြသည်ဟု ပြောကြသည်။ ပြောရင်းပြောရင်းနှင့် တစ်ရွာလုံးကပါ တီးတိုးပြောလာကြတော့သည်။ သို့တိုင် ကိုဖေသွင်ကတော့ သောက်ဖက်မလုပ်။ ယောကျ်ားချင်းချင်း၊ လူပျိုလူလွတ်ချင်း ဘယ်သူ့မှ ထိခိုက်စရာမရှိဆိုသော အချိုးချိုးတတ်သည်။
ထွန်းတောက်ထိန်ကလည်း အဟုတ် ယူဆသည်။ သူ့လင်ကြီးမို့လို့သာ အလင်းဝင်ဖို့ ကူညီသည်ပေါ့။ သူ့ဆီရောက်ဖို့ အပါခေါ်သည်ပေါ့။ တခါတခါဆို ကိုဖေသွင်နှင့် အလင်းဝင်စစ်သားမှာ အိပ်ရာထဲ လိင်ဆက်ဆံနေသည်ကို တွေ့သည်ဟု ဆိုသည်။ ဘလိုးဂျော့နေတာလည်း တွေ့သည်ဟု ပြောကြသည်။ အပြင်သို့ ဆိုင်ကယ်လေးနှင့် ထွက်ထွက်သွားခြင်းကလည်း လွတ်လွတ်လပ်လပ် လိင်ဆက်ဆံဖို့ဟု ပြောကြသည်။
သည့်အတွက် ရဲဘော်များက လင်မယားတွေ ကြည်နူးနေလိုက်တာဟု နောက်သည်။ သို့သော်လည်း နှစ်ယောက်သားက စိတ်မဆိုးဘဲ ရယ်ရယ်ပြုံးပြုံးနှင့် တုံ့ပြန်သည်။
“ဘယ်ကလာ ငါတို့က စက်မှုမှာ အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေပါ၊ ပြီးတော့ CDM အချင်းချင်းမို့ ပေါင်းတာလေ၊ သူ့မှာက ရပ်ဝေးကဆိုတော့ လူရင်းဆိုလို့ ငါပဲ ရှိတာကိုး၊ ဒီလို အတူတူနေတိုင်း ညားနေရမှာလား၊ ငါက ဂေးဖြစ်နေလို့ မင်းတို့က ဒီလိုမျိုး ထင်ကြေးပေးနေတာပါ၊ ငါဂေးမဟုတ်ဘူးဆိုရင် ဒီလိုထင်ကြေးပေးမှာ မဟုတ်ပါဘူး၊ ငါ ဂေးဖြစ်တာနဲ့ပဲ ငါတို့ရဲ့ ခင်မင်မှု ဖြူစင်မှုကို မစော်ကားပါနဲ့၊ ထားပါလေ မင်းတို့ ဘယ်လိုပဲ ထင်ထင် သူနဲ့ငါဖြူစင်တာ သူနဲ့ငါပဲ သိတယ်၊ ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူး”
ဟု တုံ့ပြန်တတ်သည်။ ထိုအခါမျိုးဆို ထွန်းတောက်ထိန်သည် ကိုဖေသွင်ကို အလွန်သောက်မြင်ကတ်၏။ ဘယ်လိုသောက်ခြောက်မျိုးပါလိမ့်။ အခြောက်ဘဝကို ခံယူထားတယ်ဆိုရင်လည်း အခြောက်လို ဝတ်တာမဟုတ်ဘူး။ မုတ်ဆိတ်တွေကလည်း ရိတ်ပျင်းသေး။
ဘယ်လိုကို ကျက်သရေတုံးပါလိမ့်။ အလင်းဝင်စစ်သားနဲ့ ရည်ငံနေတယ်ဆိုရင်လည်း တားမယ့်သူမရှိဘဲနဲ့ တရားဝင် တွဲလိုက်ကြပါလား၊ ဘာလို့များ ညားနေတာ မဟုတ်ပါဘူး သူငယ်ချင်းတွေပါဆိုပြီး မူနေသေးပါလိမ့်။
“ကိုဂျက်ရေ အနှင်းတို့ တက္ကသိုလ်တနှစ်စာ ပြီးသွားပြီ၊ အနှင်း ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့တယ်၊ ဒီနေ့ပဲ ရွာပြန်ရောက်တာလေ၊ ရွာပြန်ရောက်ရောက်ချင်း ကိုဂျက်ဆီ ဆက်သွယ်လိုက်တာပဲ၊ ကိုဂျက်ကို တအားတွေ့ချင်နေမိလို့လေ၊ တက္ကသိုလ်တက်နေချိန်တလျှောက်လုံး ကိုဂျက်ကို ရင်ကွဲမတတ် လွမ်းနေတာပါ၊ ဟိုတခါ ကျောင်းနှစ်,ဝက်ပိတ်တုန်းကလို အနှင်းကို လာတွေ့ပေးပါဦးနော်၊ အနှင်းအရမ်းလွမ်းနေလို့ပါ၊ ဒါပေမယ့်လည်း ကိုဂျက်အားမှ လာပါနော်၊ အနှင်းတို့ ကျောင်းပိတ်ရက်က ရှည်လို့ အေးဆေးမှ တွေ့လည်းရပါတယ်”
ချိုသာနှင်းထံမှ ထိုမက်ဆေ့ကို ရောက်လာတော့ ထွန်းတောက်ထိန်သည် ဖုန်းကို အလန့်တကြားပိတ်လိုက်သည်။ ရှေ့နားတွင် စန္ဒာဝင်းဝင်းတို့ ဆရာမတစ်သိုက် စတားလင့်အင်တာနက် သုံးနေကြသည်။
စနေနေ့ ကျောင်းပိတ်ရက်မို့ အင်တာနက်ကို သည်းကြီးမည်းကြီး သုံးနေသည်။ ကျောင်းသားကျောင်းသူလေးများလည်း သုံးနေ၏။ ကျောင်းဖွင့်ရက်များတွင် အင်တာနက် မသုံးစွဲရဟု ကျောင်းအုပ်ကြီးဖြစ်သော ထွန်းတောက်ထိန်ကိုယ်တိုင် တားမြစ်ထားသည်။ စတားလင့်ဆိုင်နေရာကား ထွန်းတောက်ထိန်တို့အိမ်တွင်ဖြစ်သည်။ ဆိုင်ကို ထွန်းတောက်ထိန်တို့၊ ဟိန်းထက်တို့၊ ပေစိတို့ ထိုင်သည်။ ငွေကောက်သည်။ ကုတ်နံပါတ် ဖြည့်ပေးသည်။
နှစ်နာရီစာ တစ်ထောင်ကျပ်၊ ငါးနာရီစာ တစ်ထောင့်ငါးရာကျပ်၊ တစ်နေကုန်စာ နှစ်ထောင်ကျပ်၊ တစ်လစာ သုံးသောင်းကျပ်ဟု သတ်မှတ်ထားသည်။ ထိုငွေကလေးများကို တော်လှန်ရေးအတွက် အသုံးချမည်။ စီးပွားရေးဆန်ဆန် လုပ်နေတာမဟုတ်။ တော်လှန်ရေးအတွက် ငွေရှာနေခြင်းသာ ဖြစ်သည့်အတွက် တခြားပြည်သူများကို စီးပွားရေးအတွက် စတားလင့်ဆိုင် ဖွင့်ခွင့်မပေးပေ။ ကမ့်ပ်ကို ရွာ၏ အနောက်နားတွင် ရွှေ့ပြောင်းထားသည်။ ကမ့်ပ်အတွက်လည်း စတားလင့်တစ်လုံး တပ်ထားပေးသည်။ ရဲဘော်တွေ သုံးစွဲရန်အတွက်ဖြစ်သည်။
ထွန်းတောက်ထိန်သည် အနှင်း၏ မက်ဆေ့ဝင်လာတော့ လန်ဖျတ်သွားသော်ငြား အဝင်းတို့ သတိမထားမိသဖြင့် စိတ်အေးသွားသည်။ သည့်ကြောင့် လူမမြင်အောင် စာရိုက်ပြီး ပြန်လိုက်သည်။
“ကိုဂျက်အားရင် လာခဲ့မယ်လေအဝင်း၊ နောက်ဆို ကိုဂျက်စာပို့မှ စာပြန်နော်၊ ကိုဂျက်အနားမှာ လူတွေအများကြီး ရှိနေလို့၊ သိတဲ့အတိုင်း ကိုဂျက်က စတားလင့်ဆိုင် ထိုင်နေတာလေ၊ လူတွေ တသောသောပဲ၊ မြင်ရင် ဘယ်သူလဲ ဘာတွေလဲနဲ့ သိပ်စပ်စုကြတာ”
“ဟင် အဝင်းဆိုတာ ဘယ်သူလဲကိုဂျက်”
အနှင်းထံမှ ထိုပြန်စာကြောင့် ထွန်းတောက်ထိန် ဟာကနဲ ဖြစ်သွားလောက်အောင် ထိတ်လန့်သွားရသည်။ သည့်ကြောင့် ဘေးနားက အဝင်းကပါ ထလာပြီး ဘာဖြစ်လို့လဲ ဆိုပြီး ဖုန်းကို လာကြည့်သည်။
“ဟင် ဘာမှ မဟုတ်ပါဘူး၊ ဘာကိစ္စမှ မဟုတ်ပါဘူး”
ဟု အထစ်ထစ်အငေါ့ငေါ့ဖြေပြီး နောက်ဖေးဘက် ထွက်သွားသည်။ အိမ်သာထဲဝင် ချက်ချပြီးမှ ကိုယ့်ခေါင်းကို ကိုယ်တိုင် ထုနှက်နေမိတော့သည်။ ချီးတဲ့မှပဲ။ ဘေးနားမှာ အဝင်း ရှိနေလို့ အလန့်လန့်ဖြစ်ပြီး စာရိုက်တာပင် မှားသွားပြီ။ သည်တစ်ခါတော့ မှားလို့ မဖြစ်။ သေချာရိုက်ပြီး ဖြေရှင်းရတော့မည်။
“စာရိုက်မှားသွားလို့ပါအနှင်းရယ်၊ ဘယ်သူမှ မဟုတ်ပါဘူး၊ အနှင်းလို့ ရေးတာပါ၊ သန်ဘက်ခါလောက် လာခဲ့မယ်နော်အနှင်း၊ ကိုဂျက်လည်း အနှင်းကို သိပ်လွမ်းနေတာပါ”
“ဟုတ်ကိုဂျက်၊ ကိုဂျက်စာပို့မှ စာပြန်ပါ့မယ်၊ ကိုဂျက်စာပို့တာကို မျှော်နေပါ့မယ်”
ဟူး တော်ပါသေးရဲ့။ အနှင်းက သည့်ထက်ပိုပြီး စစ်မေး ညှစ်မေး မလုပ်လို့။
■ ထွင်
အပိုင်း ၁၄ ဆက်ရန်….







