ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

September 2, 2026

အပိုင်း (၁၀)

ဥဒေါင်းမင်းတပ်သို့ ရောက်အပြီး နောင်နေ့၌ ကိုကြံမောင်က ထွန်းတောက်ထိန်အား ရွာလိုက်ခဲ့ဦးဟု ပြောလာခဲ့သည်။

“ဖြစ်ရဲ့လားကိုကြံမောင်ရ”

“အခု ပြန်လို့ရပါပြီ၊ တအားကြီးစိုးရိမ်စရာ မလိုပါဘူး၊ ငါတို့တွေ ရွာထဲက ဒလန်လို့ ယူဆရသူတွေကို သတိပေးထားပြီးပါပြီ၊ ခဏတဖြုတ်ပဲ ပြန်မှာပါ”

“ဟုတ်၊ ကျွန်တော်က ကျွန်တော့် မိသားစုဝင်တွေအတွက်ပဲ စိုးရိမ်တာပါ၊ ကျွန်တော်ပြန်ရောက်နေတာကို ရွာကမြင်ရင် ကျွန်တော့်ကို လာထိပါးသယောင်နဲ့ မိသားစုကို သွားထိမှာ ကြောက်တာ”

“အခုတော့ အဲဒီလို စိုးရိမ်စရာတွေ မရှိတော့ပါဘူး၊ အရင်ကမှ အဲ့ဒီလိုပါ၊ လိုက်ခဲ့ပါ၊ ဒီတစ်ခါ ရိက္ခာအတွက် ရွာကနေ အလှူခံရတော့မယ်”

“ဪ ဟုတ်ကဲ့၊ ဒါဆိုလည်း လိုက်တာပေါ့”

ဘယ်လောက်ပဲ ဒလန်ဟု ယူဆရသူများကို သတိပေးထားပြီးပြီဆိုပါစေ ရာနှုန်းပြည့် စိတ်မချရသေး။ ဒလန်လို့ မထင်ရလို့ သတိမပေးခဲ့ရသည့်သူတွေလည်း ဒလန်ဖြစ်နိုင်သေးသည်ပဲ။ သစ်ပင်ကောက်တာ မြင်ရသည် လူကောက်တာ မမြင်ရ ဆိုသည့် စကားပုံရှိသည်ပဲ။

အဲသည်လို သတိပေးမခံရသူတွေက သူတို့ကို လုံးဝ ဒလန်လို့ ထင်မှာမဟုတ်ဘူးဆိုပြီး ဒလန်လုပ်နိုင်သည်။ သို့သော်လည်း ထွန်းတောက်ထိန် ခေါင်းညိတ်လိုက်သည်။ ဒုခေါင်းဆောင်တာဝန်ကို ယူရသည်ဆိုတော့ သည်လောက်တော့ သတ္တိရှိရမှာပေါ့ဟု တွေးလိုက်သည်။

သည်လို ဆုံးဖြတ်ပြီးသည့်အခါမှာတော့ အလျင်ဆုံး အဝင်းကို သတိရသည်။ အဝင်းနှင့် နှစ်ယောက်တည်း သီးသန့်တွေ့ချင်သေးသည်။ အဝင်းကို မတွေ့ရတာ ၂ နှစ်နီးပါး ရှိခဲ့ပြီ။ အဆင်ပြေပါ့မလား။ ရွာအခြေအနေက သိပ်ပြီး သွားလာဖို့ လွတ်လပ်မှုမရှိသေး။

သည့်ကြောင့် သည်နေ့ ရွာ ခဏပြန်လာမယ်ဟု အဝင်းကို မက်ဆေ့ပို့သင့်သလား ဆိုသည်ကို ဝေခွဲရခက်နေသည်။ ထိုစဥ်က ကိုကြံမောင်က လာတော့လေ ဟု ပြောသဖြင့် မက်ဆေ့မပို့တော့ဘဲ နေလိုက်သည်။ နောင် အေးဆေးရှိသည့်အခါမှ အဝင်းနှင့် အေးအေးဆေးဆေး တွေ့တော့မည်။

ကိုကြံမောင့်ဆိုင်ကယ်နောက် လိုက်ရမည်ထင်ပေမယ့် ကိုကြံမောင်က နောက်တစ်စီး စီးခဲ့၊ ရိက္ခာတွေ ရရင် တင်ရမှာ ဟု ဆိုသဖြင့် ဟိန်းထက်၏ ဆိုင်ကယ်ကို စီးလာခဲ့သည်။ ထွန်းတောက်ထိန်သည် ခါတိုင်း ဟိန်းထက်၏ ဆိုင်ကယ်ကိုချည်း စီးနေရသဖြင့် အားနာလာပြီ။

ကမ့်ပ်မှာကလည်း ဆိုင်ကယ်က စုစုပေါင်း သုံးစီးလောက်သာ ရှိသည်။ တပ်သားကဖြင့် အယောက်နှစ်ဆယ်နီးပါးရှိသည်။ ဆိုင်ကယ်က နည်းလွန်းသည်။ တပ်အတွက် ဆိုင်ကယ်ဝယ်ဖို့ကိုလည်း စိတ်ကူးရသည်။

သာယာကုန်းရွာကို ပြန်ဖို့ ရွာပေါင်း လေးရွာခန့်သာ ဖြတ်ရသည်။ သရက်ကုန်းရွာကနေဖြတ်လျှင်တော့ ရွာပေါင်း နှစ်ဆယ်ကျော်နိုင်သည်။ ရွာလေးထံ မပြန်ခဲ့ရသည်မှာ ၂ နှစ်နီးပါး ရှိခဲ့ပြီမို့ လမ်းများပင် ပြောင်းလဲနေတော့သည်။ တလောက သိမ်းပိုက်ပြီးသော ကိုင်းတောကြီးရွာကို ဖြတ်တော့ ရွာကြီးသည် အလွန်အမင်း ပျက်စီးယိုယွင်းနေသည်ကို တွေ့ရသည်။

ရွာလယ်က ဘုရားရင်ပြင်ပေါ်မှာ အမှိုက်သရိုက်များ အပြည့်အသိပ်။ ရဲစခန်းကြီးသည် သူရူးတစ်ယောက်၏ အဝတ်အစားကဲ့သို့ ပျက်စီးယိုယွင်းနေသည်။ နောင် ရဲခွေးများ ဘယ်တော့မှ ခြေချလို့မရအောင် ဖျက်ဆီးထားရခြင်းဖြစ်သည်။ စာသင်ကြီးကျောင်းကြီးနှင့် ဆေးရုံကြီးရှေ့သို့ ဖြတ်တော့ ခြုံနွယ်ပိတ်ပေါင်းများမှာ တောကိုင်းကြီးကဲ့သို့ တောထနေသည်။

အဆောက်အအုံများကိုပင် သေချာမမြင်ရတော့။ ရေစက်တွင်း နေရာကိုလည်း လှမ်းကြည့်လိုက်သေးသည်။ ကိုင်းတောရွာမှာ ရဲခွေးစခန်းနှင့် ရေစက်တွင်းအား စစ်ခွေးတို့အထိုင်ချ နေခဲ့သည်။ သည့်ကြောင့် ကိုင်းတောကြီးရွာကို နှစ်နေရာ သိမ်းရသည်။ ထိုရေစက်တွင်းသည် ထွန်းတောက်ထိန်တို့ရွာ၏ အရှေ့ဘက်၌ ရှိသော စက်မှုသို့ စီးဆင်းနေသော ရေစက်တွင်းဖြစ်သည်။

ထိုရေစက်တွင်းကိုပါ သိမ်းပိုက်ပြီးသဖြင့် စက်မှုကို ရေဖြတ်တောက်လိုက်နိုင်ပြီဖြစ်သည်။ ထွန်းတောက်ထိန် ကြားဖူးသလောက် စက်မှုတွင် ရေကန်မရှိ။ သို့တိုင် စက်မှုသည် တံစက်မြိတ်များ၊ အုတ်ကန်များ ပေါများသဖြင့် ရေလှောင်ထားနိုင်သည်ဟု ဆိုသည်။

ကိုင်းတောကြီးရွာထဲတွင် လူ သုံးလေးယောက်သာ တွေ့ရသည်။ ရွာထဲ ဘယ်သူမျှ မနေရဲသေး။ နေခွင့်လည်း မပေးသေး။ အဘယ်ကြောင့်မူ စစ်အာဏာရှင်သည် သိမ်းပိုက်ခံရသော စခန်းနေရာများ၊ ပျူစောကြီးရွာများကို အငြိုးတကြီးနှင့် လေယာဥ်ဖြင့် ဗုံးကြဲတတ်သောကြောင့် ဖြစ်သည်။ ရွာထဲ တွေ့ရသူဆိုတာကလည်း သူ့အိမ်ကလေးကို လွမ်းလို့၊ လက်ရှိနေနေသည့်နေရာမှာ သုံးစွဲဖို့အတွက် ကိုယ့်အိမ်က ပစ္စည်းကလေးများကို လာယူရန်ဖြစ်သည်။

ဖြတ်လာခဲ့ရသည့် ရွာများတွင် တချို့ရွာများမှာ ကိုင်းတောကြီးရွာလောက် မပျက်စီးပေမယ့် စာသင်ကျောင်းများကတော့ အလွန်အမင်း ပျက်စီးနေကြသည်။ စစ်ကြောင့် ကျောင်းမဖွင့်ရသော လက္ခဏာများပင်။ တချို့ရွာများက ပျူစောထီးရွာများမဟုတ်သော်လည်း ကိုယ့်ရွာက ကျောင်းများကို သန့်ရှင်းရေး မလုပ်ရဲကြ။ အဘယ်ကြောင့်မူ စစ်အာဏာရှင်က စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတတ်သောကြောင့်ဖြစ်သည်။

ရွာအကုန်ဖြတ်ပြီး သာယာကုန်းရွာလမ်းသို့ရောက်တော့ ရွာအကွေ့လမ်းထောင့်မှ ကတ္တရာလမ်းမကြီးသည် မုန့်လင်မယား ဒယ်အိုးလိုဖြစ်နေသည်။ ထိုလမ်းမပေါ်တွင် မိုင်းများ ဖောက်ခွဲထားသဖြင့် လမ်းမကြီးသည် လုံးဝပျက်စီးနေသည်။ ဖြတ်သွားလို့ပင်မရ။

လမ်းဘေးသို့ ရှောင်သွားရသည်။ ထိုနေရာသည် အရှေ့စက်မှုမှ စစ်ခွေးတို့လာရာလမ်းဖြစ်သည်။ အနီးနားမှ ရွာတကာအား ပတ်မွှေရန် လာစဥ် တော်လှန်ရေးသမားများက ကြိုတင်မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ထားခြင်းဖြစ်သည်။

“ဒီနားလေး ငါတို့ ဖောက်ခွဲလိုက်တော့ ခွေးကားကြီး လွင့်စင်သွားတာ၊ ဟို မန်ကျည်းပင်ကြီးကို တိုက်သွားတာ၊ ဟိုမှာမြင်လား မန်ကျည်းကိုင်းကြီးကျိုးနေတာ၊ အဲ့တုန်းက ခွေးတစ်ကောင်က သေနတ်တစ်လက် ကျကျန်နေလို့ ငါတို့ ရလိုက်သေးတယ်”

ကိုကြံမောင်က ဆိုင်ကယ်ကို မရပ်ဘဲ လှမ်းပြီး ရှင်းပြနေသည်။

ရွာရောက်တော့ ထွန်းတောက်ထိန်တို့အိမ်သို့ တန်းဝင်သည်။ ကိုကြံမောင့်မှာ အိမ်ရှိသော်လည်း လူမနေ။ သူက အဖေအိုကြီးနှင့် နေသည်။ ပြီးခဲ့သည့် ၂ နှစ်နီးပါးက ကိုကြံမောင် ကို လာလုပ်ကြံပြီးနောက်ပိုင်း ကိုကြံမောင်သည် အိမ်ကိုအပြီးတိုင် စွန့်ခွာသွားသည်။

အဖေအိုကြီးကတော့ ဆွေမျိုးသားချင်းများနှင့် သွားနေသည်။ အိမ်က အလွတ်ကြီးဖြစ်နေသော်လည်း တခြားရွာမှ အိုးအိမ်စွန့်ခွာကာ စစ်ရှောင်လာသူများလည်း မနေရဲ။ ကိုကြံမောင်၏ ဆွေမျိုးများကလည်း မနေရဲ။ နေနေလျှင် ကိုကြံမောင်ထင်ပြီး လုပ်ကြံခံရမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ သည့်ကြောင့် ကိုကြံမောင်သည် ထွန်းတောက်ထိန်တို့အိမ်သို့သာ ဝင်လာခဲ့သည်။

ထွန်းတောက်ထိန်တို့ကို မြင်မြင်ချင်း မိဘများက ရွှင်ပြုံးသော အပြုံးများဖြင့် ကြိုဆိုကြသည်။ ရုပ်ရှင်ထဲကလို ဖက်လဲတကင်းတော့ မလုပ်တတ်ကြ။ သားပြန်လာသည့်အတွက် ဝမ်းသာမှုကို မျက်လုံးများ၊ အပြုံးများဖြင့်သာ ပြသတတ်ကြသည်။ မိဘနှစ်ပါး၏ ရင်ထဲတွင် သားဖြစ်သူ ထွက်သွားစဥ်က သားကို ဆုံးရှုံးရခြင်းကိုလည်း ကြုံလာရနိုင်သောကြောင့် စိတ်ကို အသင့်ပြင်ထားကြခဲ့ကြသည်။

သည့်ကြောင့် ယခု သားပြန်လာခဲ့ပြီမို့ သားကို မဆုံးရှုံးရတော့ဘူးဆိုပြီး ဝမ်းသာကြသည်။ သားသည် တိုင်းပြည်အတွက် အသက်ကိုလည်း ပေးဆပ်ခဲ့ပြီ။ သို့တိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့်အနေနှင့် အသက်ရှင်လျက် ပြန်လာခဲ့နိုင်ပြီမို့ သားအတွက် အကြီးအကျယ် ဂုဏ်ယူမိကြသည်။

ညီလေး ဝင်းတောက်ထိန်ကတော့ ဖုန်းနှင့် ဂိမ်းဆော့နေရာကနေ မော်ကြည့်ပြီး ပြုံးပြသည်။ ညီလေးဝင်းတောက်ထိန်ကိုကြည့်ပြီး ထွန်းတောက်ထိန် အံ့သြမိသွားသည်။ ညီလေးက ၂ နှစ်အတွင်း အတော်ကြီးကို အရွယ်ရောက် ပြောင်းလဲသွားပါပေါ့လား။

အင်းလေ ညီလေးက လူပျိုဖော်ဝင်ချိန်၊ ကြီးကောင်ဝင်ချိန် ရောက်နေခဲ့ပြီကိုး။ တစ်ဆက်တည်းမှာပဲ ညီလေး အရွယ်ရောက်နေပြီကို သိလိုက်ရသောအခါ ညီလေး ကျောင်းမနေရသေးသည့်အတွက် စိတ်မကောင်းဖြစ်မိသွားသည်။ ညီလေး ကျောင်းတက်ခွင့်ရအောင် ဘယ်လိုလုပ်ရပါ့။

ကိုကြံမောင်က ထွန်းတောက်ထိန်၏ မိဘများနှင့် စကားပြောနေသည်။ ကိုကြံမောင်က တပ်တွင်းကိစ္စများကို ရှင်းပြနေသည်။ တပ်ရိက္ခာကို ရွာကနေ အလှူခံရတော့မည်ဟု ပြောသည်။ လှူချင်သူတိုင်း လှူနိုင်ပါတယ်ဟု လိုက်လံပြောခိုင်းနေသည်။ ဒေါ်မြချစ်က တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံပြောနေသည်။ မကြာမီ၌ အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ/နီ၊ မြေပဲဆံ၊ ပဲအမျိုးမျိုးနှင့် ချက်စရာမျိုးစုံကို လာပို့ကြသည်။ ဒေါ်မြချစ်က အမျိုးအမယ်သပ်သပ်စီကို စုထည့်ပေးသည်။

နောင်များ၌ ရွာထဲက အစ်မကြီးများအဖွဲ့က ရိက္ခာစုဆောင်းအလှူခံတာဝန်ကို ယူပေးသည်။ ရိက္ခာများကို ဒေါ်မြချစ်အိမ်မှာ ထားမည်ဟု ပြောသည်။ ဒေါ်မြချစ်က မထားစေချင်သဖြင့် အစ်မကြီးတစ်ဦး၏ အိမ်မှာ ထားသည်။ တပ်အတွက် ရိက္ခာလိုလျှင် ထိုအစ်မကြီး ဒေါ်ပြုံးပန်းအိမ်မှာ သွားယူလိုက်ရုံပင်။ ဒေါ်ပြုံးပန်းကလည်း စစ်အာဏာရှင်ကို ရွံမုန်းသူဖြစ်သဖြင့် ရိပ္ခါစုဆောင်းတာဝန်ကို ရဲရဲဝံ့ဝံ့ ယူလေသည်။

ထွန်းတောက်ထိန်သည် အဝင်းကို သတိရသဖြင့် အဝင်းအိမ်သို့ ခဏသွားဦးမည်ဟု စိတ်ကူးသည်။ ရွာသို့အလာလမ်းတွင် အဝင်း၏ မိဘများ တောင်းယာလုပ်နေသည်ကို တွေ့သဖြင့် တစ်ဦးတည်းသော သမီးလေး အဝင်းတစ်ယောက်တည်း အိမ်မှာ ရှိလိမ့်မည်ဟု ထင်သည်။ သည့်ကြောင့် ထွန်းတောက်ထိန် ထွက်လာခဲ့သည်။
အဝင်းတို့အိမ်ရှေ့ရောက်တော့ အဝင်းကို မမြင်ရသေးပေမယ့် စက်ချုပ်သံကြားရသည်။ အဝင်းစက်ချုပ်နေတာ မြင်လိမ့်မည်။ ထွန်းတောက်ထိန်သည် အသံမပေးဘဲ အဝင်းရှေ့ ဘွားကနဲ့ ရပ်လိုက်သည်။ အဝင်းကို အသင့်တွေ့သည်။

အဝင်းသည်လည်း စက်ချုပ်နေရင်း လူရိပ်ကြောင့် ဖျတ်ကနဲ့ ကြည့်လိုက်ရာ ထွန်းတောက်ထိန်ကို ဘွားကနဲ့ တွေ့လိုက်ရသဖြင့် ဝမ်းသာလုံးဆို့ကာ မျက်နှာကို စက်ချုပ်ခုံနှင့် အပ်လိုက်သည်။ ထွန်းတောက်ထိန်သည် ပြုံးရယ်ကာ အဝင်းအနား သွားရပ်လိုက်သည်။ အဝင်းအနားရပ်ရပ်ချင်း အဝင်းက ထကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။ အဝင်း၏ မျက်လုံးထဲတွင် မျက်ရည်တို့ ပြည့်လျှံနေတော့သည်။

“လွမ်းနေတာကိုရာ၊ အသိလည်းမပေး ဘာမပေးနဲ့ ရောက်လာတော့တာပဲ”

“အဝင်းအတွက် စပရိုက်လေ”

“ပိန်သွားမယ်ထင်တာ ဝ,တောင်လာတယ်ကိုရယ်”

“အမယ်မယ် အဝင်းပြောပုံက ကိုက ဘာမှမလုပ်ဘဲ ဇိမ်ထိုင်စားနေသလိုလို”

“မဟုတ်ရပါဘူးကိုရယ်၊ အဝင်းကို လွမ်းစိတ်နဲ့ ပိန်နေမယ်ထင်တာပါ၊ အဝင်းကိုကြည့်လေ၊ ကို့ကို လွမ်းစိတ်နဲ့ ပိန်နေရောပဲ”

“ပိန်တော့ ဟောသည်လိုလေး မြှောက်ချီလို့ ရတာပေါ့အဝင်းရဲ့”

ဆိုကာ အဝင်းကိုယ်လေးကို မြှောက်ချီလိုက်သည်။

“အယ် ကို မလုပ်ပါနဲ့ အမေတို့လာတော့မယ်”

“လမ်းမှာ မြင်ခဲ့ပါတယ်၊ ယာထဲ ရောက်နေတာမဟုတ်လား”

“ကိုနော်”

“ဘာလဲ အဝင်းက ကို့ကို မလွမ်းလို့လား”

“မလွမ်းဘဲ ဘယ်ရှိပါ့မလဲကို၊ လာ ဒီဘက်”

အဝင်းက အခန်းလေးတစ်ခုထဲသို့ လက်ဆွဲခေါ်သွားသည်။ အခန်းထဲ ရောက်ရောက်ချင်း ထွန်းတောက်ထိန်က အဝင်း၏ နှုတ်ခမ်းကလေးကို အငမ်းမရ စုပ်နမ်းတော့သည်။ ချစ်သူနှစ်ဦးသည် ၂ နှစ်နီးပါးအတွင်း ဆာလောင်ခဲ့သမျှ အပြည့်အဝ ဖြည့်တင်းကြတော့သည်။ အိမ်ရှေ့မှ လှည်းအီသံ ကြားရသည့်အခါမှ အဝတ်အစားများကို ကမန်းကတန်း ဝတ်ကြတော့သည်။ ပြီးမှ ဧည့်ခံစားပွဲရှေ့မှာ ခပ်တည်တည်ကလေး နေလိုက်ကြတော့သည်။

အဝင်း၏ မိဘများက လှည်းချွတ်ပြီး အိမ်ထဲ ဝင်လာသည့်အခါ ထွန်းတောက်ထိန်ကို တွေ့ရသဖြင့် အံ့သြသွားပါသည်။ သူတို့၏ သမီးနှင့် ထွန်းတောက်ထိန်တို့ ချစ်နေကြသည်ကို ဟိုးအလျင်ကတည်းက သိထားပြီးသား ဖြစ်သည်။ သဘောလည်း တူထားပြီးသား။

ထွန်းတောက်ထိန် တပ်ထဲဝင်သွားသည်ကိုလည်း သမီးဖြစ်သူက တိတ်တိတ်ကလေး ပြောထားသဖြင့် သိပြီးပါပြီ။ သည့်ကြောင့်ဖြစ်သူ ချစ်သူအပေါ် လွမ်းနာကျနေသည်ကိုလည်း ရိပ်မိပါသည်။ သည်အချိန် ထွန်းတောက်ထိန် ပြန်ရောက်နေသဖြင့် သမီးဖြစ်သူ အလွမ်းပြေပါစေတော့ဆိုပြီး ဝမ်းသာပေးကြပါသည်။

“ကို သွားတော့မယ်အဝင်း၊ အချိန်သိပ်မရဘူး၊ အခုက ခဏတဖြုတ် လာတာပါ၊ နောင်လည်း ခဏခဏ လာပါ့မယ်”

“အင်းပါ၊ ကို့ကို ပြောရမယ့် ကိစ္စ ရှိသေးတယ်လေ”

“အရေးကြီးသလား၊ ဘာဖြစ်ဖြစ် မက်ဆေ့ပို့လိုက်လေအဝင်း”

“ဟုတ်ကို၊ အခုဟာကလည်း အေးအေးဆေးဆေး ပြောရမယ့်ကိစ္စဆိုတော့ မက်ဆေ့နဲ့ ပြောတာပဲ ကောင်းပါတယ်”

“အင်း ဘိုင် အဝင်း”


ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့၏ ဆိုင်ကယ်နောက်တွင် ရိက္ခာများ အပြည့်ထည့်ထားသော ပီနံအိတ်များ တင်လာခဲ့သည်။ ပြည်သူများသည် တကယ့်အရေးအကြောင်းရှိလျှင် ရက်ရောကြပါသည်။ သူတို့ကိုယ်တိုင်သာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် မတတ်နိုင်ကြပေမယ့် တော်လှန်ရေးသမားများကို ထောက်ပံ့ဖို့တော့ အင်အားအပြည့်ရှိကြပါသည်။

သူတို့ကိုယ်သူတို့ မတတ်နိုင်မှန်း သိလို့ တော်လှန်ရေးသမားများကို ထောက်ပံ့ဖို့ရာ အသိိစိတ်ဓာတ် ရှိကြပါသည်။ သည့်အတွက်ကြောင့် ထွန်းတောက်ထိန်သည် ပြည်သူ့အတွက် အားသွန်ခွန်စိုက်လုပ်မည်။ ပြည်သူအားကိုးရသူတစ်ဦးဖြစ်အောင် ကြိုးစားမည်၊ ပြည်သူယုံကြည်ရသူဖြစ်အောင် စိုက်ထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သည့်ကြောင့် အများကောင်းကျိုး ဖြစ်စေမည့် အလုပ်များကို စဥ်းစားရှာကြံနေမိတော့သည်။

ကမ့်ပ်သို့ ပြန်ရောက်တော့ အဝင်းထံက မက်ဆေ့တွေ တသောသော ဝင်နေတော့သည်။ ခုနက ပြောမည့်ကိစ္စမှန်း သိသဖြင့် အေးဆေးမှ ကြည့်မည်ဟု တွေးသည်။ ကမ့်ပ်အတွက် အင်တာနက်ရဖို့ ဘယ်လိုစီစဥ်ရ ကောင်းမလဲဟု ကိုကြံမောင်နှင့် ဆွေးနွေးသည်။

ပြည်ပရောက်များထံက တပ်အတွက် အလှူငွေရဖို့ဆို အင်တာနက်ရမှ အဆင်ပြေမည်။ ကိုကြံမောင့်မှာ ငွေ PAY အကောင့်ရှိပေမယ့် ထွန်းတောက်ထိန်မှာ မရှိသဖြင့် ကိုယ်ပိုင်အကောင့်ရဖို့ အကောင့်ကို ဝင်ရဦးမည်။ သို့မှသာ အလှူငွေရလျှင် ကိုယ့်အကောင့် ပေးလိုက်ရုံကိုး။ အလျင်ကဆို အကောင့်တစ်ခုကို အလွယ်တကူ ဖွင့်လို့ရသည်။ ယခုမူ စစ်အာဏာရှင်က အကောင့်ဖွင့်ဖို့ကို ကုတ်နံပါတ် ချမပေးတော့။ တော်လှန်ရေးသမားများအတွက် ငွေအဝင်အထွက် အနှောင့်အယှက်ဖြစ်စေရန်အတွက် ဖြစ်သည်။ ကိုကြံမောင်က

“အင်တာနက်ကို ရေအိုင်ရွာထဲသွားသုံးတာ၊ ငါ့အကောင့်ထဲ ငွေဝင်တဲ့မက်ဆေ့ဝင်ရင် ဘယ်သူလွှဲထားသလဲဆိုပြီး လိုင်းသွားတက်ပြီး မက်ဆင်ဂျာကို စစ်ရတာပဲ” ဟု ဆိုသည်။

” ကမ့်ပ်နဲ့ အနီးဆုံးရွာ ရေအိုင်ရွာမှာလည်း စတားလင့်ရှိတယ်ဆို အဲ့သည်စက်ကနေ ခွဲလို့ရတယ်လေ”

ဟု ထွန်းတောက်ထိန်က ဆိုတော့

“စက်တန်ဖိုးက သိန်းရာကျော်ရှိတယ်လေ၊ ဘယ်ကငွေနဲ့ ဝယ်မှာလဲ” ဟု ပြန်ပြောသည်။

” ရေအိုင်နဲ့ တစ်ဖွဲ့တည်းပဲ၊ သူတို့ကရော ဝယ်မပေးဘူးလား”

“သူတို့မှာလည်း ရှိရင်တော့ ပေးမှာပါ၊ မရှိကြလို့ပေါ့၊ အဖွဲ့တိုင်း ပြေလည်နေကြတာမဟုတ်ဘူးလေ၊ ပြီးတော့ ငါတို့သုံးဖို့အတွက် ငါတို့ရွာကအားနဲ့ပဲ ဝယ်ချင်တယ်၊ သူများရွာကို အားမကိုးချင်တော့ဘူး၊ အားနာလှပြီ”

“ဒါဆို အလျင်ဆုံး ငွေရအောင်စုတာပေါ့၊ အဲ့သည်ရွာမှာ လိုင်းသွားသုံးရင်း အလှူခံရမယ်၊ ငွေပြည့်မှ ဝယ်ကြတာပေါ့”

“ကောင်းတာပေါ့၊ အလှူခံရင် ပို့စ်တင်ပြီး အလှူမခံနဲ့နော်၊ မက်ဆင်ဂျာကနေ လိုက်ပြောပေါ့၊ လိုအပ်ချက်ကို နားဝင်အောင်ပြောမှဖြစ်မယ်၊ ငါတော့ စာတောင် သတ်ပုံမှန်အောင် မရေးတတ်လို့ မင်းကိုပဲ အားကိုးရတော့မယ်”

” ဟုတ်ပါပြီကိုကြံမောင်”

ထွန်းတောက်ထိန့်မှာ ပြည်ပရောက် သူငယ်ချင်းတွေ အများကြီးရှိသည်။ ထွန်းတောက်ထိန်ငယ်စဥ်က ရွာမှာကျောင်းတက်တုန်းက အတန်းဖော် ယောကျ်ားလေး အယောက်နှစ်ဆယ်ကျော် ရှိခဲ့သည်။

မိန်းကလေးက ဆယ့်ငါးယောက်ခန့်။ အားလုံးသည် ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ပြီး ပြည်ပသို့ အလုပ်လုပ်သွားကြသည်။ ထွန်းတောက်ထိန်တစ်ယောက်သာ ဆယ်တန်းအောင်သည်။ မိန်းကလေးတွေကတော့ လင်ယူသူ ယူ၊ ပြည်ပ တက်သူတက်နှင့် ရှိကြသည်။

ဆယ်တန်းအထိ ရောက်ခဲ့သော မိန်းကလေးအချို့ ရှိပေမယ့် မအောင်မြင်ခဲ့ကြ။ သူတို့တတွေကို တပ်အတွက် လိုအပ်ချက်ကို အပူကပ်ရမည်။ အပြောလေးလည်း ကောင်းရမည်။ ငါတို့က အသက်ပေးနေတာ၊ မင်းတို့က ငွေချည်းပဲ ရှာနေပြီး တော်လှန်ရေးအတွက် မလှူရင် မင်းတို့လိပ်ပြာလုံပါ့မလား။

အချိန်တန်လို့ မင်းတို့ကလေးတွေ ရလာတဲ့အခါ တော်လှန်ရေးကြီးက မင်းတို့အရွယ်ကောင်းတုန်းမှာ ကြုံခဲ့တာတောင် ကိုယ်နဲ့မဆိုင်သလို နေခဲ့ရင် မင်းတို့သားသမီးတွေကို ရှင်းပြမှာလဲ။ ငွေချည်းပဲ ရှာနေရင် မင်းတို့သားသမီးတွေကရှက်မှာပေါ့။ မင်းတို့သားသမီးတွေရဲ့ စံပြမိဘတွေ ဖြစ်သင့်တာပေါ့ ဟု ပြောရမည်။

နောင်နေ့၌ ရေအိုင်ရွာသို့ စတားလင့်သုံးရန် ကိုကြံမောင်နှင့် ထွက်လာခဲ့သည်။ ကိုကြံမောင်က ရေအိုင်ရွာမှ ခေါင်းဆောင်နှင့် ထွန်းတောက်ထိန်အား မိတ်ဆက်ပေးသည်။ ကိုယ့်တစ်ဖွဲ့တည်းသားချင်းမို့ အင်တာနက်ကို အခမဲ့ သုံးခွင့်ပေးသည်။

နောင်တွင်မှသိရသည်မှာ ဘယ်တပ်ဖွဲ့ကမဆို ကိုယ့်အဖွဲ့သားမှမဟုတ် ဘယ်တပ်ဖွဲ့မှ ပီဒီအက်ဖ်တော်လှန်ရေးသမားကိုမဆို အခမဲ့ အင်တာနက်သုံးစွဲခွင့် ပေးကြသည်။

ရေအိုင်ရွာသို့ ရောက်အပြီး အင်တာနက်သုံးဖို့ ဖုန်းကိုကိုင်တော့ အဝင်း၏ စာကို မြင်သည်။ အဝင်း၏ စာက စိတ်ဝင်စားဖွယ်ဖြစ်နေသဖြင့် အင်တာနက်သုံးဖို့ကို မေ့သွားသည်။

“ကိုရေ အဝင်းပြောမှာက မကြာခင် အဝင်းတို့ရွာမှာ ကျောင်းဖွင့်တော့မယ်လေ၊ ကျောင်းဖွင့်ဖို့ကို မဖြူပြာတို့ ချောင်းကူးရွာက ကိုကျော်အောင်တို့၊ ဆရာကြီး ဦးချိန်တင်တို့ စီစဥ်တာလေ၊ အဝင်းရော စာသင်ရမှာတဲ့၊ စာသင်မယ့် မိန်းကလေး စုစုပေါင်း ၁၃ ယောက် ရပြီကို၊ တချို့ဆရာမတွေကတော့ ဆယ်တန်းမအောင်ကြဘူးပေါ့၊ မသီတာနဲ့ မစန္ဒာအောင်တို့လေ၊ လူမရှိလို့ပေါ့ကိုရယ် ဘယ်တတ်နိုင်မလဲ၊ ဆယ်တန်းမအောင်ပေမယ့် ဆယ်တန်းအထိ နေဖူးကြတော့ စာသင်တတ်ကြမှာပါ၊ ကို့အတွက် သတင်းကောင်းက ကိုက ကျောင်းအုပ်လုပ်ရမှာ၊ ကို့ကို ကျောင်းအုပ်ခန့်ကြမယ်လို့ မဖြူပြာတို့က တိုင်ပင်ထားကြတာ၊ အဝင်းဖြင့် သိပ်ပျော်တာပဲ၊ ကိုနဲ့ တစ်ကျောင်းတည်းမှာ စာအတူသင်ရတော့မယ်ဆိုတော့လေ၊ ကို ရွာပြန်လာနိုင်ပြီဆိုတော့ ကို ကျောင်းအုပ်လုပ်ရဖို့ သိပ်သေချာသွားပြီ၊ ရွာလာတုန်းက မဖြူပြာနဲ့ တွေ့လိုက်သေးလားဟင်၊ သူက ပြောသွားသေးလား”

“အဝင်းပြောတာတွေက များတော့ ဘယ်ကနေ ပြန်ပြောရမယ်တောင် မသိတော့ဘူး၊ ရွာမှာ ကျောင်းဖွင့်တော့မယ်ဆိုတော့ ကိုလည်း ပျော်ပါတယ်၊ အခုအခြေအနေလောက်ဆို ဖွင့်လို့ရလောက်ပါပြီ၊ ဒါပေမယ့် ဘယ့်နှယ်ကြောင့် ကို့ကို ကျောင်းအုပ်ခန့်ဖို့ စိတ်ကူးပေါ်ရတာလဲ၊ ကိုက ရွာကို အပြီးပြန်လို့ မရသေးဘူးလေ၊ ပြီးတော့ ကျောင်းဖွင့်ဖို့ စီစဥ်တာက ဦးချိန်တင်လည်း ပါတယ်ဆိုတော့ သူ ရွာပြန်ရောက်နေပြီလား၊ ဒါဖြင့်ရင် သူပဲ ကျောင်းအုပ်လုပ်ပါစေပေါ့၊ အဲ့နေ့က မဖြူပြာနဲ့ မတွေ့ခဲ့ရပါဘူး”

ထိုသို့ စာပြန်ပြီး ပြည်ပက သူငယ်ချင်းတို့၏ အကောင့်များကို အလှူခံရန် လိုက်ပြီး Hi လုပ်နေလိုက်သည်။ မကြာမီလေး၌ အဝင်းထံက ပြန်စာဝင်လာသည်။

“ဒီလိုကိုရဲ့၊ ဦးချိန်တင်က ရွာပြန်မလာသေးဘူး၊ သူ ဘယ်ရောက်နေလဲတော့ အဝင်းလဲ မသိဘူး၊ သူက ရောက်ရာရွာမှာ စာသင်နေတာတဲ့၊ NUG လက်အောက်က ကျောင်းမှာပဲပေါ့၊ စာသင်နှစ် တစ်ဝက်မကျိုးသေးလို့ ပြန်လာလို့မရသေးဘူးတဲ့၊ ဦးချိန်တင်က အခုကြားကာလ NUG အစိုးရလက်အောက်မှာ စာသင်နေပြီဆိုတော့ ကျောင်းကို ဘယ်လိုနေရာမှာ ဖွင့်ရမယ် ဘယ်လိုသင်ရမယ်ဆိုတာ အကုန်ရှင်းပြတယ်ကို၊ ဦးချိန်အောင်ရဲ့နည်းလမ်းအတိုင်း အဝင်းတို့က သင်ကြမှာ၊ ကိုကျော်အောင်တို့က ကျောင်းဖွင့်ဖို့ကိစ္စကို ဦးချိန်တင်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်တာ၊ လေလှိုင်းကနေ ရှင်းပြတာပေါ့၊ အဲ့အတိုင်း စီစဥ်ပြီး မဖြူပြာကို ဒုတိယကျောင်းအုပ်ခန့်မယ်တဲ့၊ စာသင်မယ့် ဆရာမစာရင်းကို မဖြူပြာကို ကောက်ခိုင်းတယ်၊ ဒါပေမယ့် ဆရာမတွေချည်းပဲ ရပြီး ဆရာ မရှိဘူးကိုရေ၊ မဖြူပြာကလည်း အသက်အကြီးဆုံးဆိုပေမယ့် ကျောင်းအုပ်မလုပ်ရဲဘူးတဲ့၊ ဘေးနားက ပျူရွာကို ကြောက်လို့တဲ့၊ သူလည်း CDM ဆိုတော့ ကြောက်ရှာမှာ၊ CDM လည်းလုပ် NUG အစိုးရအောက်မှာ စာလည်း သင်တယ်ဆိုတော့ ကြောက်မှာပဲလေ၊ ဒါ့ကြောင့် ကို့ကို ကျောင်းအုပ်ခန့်မယ်လို့ တိုင်ပင်ကြတာ”

“ဟုတ်ပါပြီ၊ ဒါပေမယ့် ကိုက ကမ့်ပ်က တာဝန်တွေနဲ့ မအားဘူးလေ၊ ရွာလည်း အပြီးပိုင် မနေရဲသေးပါဘူးဆို၊ ကိုကြံမောင်တို့တောင် မပြန်ရဲသေးတာကြည့်၊ ဒါ့ကြောင့် မဖြူပြာချည်းပဲ နားလည်ပေးမနေနဲ့အဝင်းရဲ့၊ ကို့လည်း နားလည်ပေးပါဦး၊ ကိုက ပီဒီအက်ဖ်လေ၊ CDM ထက်တောင် အန္တရာယ်များသေး၊ ဒါ့ကြောင့် တော်လှန်ရေးပဲ ဇောက်ချလုပ်မှာ၊ ကျန်တာ မလုပ်အားဘူး”

“အဲဒါကြောင့်ပဲ ကို့ကို ရွေးချယ်ကြတာပေါ့၊ အဝင်းပြောတာ ဆုံးအောင်နားမထောင်ဘဲ ကိုက ကြားဖြတ်ပြောနေတာကိုး၊ ဒီလိုလေကိုရဲ့၊ ရွာမှာ ကျောင်းဖွင့်ဖို့လုပ်တော့ သင်ပေးမယ့်သူတွေက မိန်းမသားချည်းပဲဖြစ်နေ၊ ဆရာကလည်းမရှိ၊ အသက်အကြီးဆုံးဖြစ်တဲ့ မဖြူပြာကလည်း ကျောင်းအုပ်မလုပ်ရဲ၊ ကိုကလည်း ရွာပြန်လာလို့မရနဲ့ဆိုတော့ ယောကျ်ားဖြစ်တဲ့ကို့ကို ကျောင်းအုပ်အမည်ခံသက်သက်ပဲ ခန့်မှာ၊ ကိုက ရွာပြန်နေလို့ မရမချင်း စာသင်ဖို့မလိုဘူးတဲ့၊ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစရာရှိမှ ကို့ကို ခေါ်ပြီး ဆွေးနွေးမှာတဲ့”

“ကဲ ဘယ်လောက်ဟန်ကျလိုက်သလဲကို၊ ကိုလည်း ကျောင်းအုပ်လုပ်ရင်း တော်လှန်ရေးလည်း လုပ်လို့ရတယ်လေ၊ ဒါဆိုရင် လူတိုင်းက အကောင်းပဲ မြင်ကြမှာ၊ ချီးကျူးကြမှာ၊ တစ်ပြိုင်တည်း အများအကျိုးကို နှစ်မျိုးလုံးလုပ်တယ်ဆိုပြီးတော့လေ၊ ကို ငြင်းလို့ မဖြစ်ဘူးနော်၊ ဒါက အန္တရာယ်များတဲ့အလုပ်ကို သူများတွေ မလုပ်ရဲလို့ ကို့ကို အစားဝင်လုပ်ခိုင်းတာလို့လည်း မမြင်ပါနဲ့နော်၊ ကိုနဲ့မှ အံကိုက်မို့လို့ပါ၊ ကိုသာ လက်ခံမယ်ဆိုရင် အဝင်းကတော့ သိပ်ကို ဂုဏ်ယူမိမှာပဲ”

အဝင်း၏ ရှည်ဝေးသော စကားများကို ကြားလိုက်ရသည့်အခါ ထွန်းတောက်ထိန်သည် ဘာများ ပြန်ပြောရမည်မသိဖြစ်ပြီး အကြာကြီး ငြိမ်သက်နေမိသည်။ ထွန်းတောက်ထိန်၏ အဖြစ်သည် “မရွယ်ဘဲ စော်ကဲ မင်းဖြစ်” ဆိုသော စကားပုံကဲ့သို့ ဖြစ်နေရှာပါလား။

မရည်ရွယ်ပါဘဲ ဥဒေါင်းမင်းတပ်မှာ ဒုခေါင်းဆောင်နေရာကိုလည်း ယူလိုက်ရပြီ။ ယခုလည်း ကျောင်းအုပ်တာဝန်ကို ယူရတော့မည်ဆိုပါလား။ အတိတ်က ဘာကောင်းမှုတွေ လုပ်လာခဲ့လို့ သည်လို အခွင့်အရေးတွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပါလိမ့်။ ရောက်လာသည်မှာလည်း တစ်ခုတလေမဟုတ်ဘဲ အစုလိုက်အပြုံလိုက်။ ကိုကြံမောင်ပြောသော “မင်းက စာတတ်တယ်” ဆိုသည့်စကားကို သတိရမိသည်။ ဟုတ်သည်ပဲ။ သရက်ကုန်းရွာမှာတုန်းကလည်း ကိုဘသောင်းက စာသင်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးသည်။ “ဂျက်ဆန်က CDM တက္ကသိုလ်ကျောင်းသားဆိုလို့လေ” တဲ့။ ဒါဟာလည်း ထွန်းတောက်ထိန်က စာတတ်သောကြောင့်ပေပဲ။

ယခု ရောက်လာသည့် အခွင့်အရေးတွေကလည်း စာတတ်သောကြောင့်။ သည့်ကြောင့် ထွန်းတောက်ထိန်သည် ပညာ၏ တန်ဖိုး ကြီးမားပုံကို ယခုမှ မျက်ဝါးထင်ထင် မြင်မိရတော့သည်။ ပညာတတ်သူတွေဟာ ဘယ်လောက်ထည်ဝါတယ်၊ လူရာဝင်တယ်၊ နေရာရတယ်ဆိုတာ အခုမှ နားလည်ရတော့သည်။ ပညာ၏ တန်ဖိုးကို အဖေဦးအောင်သိန်းသည် အစောကြီးကတည်းက သိနားလည်ခဲ့သည်ထင်ပါသည်။

မိဘတိုင်းက ကိုယ့်သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်သည်မှာ သည်လို လူရာဝင်မှုများကြောင့် ဖြစ်ရမည်။ သည့်ကြောင့် မလေးရှားသို့ အလုပ်လုပ်သွားရင်း ထွန်းတောက်ထိန်ကို ကျောင်းဆက်တက်ဖို့ တဖွဖွပြောသည်။ ထွန်းတောက်ထိန်က ကျောင်းထွက်ပြီး ပြည်ပသွားချင်သည်ဟု ပူဆာတိုင်း အဖေက အကြောက်အကန်ငြင်းခဲ့သည်။ ယခုတော့ အဖေ၏ စေတနာတွေကို ထွန်းတောက်ထိန် နားလည်ပါပြီ။ ထွန်းတောက်ထိန်ထံမှ ပြန်စာမရသဖြင့် အဝင်းဘက်ကပဲ စာတွေ ဆက်ပို့လာသည်။

“ကို တွေဝေနေတာမဟုတ်လား၊ ကိုငြင်းရင် အဝင်းက မချစ်တော့ဘဲ နေလိုက်မှာ၊ မနေ့က မဖြူပြာနဲ့ မတွေ့လိုက်ဘူးဆိုရင် အခုပဲ အဝင်းကိုယ်တိုင် မဖြူပြာကို သွားပြောလိုက်တော့မယ်၊ ကိုက လက်ခံမယ့်အကြောင်းပေါ့”

ထွန်းတောက်ထိန်သည် မငြင်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သရက်ကုန်းရွာတုန်းက ကိုဘသောင်းက တောင်းဆိုသည်ကိုတော့ ငြင်းလိုက်မိသည်။ ငြင်းရသည့်အကြောင်းက ဘယ်တုန်းကမှ ကျောင်းဆရာဖြစ်ဖို့ မရည်ရွယ်ခဲ့တာရော၊ စာသင်ဖို့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာရောကြောင့်ပင်။

အခုတော့ ကိုယ့်ရွာမှာပဲ ဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသည်။ နေရာရလာသည့်အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိလာတတ်ကြောင်း ထွန်းတောက်ထိန် နားလည်သွားသည်။ အိမ်က ညီကလေးကိုလည်း ကျောင်းထားချင်ပြီဖြစ်သဖြင့် ကျောင်းကို မြန်မြန် ဖွင့်စေချင်လှပြီ။

■ ထွင်

အပိုင်း (၁၁) ဆက်ရန်….