ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

August 28, 2026

အပိုင်း (၇)

ထွန်းတောက်ထိန်၏ စိတ်ထဲတွင် အဝင်းနှင့် စကားပြောရတာ ပျော်စရာမကောင်းတော့သလို ခံစားရသည်။ ထွန်းတောက်ထိန်၏ နားထဲတွင် အဝင်းသည် တဗျစ်တောက်တောက် ပြောနေသလို ခံစားရသည်။ ယခုလောလောဆယ်တော့ ချိုသာနှင်းနှင့် စကားပြောရသည်ကို သိပ်ကိုပျော်ရွှင်နေမိသည်။

ချိုသာနှင်းက အချိန်ပြည့် အင်တာနက်မသုံးနိုင်သည့်အခါ ဖုန်းမက်ဆေ့ကနေ စာလာလာပို့တော့သည်။ ထွန်းတောက်ထိန်က ချိုသာနှင်းကို အနှင်းက သိပ်လှတာပဲနော် ဟု Tik Tok မှာ ပြောလိုက်မိကတည်းက ချိုသာနှင်းသည် သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားပြီဟု ယူဆပစ်လိုက်ဟန်တူသည်။

“ကိုဂျက်မြင်တာက အနှင်းမြင်တာထက် နောက်ကျသွားတယ်၊ အနှင်းကမှ ကိုဂျက်ကို မြင်မြင်ချင်း မျက်လုံးထဲကကို မခွာနိုင်တော့ဘူးလေ၊ ရွာထဲ ရိက္ခာလာအလှူခံတုန်းက ကိုဂျက်က တခြားရဲဘော်တွေကြားမှာ ထင်းနေတာပဲ၊ ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ တကယ့်ကို ယောကျ်ားပီသတာ၊ နောက်များ ကိုဂျက်တို့ အလှူခံလာဦးမလားဆိုပြီး အနှင်းမှာ မျှော်လိုက်ရတာလေ၊ ဒါပေမယ့် ကိုဂျက်တို့က ပေါ်မလာတော့ဘူး၊ အဲ့အချိန် ကိုဘသောင်းက ကိုဂျက်တို့ကမ့်ပ်မှာ တဲဆောက်မှာမို့ ဆယ်အိမ်ခေါင်းတွေ လိုက်ရမယ်လို့ အနှင်းတို့အိမ်ကို လာအသိပေးတော့ အနှင်းမှာ ပျော်လိုက်ရတာ၊ ကိုဂျက်နဲ့ တွေ့ချင်လို့ အနှင်းလိုက်မယ်လို့ အိမ်ကို ပြေးအသိပေးလိုက်တာပဲ၊ အဲ့ဒီနေ့ ရောက်တော့လည်း ထမင်းချက်ရင်း အနှင်းမျက်လုံးတွေက ကိုဂျက်ဆီ မခွာတာ ကိုဂျက်မြင်သားပဲလေ၊ ဒါ့ကြောင့်ပြောတာ အနှင်းက ကိုဂျက်ရဲ့ ခန့်ထည်မှုကို အရင်ဆုံး မြင်တာပါလို့”

သည်ကတည်းကစပြီး ထွန်းတောက်ထိန်သည် အဝင်း၏ မက်ဆေ့များကို သိပ်အရေးမထားတော့ဘဲ ချိုသာနှင်း၏ မက်ဆေ့များကြားမှာသာ ပျော်ဝင်နေခဲ့တော့သည်။ သို့သော်လည်း ချိုသာနှင်းနှင့် သီးသန့်တွေ့ဖို့ကိစ္စကို မဖန်တီးနိုင်သေး။ ထွန်းတောက်ထိန်၏ စိတ်တွေကတော့ ဆာလောင်နေပြီ။ ချိုသာနှင်း၏ ကိုယ်သွယ်သွယ်လေးကို ပွေ့ဖက်သိမ်းကျုံးဆွဲသွင်းပစ်ချင်နေသည်။

လည်တိုင်လေးကို အငမ်းမရ နမ်းရှိုက်ပစ်ချင်နေပြီ။ အနှင်းနှင့် သီးသန့်တွေ့ခွင့်ရဖို့အတွက် ဗသစ်ထံ အကူအညီတောင်းလို့ ရနိုင်သော်လည်း ချိုသာနှင်းနှင့် ချစ်သူတွေ ဖြစ်နေသည့်အကြောင်းကို ဗသစ်ကို မသိစေချင်သေး။ ချိုသာနှင်းကိုလည်း သူငယ်ချင်းလေးကလွဲလို့ ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးထားသည်။ အနှင်းက ကျောင်းသူလေးဆိုတော့ ကိုဂျက်မှာက တာဝန်ကြီးတယ်လေ၊ မသကာ ကျောင်းသူလေးကို မြှူဆွယ်ဖျားယောင်းတယ်ဆိုပြီး ပတ်ဝန်းကျင်က ပြောမှာကြောက်လို့၊ ဒါဟာလည်း အနှင်းရဲ့ သိက္ခာအတွက်ပါဟု ပြောထားရသည်။

တစ်နေ့တွင် အနှင်းနှင့် သီးသန့်တွေ့ခွင့်ရဖို့ကိစ္စကို ထွန်းတောက်ထိန် မဖန်တီးနိုင်သည့်အခါ အနှင်းက ဖန်တီးပေးလာခဲ့သည်။ အကြောင်းက သရက်ကုန်းရွာတွင် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပမည်ဟု အနှင်းက ပြောလာခဲ့သည်။ အဲ့ညကျရင် ကိုဂျက်လာဖြစ်အောင် လာခဲ့ပါဟု ပြောထားသည်။

ပြည်တွင်းစစ် ဖြစ်နေသည့် ကာလကြီးတွင် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲကြီး ကျင်းပခွင့်ရဖို့မှာ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရသည်။ အလှူ့ရှင်နှင့်အတူ ကိုဘသောင်းတို့အဖွဲ့ရော ရွာထဲက လူကြီးသူမများရော ထွန်းတောက်ထိန်တို့ ကမ့်ပ်သို့ လာရောက်စုဝေးပြီး အကြိတ်အနယ် ဆွေးနွေးကြသည်။ ထိုအလှူသည် သရက်ကုန်းရွာတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြီးနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမည့် အလှူပွဲကြီးဖြစ်သည်။

အလှူ့ဒကာကြီးသည် ရေနံလုပ်ငန်းဖြင့် ချမ်းသာနေသူဟု ဆိုသည်။ သားကလေးများမှာ အရွယ်ရောက်နေကြပြီ။ ရှင်ပြုပေးချင်လှပြီတဲ့။ သည့်ကြောင့် အလှူဒကာကြီးသည် ဘယ်သူတားတား တားလို့မရတော့လောက်အောင် လှူချင်စိတ် ပြင်းပြနေခဲ့သည်။ အလှူပွဲကြီး ကျင်းပဖို့ကို ရွာ့ခေါင်းဆောင်ဖြစ်သော ကိုဘသောင်းက အကြောက်အကန်ငြင်းသည်။

“စစ်အာဏာရှင်က သည်လို လူစုလူဝေးရှိနေတဲ့ ပွဲမျိုးကို မျက်စိကျနေတာနော်၊ လူတွေ အစုလိုက်အပြုံလိုက် သေမယ့် နည်းလမ်းကို ချောင်းနေတာ၊ ခင်ဗျားရဲ့ အလှူပွဲကြီး ကျင်းပနေပါပြီတဲ့ အလှူပွဲလာ ပရိသတ်တွေအပေါ် ဗုံးကြဲချရင် ခင်ဗျားက ပြန်ရှင်လာအောင် လုပ်ပေးနိုင်မှာမို့လား၊ တကယ်လို့များ လူတွေသေကုန်မယ်ဆိုရင် အကုန်လုံး ခင်ဗျားအပြစ်နော်၊ တကယ်လို့များ ဖြစ်လာခဲ့ရင် တစ်ရွာလုံးက ခင်ဗျားကိုပဲ နာကျည်းနေကြတော့မှာ”

အလှူ့ဒကာကြီးကလည်း ပြန်ခံပက်ပြန်သည်။

“တကယ်လို့များဆိုတာကြီး ထည့်တွေးနေရင်တော့ လူကြောက်တွေပဲ ဖြစ်နေတော့မှာပေါ့၊ ဖြစ်မလာသေးတာကို တွေးပြီး ကြောက်နေရင်တော့ အဆိုးမြင်သမားတွေပဲ ဖြစ်နေတော့မှာပေါ့၊ ဒီမှာ ကိုဘသောင်း ခင်ဗျားပြောသလို ကျုပ်မတွေးဘူးမထင်နဲ့၊ ကျုပ်တွေးပါတယ်၊ ခင်ဗျားပြောသလို တကယ်လို့များပေါ့ ပွဲလာပရိသတ်တွေအပေါ် ဗုံးကြဲချတယ်ဆိုပါစို့ လူတွေ သေကုန်ရင် ဘယ့်နှယ်ကြောင့် ကျုပ်အပြစ်ဖြစ်ရမှာလဲ၊ အာဏာရှင်ကြောင့်ပဲပေါ့၊ ထားပါ အဲ့သည်လိုတွေ ဖြစ်လာနိုင်တယ်လို့ ကျုပ်လည်း တွေးထားလို့ အဖြေရှာကြရအောင်ဆိုပြီး သည်မှာ စုဝေးခိုင်းတာပါပဲ၊ ခင်ဗျားမှာ မိတ်ဖက်တပ်သားတွေအများကြီး ရှိနေတယ်မဟုတ်လား၊ ရှိသမျှ တပ်သားတွေကို အကုန်ခေါ်ပါ၊ လေးဘက်လေးတန်မှာ လုံခြုံရေးယူပေးပါ၊ အိုင်ကွန်ဖုန်းကိုယ်စီနဲ့ လေယာဥ်သံကြားရင် သတင်းပေးကြပေါ့၊ ကျုပ်ကိုလည်း အိုင်ကွန်တစ်လုံးပေးထား၊ လေယာဥ်သံကြားတယ်လို့ ကျုပ်ဆီသတင်းလှမ်းပေးပေးချင်း ကျုပ်တို့လူစုခွဲမယ်ဗျာ၊ အဲ့ကျမှ ပွဲပျက်ချင်ပျက်ပါစေတော့၊ လေယာဥ်ဆိုတာကလည်း အမြဲတမ်း လာတာလည်း မဟုတ်ဘူးလေ၊ ကျုပ်လှူမယ့်နေ့မှာ မလာတာနဲ့လည်း ကြုံကြိုက်ချင်ကြိုက်မှာ၊ တကယ်လို့များ လေယာဥ်လာရင်ဆိုတဲ့ အဆိုးမြင်အတွေးတစ်ခုနဲ့တော့ ကျုပ်အလှူ အပျက်မခံနိုင်ဘူးဗျာ၊ ခင်ဗျားရဲ့ မိတ်ဖက်တပ်သားတွေကို ကျုပ် ငွေပေးရမယ်ဆိုလည်း လိုသလောက်သာ ပြောဗျာ၊ ကျုပ်အကုန်ထုတ်ပေးမယ်၊ ကျုပ်အလှူကိုတော့ လာတားလို့မရဘူး”

အလှူ့ဒါယကာကြီး၏ ပြင်းပြသောစိတ်နှင့် ရှင်းပြချက်များကြောင့် ရွာထဲက လူကြီးများက ခေါင်းညိတ်ကြသည်။ ကိုဘသောင်းလည်း မတတ်သာတော့သည့်အဆုံး လက်ခံလိုက်ရတော့သည်။

လဝက်ခန့် ကြာသည့်အခါ၌ အလှူပွဲကြီး ကျင်းပတော့မည်။ ထိုနေ့နံနက်တွင် ထွန်းတောက်ထိန် ကမ့်ပ်က ရဲဘော်တွေ ယူနီဖောင်းကိုယ်စီ ဝတ်နေကြသည်။ ထွန်းတောက်ထိန်သည် သန်မြန်နေ့ကတည်းက ယူနီဖောင်းကလေးကို သစ်လွင်နေအောင် လျှော်ထားသည်။ ပြီးလျှင် မီးပူတိုက်ချင်သေးသဖြင့် ချိုသာနှင်းကို အကူအညီတောင်းထားသည်။ ချိုသာနှင်းက မီးပူတိုက်ရန်အတွက် သူငယ်ချင်းလေးနှင့် လာယူသည်။ ပြီးလျှင် သူငယ်ချင်းလေးနှင့်ပဲ ပြန်ပို့သည်။

ထိုစဥ်တုန်းက ချိုသာနှင်းနှင့် သီးသန့်တွေ့ချင်သော်လည်း အခွင့်မသာခဲ့ပေ။ အလှူညကျရင် တွေ့ကြရအောင်ဟု ချိုသာနှင်းပြောထားသဖြင့် သီးသန့်တွေ့ချင်စိတ်ကို အောင့်အည်းထားသည်။ သည်နေ့ အလှူနေ့ ရောက်ပြီ။ ချိုသာနှင်း မီးပူတိုက်ပေးသော ယူနီဖောင်းကလေးကို သပ်ရပ်နေအောင် ဝတ်သည်။ ဆံပင်ကို အုန်းဆီမများအောင် လူး၏။

မျက်နှာလေးကို ဝင်းပနေအောင် နေရောင်ခံကရင်မ်လိမ်း၏။ သည်နေ့ ထွန်းတောက်ထိန် ခန့်ချောနေမှ ဖြစ်မည်လေ။ အလှူနေ့ကိုး။ ပွဲလာပရိသတ်အများအပြားကြားမှာ လုံခြုံရေး ယူပေးရမည်ကိုး။ အနှင်းနှင့်လည်း တွေ့ရမည်ကိုး။ သည်တော့ ထွန်းတောက်ထိန် ချောမောခန့်ညားနေမှ ဖြစ်မည်။

ထိုစဥ်၌ ကိုဘသောင်းတစ်ယောက် ဆိုင်ကယ်လေးနှင့် ကမ့်ပ်သို့ ပေါက်ချလာသည်။ မိုင်း သုံးလုံး ခွဲရမည်ဟု ပြောသည်။ သည်နေ့အလှူနေ့မို့ နှောင့်ယှက်မည့် ရန်သူများ မလာစေရန် ခြောက်လှန့်သည့်အနေနဲ့ မိုင်းခွဲပြရမည်ဟု ဆိုသည်။ သည့်ကြောင့် မိုင်းသုံးလုံးကို စမ်းသပ်သည့်နေရာသို့ ထမ်းသွားရန် ပြောသံ ထွန်းတောက်ထိန် ကြားသည်။ ထွန်းတောက်ထိန်သည် ယူနီဖောင်းကလေး ပေကျံမည်စိုးသဖြင့် ကိုဘသောင်းမသိအောင် နောက်ဖေးသို့ လှစ်ကနဲ ပြေးသွားမိသည်။

ခဏအကြာ ဝန်းကနဲ့ မိုင်းကွဲသံ သုံးချက် သုံးမိနစ်ခြားစီ ကြားလိုက်ရတော့သည်။ ပြီးနောက် ကမ့်ပ်တွင် ထမင်းချက်ဦးလေးကြီးသာ ကျန်ရစ်စေပြီး ယူနီဖောင်းဝတ်ထားသော ရဲဘော်များကို သေနတ်ကိုယ်စီထမ်းကာ ကိုဘသောင်းနှင့် လိုက်လာခဲ့ရန် ဆိုသည်။

ထွန်းတောက်ထိန်လည်း ဟိန်းထက်၏ ဆိုင်ကယ်နောက်မှာ ထိုင်ပြီး လိုက်လာခဲ့သည်။ ရွာထဲက အလှူအိမ်ရှေ့ရောက်တော့ ကိုဘသောင်းက အသင့်ပြင်ထားသော ကုလားထိုင်များရှေ့တွင် နေရာပေးကာ သည်နေရာမှာ လုံခြုံရေး ယူရမည်ဟု ဆိုသည်။ တစ်ဘက်က သတင်းပေးသော အိုင်ကွန်ဖုန်းသံကို သတိမပြတ် နားစွင့်နေရမည်ဟု ဆိုသည်။ လေယာဥ်သံ ကြားသည်ဟု သတင်းရပါက အလှူပွဲလာ ပရိသတ်အား လူစုခွဲရန် မြန်မြန်သွက်သွက် သတိပေးရမည်ဟု ဆိုသည်။

အလှူပွဲကြီးကိုကြည့်ပြီး အလှူ့ဒါယကာကြီးသည် အဘယ်မျှ ချမ်းသာသည်ကို မှန်းဆနိုင်သည်။ သည်လောက်ကြီးကျယ်သော အလှူပွဲမျိုး ထွန်းတောက်ထိန်တို့ရွာတွင် မရှိဖူးခဲ့။ အလှူ့ဒါယကာ၏ ဝတ်စုံသည် ရွှေရောင် ဝင်းတောက်နေသည်။ အလှူဒါယိကာမ၏ ကိုယ်ပေါ်တွင် ရတနာမျိုးစုံ ဖိတ်ဖိတ်တောက်နေသည်။ မိတ်ကပ်သည်လည်း ရွှေရောင်မိတ်ကပ်ဖြစ်နေပြီး သည်လို ရွှေရောင်မိတ်ကပ်မျိုး ထွန်းတောက်ထိန် မမြင်ဖူး။

ရှင်လောင်းနှင့် နားထွင်းလေးများ၏ ဝတ်စုံသည် နတ်သာယဝတ်စုံနှင့် နတ်သမီးဝတ်စုံများဖြစ်သည်။ မောင်ရှင်လောင်းစီးတော်မြင်း၏ ကိုယ်ပေါ်တွင် ချပ်ဝတ်တန်ဆာများ အပြည့်ဆင်ယင်ထားသည်။ အကျွေးအမွေးတွင်လည်း ဖွယ်ဖွယ်ရာရာဖြစ်သည်။ ဟင်းချို၊ ပဲနှပ်(ပဲကြော်)၊ ပဲပင်ပေါက်ချဥ်အပြင် ငရုတ်သီးကြော်မှာ ဘာလချောင်ကြော်ဖြစ်သည်။

ဘာလချောင်ကြော်ကို ငါးသလောက်ခြောက်မှုန့်ဖြင့် ကြော်ထားသည်။ ငရုတ်သီးပါတာသက်သက်၊ အစပ်မစားနိုင်သူများ ကလေးငယ်လေးများအတွက်ရော သက်သက်ဖြစ်သည်။ ပြီးလျှင် အကောင်းဆုံးဟင်းလျာကား ငါးသလောက်ခြောက်အတုံးချက်ဖြစ်သည်။ ဆီများမှာ ပျံနေသည်။ ဘာလချောင်ကြော်နှင့် ငါးသလောက်ခြောက်ကြော်အတွက်နှင့်တင် အများအပြား ကုန်ကျလိမ့်မည်။

အလှူမဏ္ဍပ်ကြီးသည်လည်း ဟီးဟနေသည်။ ဆိုင်းဝိုင်းကိုကား တစ်ရွာလုံးနှင့် ကိုဘသောင်းတို့၏ ကန့်ကွက်ချက်ကြောင့် ငှားရမ်းခွင့်မရခဲ့ပါ။ ဘိသိက်ဆရာလည်း ငှားရမ်းခွင့် မရခဲ့။ အသံချဲ့စက်ကို အလှူတေးသီချင်း၊ ဆိုင်းသီချင်းများဖြစ်သည့် ဝေဿန္တရာလိုအလှူတို့၊ အလှူဒကာကြီးက သပိတ်ရယ်လွယ်ကာ မောင်ရှင်လောင်းက မြင်းပေါ်မှာ သီချင်းများသာ မတိုးမကျယ်လေး ဖွင့်ထားခွင့်သာ ရသည်။

အလှူကြီး ပြီးဆုံးမည့် နေ့၏ ညပိုင်းတွင် ကာလသားများ၏ တောင်းဆိုချက်ကြောင့် တီးဝိုင်းကလေး ငှားရမ်းခွင့် ရခဲ့ပါသည်။ အလှူပွဲတွင် တီးဝိုင်းနှင့် မအပ်စပ်သော်လည်း ခေတ်ဆိုးခေတ်ပျက်ကြီးကြောင့် ဓလေ့များပင် ပြောင်းလဲကုန်ရတော့သည်။ အလှူပွဲအခြေအနေကိုကြည့်ပြီး ခေတ်ပျက်ကြီးမှာ သည်လောက်ချမ်းသာနိုင်အောင် ကြိုးစားနိုင်တာ တော်ရုံအရည်အချင်းမဟုတ်ဘူးဟု ထွန်းတောက်ထိန် တွေးသည်။

အလှူရှင်လောင်းလှည့်ချိန်တွင် ထွန်းတောက်ထိန်သည် ချိုသာနှင်းကို ရှာမိသည်။ ချိုသာနှင်းကလေးသည် အတော်လေး လှသော လှပျိုဖြူလေးမို့ ကွမ်းတောင်ကိုင် ပါလိမ့်မည်ဟု ထင်သည်။ ထင်သည့်အတိုင်း ကွမ်းတောင်ကိုင်လှပျိုဖြူလေးတို့နေရာတွင် ချိုသာနှင်းကို ဘွားကနဲ့ တွေ့ရသည်။ အားပါး လှလိုက်သည့်ဖြစ်ခြင်း။ ကြည်ပြာရောင် ဇာဝမ်းဆက်ကလေးကို ဝတ်ထားသည်။ ချိုသာနှင်းကလည်း ရှင်လောင်းအလှည့်ကြီး ထွန်းတောက်ထိန်တို့ရှေ့အဖြတ် ထွနိးတောက်ထိန်ကို လှည့်ကြည့်သည်။

ထွန်းတောက်ထိန်က ပြုံးပြသည်။ ချိုသာနှင်း၏ မျက်နှာကလေးကတော့ ပိုလို့ဝင်းပသွားတော့သည်။
ထိုအချိန်၌ စန္ဒာဝင်းဝင်းထံက မက်ဆေ့များ တစ်စောင်ပြီးတစ်စောင် တရွှီရွှီ ဝင်လာခဲ့သည်။

ထွန်းတောက်ထိန်သည် တာဝန်ချိန်မှာ နှောင့်ယှက်လွန်းရန်ကော ဆိုပြီး မဖတ်ဖြစ်ပေ။ အသံမြည်လွန်းသဖြင့် ဖုန်းသံကို ပိတ်ထားလိုက်သည်။

အဝင်းပြောသော သတင်းများသည် ထူးသော သတင်းများ ဖြစ်သည်။

“ကိုရေ သတင်းကောင်းတွေ ရှိတယ်သိလား၊ တကယ်တော့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သတင်းကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ယူဆလို့ သတင်းကောင်းလို့ ပြောတာပါ၊ ဒီနေ့ ရွာထဲ ပီဒီအက်ဖ်တွေ အများကြီးလာတယ်လေ၊ ဆယ့်ငါးယောက်လောက် ရှိတယ်၊ ယူနီဖောင်းတွေ အပြည့်အစုံနဲ့ပဲ၊ သေနတ်တွေကိုယ်စီနဲ့၊ ဘယ်သူတွေ ဖြစ်ရမလဲ ကိုကြံမောင်တို့အဖွဲ့လေ၊ ရွာထဲက ဂျော်ဒက်တို့၊ ပေစိတို့၊ ပေတိုးတို့၊ ညှက်စိတို့လည်း ပါတယ်၊ အမယ်မယ် အဲသည်အပေအတေကောင်တွေက ပီဒီအက်ဖ်ဝတ်စုံတွေနဲ့ကျတော့ တကယ့်ယောကျ်ားကောင်းတွေအတိုင်းပဲတော့၊ ဘာလုပ်လာတာလို့ ကိုထင်လဲ မှန်းကြည့်ပါဦး၊ စကားကြောရှည်တယ်လို့ မပြောနဲ့နော်၊ ကိုနဲ့ သည်လို သတင်းလေးတွေ ပြောရတာ ပျော်စရာကောင်းလို့၊ အထူးသဖြင့် ကိုနဲ့ ပြောနေရရင်ကို အလိုလို ပျော်လို့”

“ဟင် ကို စာလည်းမပြန်ဘူးနော်၊ မအားလို့လား၊ မအားတာပဲ နေမှာပါ၊ ကိုမှန်းတာ စောင့်မနေတော့ပါဘူး၊ အဝင်းပဲ ပြောလိုက်ပါတော့မယ်၊ ရွာမှာ ရွေးကောက်ပွဲမတိုင်ခင်က မဲဆွယ်ပွဲမှာ ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲကို လိုက်ပါကြတဲ့လူတွေကို တစ်အိမ်တက်ဆင်း သတိပေးတာ၊ ဒလန်မလုပ်ကြဖို့ပေါ့၊ အထူးသဖြင့်တော့ စက်မှုကို မိသားစုလိုက် ပြေးတဲ့ ကိုဝင်းအေးရဲ့ ဆွေမျိုးသားချင်းတွေ အကုန်လုံးပေါ့ကို၊ ခင်ဗျားတို့ မိသားစုထဲက တစ်ယောက်ယောက် ဒလန်လုပ်တယ်ကြားရင် ခင်ဗျားတို့ ဆွေမျိုးသားချင်းတွေကို နစ်နာအောင် အပြစ်ပေးမယ်လို့ သတိပေးခဲ့ကြတယ်တဲ့”

“အဝင်းတော့ သိပ်ပျော်တာပဲ၊ ဒါဟာ အောင်မြင်ခြင်းရဲ့ လမ်းစပဲ၊ ကိုပြောတာ မှန်တယ်၊ ကိုဝင်းအေးက စက်မှုကိုသာ ပြေးသွားတာ ရွာကို ဒုက္ခ မပေးရဲဘူး၊ အခုထိ ဒုက္ခလာမပေးသေးဘူးလေ၊ ရွာမှာ သူ့ ဆွေမျိုးသားချင်းတွေ ရှိတာကိုး”

“အဝင်းတော့ ဒီည စိတ်ချ လက်ချနဲ့ အိပ်နိုင်တော့မှာ အသေအချာပဲ၊ ဟိုငါးယောက်ကို အဖမ်းခံရအောင် ဒလန်လုပ်သူလို့ ယူဆရသူကလည်း ပြေးပြီ၊ အခုလည်း ဒလန်မလုပ်ဖို့ သတိပေးပြီးပြီဆိုတော့ ရှေ့လျှောက် တရွာလုံး စိတ်အေးလက်အေး နေနိုင်ကြတော့မယ်ထင်တာပဲ၊ ယာတွေ လုပ်ရင်းလည်း ကျီးကြည့်ကြောင်ကြည့် ကြည့်ရတော့မယ်မဟုတ်ဘူး၊ ပြီးတော့..”

“ပြီးတော့လေ ကိုနဲ့ အဝင်းလည်း ပြန်တွေ့ရတော့မယ်ထင်တာပဲ၊ ကိုကြံမောင်တို့တောင် ရွာကို လာကြပြီဆိုတော့ ကိုလည်း ရွာပြန်လာလို့ရလောက်ပြီလေ၊ အဝင်းတော့ ကို့ကိုသိပ်လွမ်းတာပဲ၊ ပြောမပြတတ်အောင် လွမ်းတယ်၊ ကိုလည်း အဝင်းကို လွမ်းတယ် မဟုတ်လားဟင်”

ထို မက်ဆေ့များကို ထွန်းတောက်ထိန် မဖတ်ဖြစ်ပေ။ သည်နေ့နှင့် သည်ည အောင်မြင်စွာ ပြီးဆုံးသွားအပြီး တစ်ရက်လောက် အိပ်ရေးဝဝ အိပ်ပြီးခါကျ ဖတ်တော့မည်ဟု တွေးလိုက်သည်။ အလှူနေ့တစ်နေ့လုံးတော့ ထွန်းတောက်ထိန်အပါအဝင် ပွဲလာပရိသတ်အားလုံး ရင်တမမ ဖြစ်ကြရလိမ့်မည်။ လေယာဥ်နှင့် ဗုံးလာကြဲမလား ဆိုပြီး တွေးတပူပူ ဖြစ်ကြရသည်။

ရွာ့တာဝန်ခံကြီးဖြစ်သော ကိုဘသောင်းဆိုလျှင် အိုင်ကွန်ဖုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း လမ်းကို ဟိုသည် လျှောက်နေတတ်သည်။ အလှူ့ဒါယကာကြီးကတော့ အိုင်ကွန်ဖုန်းကို အင်္ကျီဘေးထိုးမှာ ထိုးထည့်ထားသည်။ မောင်ရှင်လောင်းလေးကိုပါ အိုင်ကွန်ဖုန်း ပေးထားရာ မောင်ရှင်လောင်းလေးက မြင်းပေါ်မှာ ပေါက်ပေါက်ကြဲရင်း အိုင်ကွန်ဖုန်းကို အင်္ကျီလည်ဟိုက်မှာ ချိတ်ထား၏။ စစ်အတွင်းမှ အလှူပွဲ၏ သင်္ကေတများဖြစ်သည်။

အလှူပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ဘိသိက်သွန်းလောင်းပွဲ မပါသဖြင့် ရင်ပူရ သက်သာသေးသည်။ ရှင်လောင်းများကို ရှင်လောင်းလှည့်အပြီး ခဏနားကာ သင်္ကန်းစီးပေးကြသည်။ ပရိတ်တရားတော်ကို ခဏတာသာ နာယူစေပြီး အလှူပွဲကြီး ပြီးမြောက်ခြင်း အထမြောက်သွားသည်။

သို့တိုင် အလှူမဏ္ဍပ်ကိုတော့ မဖျက်သေးပေ။ ညပိုင်းမှာ တီးဝိုင်း ရှိသေးသည်ကိုး။ သည်တော့ ထွန်းတောက်ထိန်တို့ လုံခြုံရေးတာဝန်က မပြီးဆုံးသေးပေ။

ညပိုင်း ရောက်လာတော့ သရက်ကုန်းရွာသူရွာသားများသည် နေ့ခင်းက မြန်မာမှုအဝတ်အစားများနှင့် မတူသော ခေတ်ဆန်ဆန်အဝတ်အစားများကို ဝတ်ဆင်ကာ အလှူအိမ်သို့ ရောက်လာကြသည်။ ယောကျ်ားလေးများက ဂျင်းဘောင်းဘီရှည်များ ဝတ်ကာ မိန်းကလေးများ စကတ်များ ဝတ်လာကြသည်။ မိန်းကလေးများ၏ ဆံပင်များသည် ခေတ်ဆန်ဆန် ပုံစံအမျိုးမျိုး ပုံသွင်းလာကြကာ နှုတ်ခမ်းနီများ ရဲတောက်လာကြသည်။

ည ၈ နာရီဝန်းကျင်၌ တီးလုံးသံများ ကြားလာရပြီ။ လူပျိုကာလသားကလေးများက ခုန်ခုန်လှုပ်လှုပ် ဖြစ်လာပြီ။ လက်ထဲမှာ ဘီယာဘူးကိုယ်စီနှင့်။ ထွန်းတောက်ထိန်တို့အဖွဲ့လည်း သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်၊ အိုင်ကွန်ဖုန်းကနေ လေလှိုင်းသံနားစွင့်ရင်း လူပျိုကာလသားများ ရန်မဖြစ်ကြရအောင် သတိနှင့် နေကြရသည်။

တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီး သီချင်းဆိုနေကြပြီ။ ပီဒီအက်ဖ်များ ယူနီဖောင်းအပြည့်နှင့် သီချင်းဆိုကြ၏။ ပီဒီအက်ဖ်များကိုတော့ ငွေကြေးဆုချသူ အများအပြားရှိသည်။ ရွာကို ကာကွယ်သူ၊ တိုင်းပြည်ကို အသက်ပေးကာကွယ်သူဆိုပြီး ပိုပြီးချစ်ကြကာ ဆုချကြခြင်းဖြစ်သည်။

ထွန်းတောက်ထိန်သည် ပွဲခင်းထဲ ချိုသာနှင်းကို ရှာနေမိသည်။ မတွေ့။ စင်ရှေ့က မိန်းကလေးအုပ်စုများထဲ ရှာသော်လည်း မတွေ့။ အနှင်း သည်ည ပွဲခင်းထဲ မလာဘူးလား။ သည့်ကြောင့် မက်ဆေ့ပို့ပြီး မေးရန် ဖုန်းကို ထုတ်လိုက်ရာ အနှင်း၏ မက်ဆေ့ကို တွေ့ရသည်။ နေ့ခင်းက အဝင်း၏ မက်ဆေ့သံ တရွှ်ီရွှီကို နားကြားပြင်းကတ်သဖြင့် အသံပိတ်ထားသဖြင့် အနှင်း၏ မက်ဆေ့ဝင်သံလည်း မမြည်သောကြောင့် မကြားလိုက်မိခြင်းဖြစ်သည်။ တော်သေးသည်က မက်ဆေ့ဝင်ပြီးချိန်သည် ငါးမိနစ်ခန့်သာ ရှိသေးသည်။

“ကို အနောက်နားကနေ ဟိုဘက်ကွေ့ပြီး ဟိုနေရာကို လာခဲ့ပါလား”

ဟု စာပို့ထားသည်။ ထွန်းတောက်ထိန် ကြက်သီးမွေးညင်းများ ဖြန်းကနဲ့ ထသွားသည်။ ထွန်းတောက်ထိန်အတွက် အလွန်ထူးခြားသော ဖြစ်ရပ်ကို ကြုံတွေ့ရတော့မည်မဟုတ်လား။ ရင်ဆိုင်ရတော့မည်မဟုတ်လား။ သို့တိုင် ထွန်းတောက်ထိန်သည် တွေဝေမနေခဲ့ပေ။

ထွန်းတောက်ထိန်သည်လည်း အနှင်းနှင့် သီးသန့်တွေ့ခွင့်ရဖို့ကို လများစွာ စောင့်စားခဲ့ရသည်မဟုတ်လား။ သည့်ထက်ကောင်းသော အချိန်မျိုး၊ အခွင့်အရေးမျိုး နောင် ကြုံရလိမ့်မည်မဟုတ်။ အခွင့်အရေးသည်၊ အချိန်အခါကောင်းသည် နှစ်ကြိမ်ကြုံနိုင်ခဲပါသည်။ သည့်ကြောင့် ရလာခိုက် အချိန်အခါကောင်းနှင့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမည်ဆိုပြီး အနှင်းကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

သည့်ကြောင့် ဘေးဘီမှ တာဝန်ကျဖော် သူငယ်ချင်းများကို အကဲခတ်ကြည့်လိုက်သည်။ ဟိန်းထက်သည် တီးလုံးကြားမှာ မျောနေသည်။ ကျန်သည့်ကောင်လေးများက သီချင်းသံကြားမှာ ပြူးနေသည်။ ဗသစ်ကတော့ သီချင်းဆိုမည်မို့ စင်ဘေးမှာ ရပ်နေသည်။

ထွန်းတောက်ထိန်သည် ဘယ်သူမှ မမြင်ခင် မှောင်ရိပ်ထဲ တိုးဝင်သွားသည်။ အနှင်းပြောသည့်အတိုင်း ဟိုနေရာကနေ သည်ကို ကွေ့ပြီးနောက် အနှင်းပြောသည့် နေရာနားသို့ ရောက်လာခဲ့သည်။ ခပ်လှမ်းလှမ်းမှ မန်ကျည်းပင်အောက်တွင် ဖုန်းမျက်နှာပြင် လင်းနေသည်ကို တွေ့ရ၏။ အနှင်းဖြစ်နိုင်သည်ဆိုပြီး ထွန်းတောက်ထိန်သည် ဖုန်းမီးကို ဖွင့်ပြီး ကြည့်လိုက်ရာ အနှင်းနှင့် အနှင်း၏ သူငယ်ချင်း ဗသစ်၏ ကောင်မလေးကို တွေ့လိုက်ရသည်။ ဗသစ်၏ ကောင်မလေးသည် ထွန်းတောက်ထိန်၏ ဖုန်းမီးကို မြင်မြင်ချင်း အလိုက်သတိ ထွက်သွားပေးသည်။

အနှင်းအနားသို့ ရောက်တော့ လရောင် မလင်းတလင်းကလေး ဖြာကျမှုကြောင့် နဂိုညိုသော အနှင်း၏ မျက်နှာလေးက ဝင်းနေသည်။ အနှင်း၏ မျက်နှာကလေးသည် ပြုံးနေ၏။ မျက်လွှာကလေးချကာ ရှက်ဟန်ကလေး ပြုံးနေသည်။ ဤသည်မှာ ထွန်းတောက်ထိန်၏ ပေးလာမည့် အချစ်ကို ငံ့လင့်နေသည့်သဘောပင်။ ထွန်းတောက်ထိန်သည် တွေဝေမနေတော့ဘဲ အနှင်း၏ မျက်နှာကလေးကို လက်နှစ်ဘက်ဖြင့် ဖွဖွကိုင်ပြီး နှုတ်ခမ်းကလေးနှစ်လွှာကို အငမ်းမရ စုပ်နမ်းလိုက်သည်။

အနှင်းသည် မဆွတ်ခင်က ညွတ်ချင်နေသူပီပီ ငြိမ်ချက်သား ကောင်းနေ၏။ ထွန်းတောက်ထိန်သည် အနှင်း၏ နှုတ်ခမ်းကလေး နှစ်လွှာကို စုပ်နမ်းပြီးလျှင် လည်တိုင်ကြော့ကြော့ကလေးကို နမ်းရှိုက်၏။ ပြီးလျှင် အနှင်း၏ လည်တိုင်မှသည် အောက်ပိုင်းသို့ တဖြည်းဖြည်းချင်း ဆက်သွားသည်။ ရွာထဲက အလှူအိမ်က တီးလုံးသံများက ကျယ်လောင်နေဆဲ။ သီချင်းသံများကလည်း ပျံ့လွင့်နေဆဲ။

ထွန်းတောက်ထိန်သည် အလလကြာအောင် ဆာလောင်ငတ်မွတ်နေသူပီပီ အနှင်း၏ တစ်ကိုယ်လုံးကို သိမ်းကျုံးဆွဲသွင်းပွေ့ချီပစ်လိုက်သည်မှာ ဆာလောင်မွတ်သိပ်မှုများ ပြေလျော့သွားခဲ့လေသည်။ ပြီးနောက် ထွန်းတောက်ထိန်သည် ခပ်တည်တည်ကလေးပင် အလှူအိမ်သို့ ပြန်လာကာ ရဲဘော်တွေအနား သွားထိုင်သည်။ ဟိန်းထက်က မင်း ဘယ်သွားနေတာလဲဟု မေးသည်။ ထွန်းတောက်ထိန်က နောက်ဖေးကို အလေးသွားနေတာပါဟု အထစ်အငေါ့မရှိ ဖြေလိုက်သည်။

ထိုညမှာ ထွန်းတောက်ထိန်ထံ အဝင်းဆီက မက်ဆေ့များ ဝင်လာခဲ့ပြန်သေးသည်။ သို့တိုင် ထွန်းတောက်ထိန်သည် မက်ဆေ့များကို မြင်သော်လည်း မဖတ်တော့ဘဲ ပါဝါအော့ဖ် လုပ်လိုက်တော့သည်။ ထွန်းတောက်ထိန်အတွက် ပြီးပြည့်စုံခဲ့သော သည်ညကလေးမှာ တခြားဘာမှ မလိုချင်တော့ပေ။

အဝင်းက ဘာသတင်းကောင်းတွေ ပြောပြော အဲ့သည်သတင်းကောင်းတွေလည်း ထွန်းတောက်ထိန်အတွက် မလိုအပ်တော့။ အနှင်းတစ်ယောက် ပေးဆပ်ခဲ့တာနှင့်တင် အရာရာပြီးပြည့်စုံခဲ့ပြီ။ နောက်နေ့များက အဝင်းကို နားဝင်အောင် ပြောပြရမည့် ဆင်ခြေကလည်း အဆင်သင့် ရှိနေခဲ့သည်ကိုး။ သည့်ကြောင့် ညဥ့် တစ်ဆယ့်နှစ်နာရီကျော်ကျော်၌ တီးဝိုင်းပြီးဆုံးသွားသောအခါ ထွန်းတောက်ထိန်တို့အဖွဲ့ ကမ့်ပ်သို့ ပြန်ပြီး နှစ်နှစ်ခြိုပ်ခြိုက် အိပ်လိုက်ကြတော့သည်။
အဝင်း ထွန်းတောက်ထိန်ထံ ပေးပို့သော မက်ဆေ့ကား

“ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောင်းမတို့ရေ

နှမလေးပျို့ သူတို့မောင်မှာ

စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်။

နှမလေးပျို့ မယ်တို့မောင်မှာ စစ်သံကြားလျှင် ရွှေဓားပိုက်ကာ အိုးစားဖက်ကို လိုက်လို့ငယ်ရှာသည်..

ရိက္ခာကနည်း မိုးက သည်းသနှင့် သံတွဲကို ကူးပါလိမ့်မလားတော်။

စစ်မှာတမူ နှမလေးပျို့ထက်ဖြူကို ယူပါလိမ့်မလားတော်။

စစ်မှာ ယွန်းမ နှမလေးပျို့ထက်လှကို ရပေလိမ့်မလားတော်။

စစ်မှာဆွေမျိုး ဘိုးဘွားမောင့်မှာ ရှိပေလိမ့်မလားတော်။”

ဟူ၍ ဖြစ်လေသည်။

■ ထွင်

အပိုင်း (၈) ဆက်ရန်…