ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

August 27, 2026

အပိုင်း (၆)

တစ်နေ့တွင်တော့ ချစ်သူလေး စန္ဒာဝင်းဝင်း ပေးပို့လာသော သတင်းမက်ဆေ့များကို ထွန်းတောက်ထိန်သည် ဖတ်ရှုဖို့၊ စိတ်ဝင်စားဖို့ကို စိတ်မပါနိုင် ဖြစ်နေခဲ့သည်။ အဝင်းပြောသော သတင်းများသည် အလွန်ထူးပြီး စိတ်ဝင်စားဖွယ် သတင်းများဖြစ်သော်လည်း ဖတ်ရုံသာ ဖတ်ပြီး စာမပြန်ဖြစ်ခဲ့ရလောက်အောင် ထွန်းတောက်ထိန်၏ အာရုံများက တခြားသို့ ရောက်နေခဲ့သည်။ အဝင်းပြောသည့် သတင်းများကတော့..။

“ကိုရေ သတင်းထူးတွေ ရှိတယ်၊ ရွာက အဖမ်းခံရတဲ့ ဟိုငါးယောက်လေ အခု လွတ်လာပြီ၊ လွတ်ရက်စေ့လို့ မဟုတ်ဘူးတဲ့ကို၊ ခွေးတွေက ငွေပေးရင် လွှတ်ပေးမယ်လို့ ကမ်းလှမ်းလာလို့ တောင်းသလောက်ငွေကို ပေးပြီး ထုတ်ခဲ့ရတာတဲ့၊ ငွေတွေကို မနည်းဘူးတဲ့ကိုရေ၊ ခွေးတွေ အတော့်ကို ငတ်ကြီးကျတာပဲနော်၊ ဒါကို ရွာကလည်း သတင်းဖုံးထားသေးသတဲ့တော်၊ လွတ်ရက်စေ့လို့ လွတ်လာတာပါတဲ့ ပြောနေကြတာ၊ တကယ်က ခွေးတွေကလည်း ငွေနဲ့ ပြန်လွှတ်ပေးတာကို မသိစေချင်လို့ နှုတ်လုံခိုင်းတာ ဖုံးကွယ်ခိုင်းတာ ဖြစ်နိုင်တယ်”

“လိုင်းပေါ်မှာ ပြောပြောနေကြသလို လွတ်လာတာ ကျေးဇူးတင်ဖို့မဟုတ်ပါ တုံ့ပြန်ဖို့ပါ ဆိုတဲ့ စကားလို အဲဒီငါးယောက်လည်း ပြန်တုံ့ပြန်မလားတော့မသိဘူး၊ စောင့်ကြည့်ရမှာပဲကို၊ အကုန်လုံးကတော့ မြို့တက်အလုပ်လုပ်လို့တော့ ပြောကြတယ်၊ လွှတ်ပေးတုန်းက ခွေးတွေကတော့ ကတိတောင်းခဲ့ကြမှာပဲ၊ နိုင်ငံရေးမလုပ်တော့နဲ့၊ နိုင်ငံရေးလုပ်ရင် မင်းတို့ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ချင် ခြိမ်းခြောက်ခဲ့မှာပဲ၊ ဒါပေမယ့်ကို မြို့တက်အလုပ်လုပ်မယ်လို့ ပြောကြတာကလည်း ပီဒီအက်ဖ်ထဲ ဝင်ဖို့ ကြံတာလည်း ဖြစ်နိုင်တယ်၊ ပီဒီအက်ဖ်ထဲ ဝင်တယ်လို့ သတင်းထွက်လို့ မဖြစ်ဘူးလေ၊ ဒါ့ကြောင့် မြို့တက်သယောင်နဲ့ ပီဒီအက်ဖ်ထဲ ဝင်တာလည်း ဖြစ်နိုင်တယ်၊ အခုဆို အဲ့ဒီငါးယောက်ကို ရွာမှာ မတွေ့ရတော့သလိုပဲ၊ မမြင်မိဘူးကို၊ ရွာမှာက ဒလန်ရှိတုန်းလေ၊ အဲ့ဒီတော့ သူတို့ကြောက်မှာပဲ၊ ဘေးမှာလည်း ဝက်ချေးပျူစောထီးရွာကြီးက ရှိသေးတယ်လေ၊ အဝင်းကတော့ အဲ့ဒီငါးယောက်လုံးကို ပီဒီအက်ဖ်ထဲ ဝင်စေချင်တာ၊ သူတို့တွေ ထောင်ထဲမှာ ဒုက္ခခံခဲ့ရတာ တနှစ်ကျော်ကြာခဲ့တယ်လေ၊ အဲဒါကြောင့် ပြန်ပြီး လက်တုံ့ပြန်စေချင်တာပဲ”

အဝင်းပြောသော ထိုစကားများကို ထွန်းတောက်ထိန်သည် ဖြစ်ကတတ်ဆန်းသာ ဖတ်ပြီး ပြန်လည်မက်ဆေ့မပို့ဖြစ်ခဲ့။ အဲ့အချိန် ထွန်းတောက်ထိန်၏ စိတ်ထဲ သရက်ကုန်းရွာသူလေး၏ အကြောင်းသာ ခေါင်းထဲရောက်နေခဲ့သည်။ ထိုသူလေးနှင့် ပတ်သက်ခွင့်ရဖို့ ဗသစ်ထံ အပူကပ်နေခဲ့သည်။ ဗသစ်ကလည်း Tik Tok မှာ ကောင်မလေးတွေကို အီစီကလီလုပ်နေသည်။

“ဟိုလေဗသစ် တဲဆောက်တုန်းက ထမင်းချက်အကူလာတဲ့ကောင်မလေးတွေကို မင်းသိတယ်မလား၊ မင်းတို့ရွာသူတွေဆိုတော့”

“အယ်လယ့် လူလိမ္မာလေးက အခုမှ ထူးထူးဆန်းဆန်းပါလား၊ ဘာလို့လဲကွ၊ စိတ်ဝင်စားနေပြီလား”

ဗသစ်ကတော့ ထွန်းတောက်ထိန်ကို နာမည်ပေးနေပြီ။ သူ အဲဒီနာမည် ပေးရသည့်အကြောင်းရင်းက ထွန်းတောက်ထိန်သည် ကွမ်းမစား၊ ဆေးလိပ် အရက် ဘီယာ မသောက်၊ ဖာမချ၊ ကောင်မလေးတွေကို အီကလီမလုပ်၊ ချစ်သူကလေးအပေါ်သာ သစ္စာရှိနေတတ်လို့။

ကမ့်ပ်က ဖဲဝိုင်းမှာလည်း မပါ။ ခြင်းဝိုင်းထဲလည်း ဝင်မခတ်။ ဘောလုံးကွင်းထဲလည်း ဝင်မကန်။ ရွာထဲ ကြက်တိုက်သွားရအောင်လို့ အဖော်စပ်လည်း မလိုက်။ တခါတခါဆို ဖာချသွားမလို့ လိုက်မလားဆိုပြီးတော့လည်း အဖော်စပ်တတ်ကြသည်။ ထွန်းတောက်ထိန်ကတော့ ငြင်းမြဲ။ အဝတ်အစားဆိုလည်း သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် ဝတ်တတ်သည်။

သူများအဝတ်အစားဆိုလည်း လုံးဝယူမဝတ်သလို သူ့အဝတ်အစားတွေကိုလည်း ယူဝတ်ခွင့်မပေး။ ရေသုတ်သဘက်ဆိုရင်လည်း သူများနှင့် မျှမသုံး။ တစ်ခါတော့ ဗသစ်က ထွန်းတောက်ထိန်၏ ရေသုတ်သဘက်ကို ယူသုံးရာ ထွန်းတောက်ထိန်သည် ဆတ်ကနဲ့ဆွဲပြီး “ဟေ့ရောင် ငါ့သဘက်နဲ့ မသုတ်နဲ့ကွ” ဆိုပြီး ချက်ချင်း လျှော်ပစ်လိုက်သည်။

သည်ကတည်းက ဗသစ်သည် ထွန်းတောက်ထိန်ကို ကြီးကျယ်ရန်ကောဆိုပြီး စိတ်ကွက်သွားခဲ့သည်။ ဒါတွေကြောင့် ထွန်းတောက်ထိန်ကို လူလိမ္မာလေးဟု နာမည်ပေးလိုက်ဟန်တူသည်။

“ဘယ်ကလာစိတ်ဝင်စားရမှာလဲ၊ သူကသာ စိတ်ဝင်စားနေတာကွ၊ အဲ့ဒီနေ့တုန်းကလေ အဲ့ကောင်မလေးက ငါ့ကို ခဏခဏ ခိုးခိုးကြည့်နေတာ”

“ဟုတ်လား ဘယ်ကောင်မလေးလဲ”

“ဟိုကောင်မလေးလေ၊ အသားလေးက ညိုညိုလေး၊ ပိန်ပိန်သွယ်သွယ်လေး ဆံပင်လေးကို ဟောဒီလိုလေး ချထားတာ၊ အသက်က ဆယ့်ရှစ်နှစ်လောက်”

“ဪ သိပြီ၊ အဲ့ကောင်မလေးနာမည်က ချိုသာနှင်းတဲ့၊ ငါတောင် ကြူမလို့တွေးထားတာ၊ တအားမာနကြီးလို့ မရလောက်ဘူးဆိုပြီး မကြူဘဲနေတာ၊ မင်းနဲ့တွေ့မှ အဲ့ကောင်မလေး ညွတ်ကျသွားပြီထင်ပါရဲ့၊ ကဲ ငါဘာကူညီပေးရမလဲဟင်၊ ဒါမျိုးဖြစ်ချင်တာဆိုရင် ရအောင် ငါသင်ပေးမယ်နော်”

ဗသစ်ကတော့ စပ်ဖြဲဖြဲနှင့် လက်သီးဆုပ်ပြီး လက်ဝါးနှင့် ရိုက်ပြသည်။

“အာ မင်းကလည်း ဇွတ်ပဲ၊ အဲ့ကောင်မလေးကြည့်ရတာ ငါ့ကို တအားစွဲနေပုံပေါက်လို့ သနားပြီးတော့ ဟိုလေ..”

“သနားပြီးတော့ လုပ်ပေးချင်တယ်လို့ပြောမလို့မဟုတ်လား”

“ဟာ မင်း ပြောရင်းဆိုရင်း လွန်လာပြီနော်”

“ဟဲဟဲ သူ့ဖုန်းလိုချင်ရင် ငါ့ကောင်မလေးကို အတောင်းခိုင်းလိုက်မယ်နော်၊ ငါ့ကောင်မလေးနဲ့ သူငယ်ချင်းတွေလေ၊ လောလောဆယ် Tik Tok အကောင့်ယူလိုက် ငါသိတယ်”

ထွန်းတောက်ထိန်သည် အဆင်ပြေလိုက်တာဆိုပြီး ဗသစ်ပေးသော ချိုသာနှင်း၏ Tik Tok အကောင့်ကို ဓာတ်ပုံရိုက်ယူလိုက်သည်။ လောလောဆယ် ထွန်းတောက်ထိန်မှာ Tik Tok အကောင့်မရှိသေး။
ထွန်းတောက်ထိန်သည် Tik Tok ကို လုံးဝ အထင်မကြီး။

Tik Tok ဆော့သူတွေကို ဉာဏ်ရည်မမီသူတွေ၊ ကျပ်မပြည့်သူတွေဟု မြင်သည်။ လူမြင်ကွင်းကြီးမှာ လှုပ်လှုရွရွနှင့် အရှက်မရှိ ဆော့နေကြတာ အရူးနှင့်တူတယ်ဟု မြင်သည်။ Tik Tok သည် လူတွေကို ဉာဏ်ရည်နိမ့်ပါးသေးသိမ်အောင် တမင်ဇာတ်သွင်း၊ ဖျက်ဆီးနေသည်ဟု မြင်သည်။ ဉာဏ်ရည်သာမန်သာရှိသူနှင့် ဉာဏ်ရည်နိမ့်ပါးသူတွေသာ Tik Tok သုံးသည်ဟု မြင်သည်။

ဉာဏ်ရည်မြင့်မားသူတွေဆို Tik Tok ကို လုံးဝသုံးလိမ့်မည်မဟုတ်ဟု ထင်မြင်သည်။ သည့်ကြောင့် Tik Tok ကို မသုံးဘဲ နေလာရာ ယခုတော့ ချိုသာနှင်းဆိုသော ကောင်မလေးနှင့် ပတ်သက်ခွင့်ရဖို့ Tik Tok အကောင့်ကို ဖွင့်ရတော့မည်။ ချိုသာနှင်းကလေးလည်း Tik Tok သုံးသည်ဆိုတော့ ဉာဏ်ရည်သာမန်ရှိသူပဲ ဖြစ်နိုင်သည်။ သည်လို မိန်းကလေးမျိုးသည် ပတ်သက်ရဖို့ သိပ်ပြီး ခက်ခဲလိမ့်မည်မဟုတ်ဟု ယူဆသည်။

“စာမပြန်တော့ဘူးလားကို”

” မအားလို့လား”

” ဘေမရှိလို့လား၊ ဘေငါးထောင်လွှဲလိုက်တယ်နော်ကို၊ ဘေမပြတ်အောင် OOREDOO အချင်းချင်းမက်ဆေ့ပို့ကို ဝယ်လိုက်”

Tik Tok အကောင့်ဖွင့်နေခိုက် အဝင်းဆီက စာတွေ ဆက်လိုက်ပို့နေသည်။ အဝင်း၏ စာတွေက အနှောင့်အယှက်ဖြစ်နေသလို ခံစားရသည်။ မအားလို့လား လို့ မေးနေချိန်မှာတော့ မအားလို့ စာမပြန်ဘဲ နေလိုက်လျှင် ရသေးသည်။ ဖုန်းဘေမရှိဘူးထင်ပြီး ဖုန်းဘေလွှဲလိုက်သည့်အခါမှာတော့ စာမပြန်လို့တော့ မဖြစ်တော့။ သည့်ကြောင့်ပဲ

“ဟုတ်တယ်အဝင်းရေ၊ မအားလို့၊ အခုလည်း မအားသေးဘူး”

“ဟင် ကိုပဲ ပြောတော့ တနင်္ဂနွေဆို အလုပ်နားတယ်ဆို”

“ဟုတ်တယ်၊ ဒီနေ့တော့ မိုင်းအမှာတွေများနေလို့ ဆက်တိုက်လုပ်နေရတယ်၊ ညကျမှ ပြောမယ်နော်၊ ချစ်တယ်နော်အဝင်း”

“ဒီကပိုချစ်တာပေါ့ကို၊ အပေါ်မှာ ပြောထားတဲ့ သတင်းတွေက ကြားပြီးသားလား၊ အင်းပါ၊ မအားဘူးဆိုလည်း စာမပြန်နဲ့တော့”

Tik Tok အကောင့်ဖွင့်ရတာ သိပ်မခက်ပေ။ အင်တာနက်ကလည်း ကောင်း၏။ အလျင်ကဆို အင်တာနက်ကို ဖုန်းဘေနှင့် သုံးခဲ့ကြရသည်။ ယခုဆို စတားလင့်အင်တာနက်တွေ ပေါ်လာပြီ။ သရက်ကုန်းရွာမှာလည်း စတားလင့်အင်တာနက်ဆိုင် ဖွင့်ထားသဖြင့် တစ်ရွာလုံး အင်တာနက်သုံးနေကြပြီ။ နှစ်နာရီလျှင် တစ်ထောင်ကျပ်။ တနေကုန်ဆိုလျှင် နှစ်ထောင်ကျပ် ပေးသုံးရသည်။

ထိုစတားလင့်ကို ရွာထဲမှာ နေသော ကျားသစ်နက်တပ်သားများက ဖွင့်ထားသည်။ ရွာထဲက လာသုံးသူများထံက ကောက်ယူရရှိသော ငွေများ၊ အမြတ်အစွန်းများကို တော်လှန်ရေးအတွက်၊ ကျည်ဆန်၊ ရိက္ခာဝယ်ရန်အတွက် သုံးကြသည်။ စီးပွားရေးလုပ်နေတာမဟုတ်ဘဲ တော်လှန်ရေးအတွက်သာ အထောက်အပံ့ဖြစ်စေရန်အတွက် စတားလင့်ဆိုင်ကို ဖွင့်ထားသည်ဖြစ်ရာ ဘယ်မည်သူကိုမှ စီးပွားရေးအတွက်အနေနှင့် ဖွင့်ခွင့်မပေးပေ။

ထွန်းတောက်ထိန်တို့ သာယာကုန်းရွာမှာတော့ စတားလင့်အင်တာနက်ဆိုင် မပေါ်သေး။ ရွာထဲမှာ ဖုန်းလိုင်းနှင့် အင်တာနက်လုံးဝ သုံးမရ။ ရွာအပြင်က မန်ကျည်းပင်ကြီးများပေါ်၊ ညောင်ပင်ကြီးများပေါ်တွင် အင်တာနက်ရတယ်ဆိုသဖြင့် တက်တက်သုံးကြရသည်။ ထွန်းတောက်ထိန်တို့ ကမ့်ပ်မှာ စတားလင့်အင်တာနက်ကို တပ်ထားပြီ။ သရက်ကုန်းရွာကနေ ခွဲထားသည်တဲ့။

သည်တော့ ဖုန်းဘေမကုန်နိုင်တော့။ ထွန်းတောက်ထိန်သည် အကောင့်အမည်ကို အကောင့်အတုအမည်အဖြစ် ဂျက် ဟု ဖြစ်သလို ပေးလိုက်သည်။ Tik Tok သုံးတာ မည်သူ့ကိုမျှ မသိစေချင်ပေ။ အကောင့်ပွင့်ပွင့်ချင်း ချိုသာနှင်း၏ အကောင့်လေးကို Search မှာ ရိုက်ရှာသည်။ အလွယ်တကူ ရှာတွေ့သွားသည်။ Follow လုပ်ပြီးနောက် Message မှာ လက်ဝါးကလေး ပြထားလိုက်သည်။

ချိုသာနှင်းသာ လိုင်းတက်ခဲ့လျှင် ထွန်းတောက်ထိန်၏ မက်ဆေ့ကလေးကို မြင်နိုင်သည်။ ချိုသာနှင်းကလေးသည် ထွန်းတောက်ထိန်၏ အမည်ကို ဂျက်ဆန်ထွန်းမှန်း သိထားနှင့်လျှင် ထွန်းတောက်ထိန်က လာဆက်သွယ်သည်ကို သိသွားမည်ဖြစ်ရာ သိပ်ကိုပျော်ရွှင်သွားလိမ့်မည်ထင်သည်။ ထွန်းတောက်ထိန်လည်း ချိုသာနှင်း၏ အမည်ကို ဘေးလူကနေတစ်ဆင့် သိထားခဲ့ပြီမဟုတ်လား။

သည့်ကြောင့် ချိုသာနှင်းလည်း ထွန်းတောက်ထိန်၏ အမည် ဂျက်ဆန်ထွန်းကို ဘေးလူကနေတစ်ဆင့် စုံစမ်းထားနိုင်သည်။ ဘာလို့ဆို ချိုသာနှင်းသည် ထွန်းတောက်ထိန်ကို မြင်မြင်ချင်း စွဲလန်းနေခဲ့ပြီမဟုတ်လား။


“ကိုရေ ရွာမှာတော့ သတင်းတွေက ထူးပြန်ပြီ၊ ဟိုတလောက ထောင်က လွတ်လာတဲ့ငါးယောက် အဖမ်းခံရတာက ဒလန်သတင်းပေးကြောင့် အဖမ်းခံခဲ့ရတာလေ၊ ဒလန်မပေါ်သေးလို့ တစ်ရွာလုံး စိတ်မအေးနိုင်ဖြစ်နေတာ၊ အခုတော့ ဒလန်ကို ဖော်တောင်မဖော်ရသေးဘူး၊ ဘူးပေါ်သလိုပေါ်တော့တာပဲ၊ ဘယ်သူလို့ ကိုထင်လဲ မှန်းကြည့်လေ”

အဝင်းပြောလာသော သတင်းကိုလည်း ထွန်းတောက်ထိန်သည် သိပ်စိတ်မဝင်စားသလို ဖြစ်နေခဲ့သည်။ သည့်ကြောင့် စာမပြန်ဖြစ်ခဲ့ပေ။ အဝင်းကလည်း ဆက်ပြီး ပြောမလာခဲ့။

“ကိုမှန်းတဲ့သူကို စာပြန်မှ ပြောပြမယ်လေ၊ အရင်ဆုံးမှန်းကြည့်ထားဦး၊ စိတ်ဝင်စားစရာကောင်းအောင်လို့၊ ကို အားမှ စာပြန်ပါနော်”

သို့တိုင် ထွန်းတောက်ထိန်သည် စာမပြန်ဖြစ်သေး။ အကြောင်းက သည်နေ့ ကမ့်ပ်သို့ ချိုသာနှင်းတို့အဖွဲ့ လာမည်ဟု ပြောထားသဖြင့် ထွန်းတောက်ထိန်သည် မျှော်နေမိသည်။ ထွန်းတောက်ထိန်နှင့် ချိသာနှင်းသည် Tik Tok မှာ အလွန်ရင်းနှီးသော အဆင့်သို့ ရောက်နေခဲ့ပြီ။

Tik Tok မှာ ချိုသာနှင်းပြောပြချက်အရ သိရသည်မှာ ချိုသာနှင်းသည် စနစ်ဟောင်း ဒသမတန်းတက်နေသည်တဲ့။ ကိုဗစ်နိုင်တင်းကပ်ရောဂါကြီး စတင်ဖြစ်ပွားတုန်းက ဒသမတန်းစာမေးပွဲဖြေဖို့ အဆင်သင့်ဖြစ်နေခဲ့တာတဲ့။

အခု NUG အစိုးရ၏ အစီအစဥ်နှင့် စနစ်သစ်သင်ရိုးများ သင်ပေးနေသော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါကြီး စတင်ဖြစ်ပွားစဥ်က ဒသမတန်းသင်ရိုးဟောင်းတက်နေခဲ့သူများကို ဒသမတန်းသင်ရိုးဟောင်းကိုသာ တက်ခွင့်ပေးတာတဲ့။ သည်နှစ်အတွင်း ဒသမတန်းသင်ရိုးဟောင်းကို မဖြေဆိုလျှင် နောင်နှစ်တွေမှာ ဒသမတန်းသင်ရိုးသစ်ကိုသာ တက်ရတော့မည်ဖြစ်ကြောင်း အကြောင်းစုံရှင်းပြသည်။ ပြီးနောက် ထွန်းတောက်ထိန်ကို မြင်ဖူးနေသည်မှာ ကမ့်ပ်တဲ ဆောက်စဥ်က မဟုတ်ဘူးတဲ့။

ထွန်းတောက်ထိန်တို့တတွေ ကမ့်ပ်ကကောင်တွေနှင့်အတူ လက်တွန်းလှည်းကလေးနှင့် သရက်ကုန်းရွာထဲသို့ ရိက္ခာအလှူခံထွက်လာစဥ်က မြင်ဖူးနေခဲ့ခြင်းတဲ့။ ထွန်းတောက်ထိန်က မမြင်တာတဲ့။ အဲသည်တုန်းကတည်းက ထွန်းတောက်ထိန်၏ အမည်ကို ဂျက်ဆန်ထွန်း ဟုမှန်း သိထားခဲ့ပြီးသားတဲ့။ ထွန်းတောက်ထိန်ကတော့ သူ့အမည်အရင်းသည် ထွန်းတောက်ထိန်ဖြစ်ကြောင်း ချိုသာနှင်းကို ဖွင့်ပြောချင်စိတ် လုံးဝရှိမနေခဲ့ပေ။

ချိုသာနှင်းက သည်လောက်သာ ပြောသည်။ သူ့ခမျာက မိန်းကလေးပေကိုး။ စိတ်ထဲမှာတော့ အဲ့သည်တုန်းကတည်းက မြင်မြင်ချင်းချစ်မိသွားခဲ့ကြောင်း ပြောချင်လိမ့်မည်။ ထွန်းတောက်ထိန်၏ ခန့်ထည်မှုမှာ ပျော်ဝင်သွားခဲ့သည်ဟု ပြောချင်လိမ့်မည်။ ထွန်းတောက်ထိန်၏ မျက်နှာကို ခိုးခိုးကြည့်နေရတာ အားမရလို့ တဝကြီး တစိမ့်စိမ့်ကြည့်နေချင်တယ်ဟု ပြောချင်ရှာလိမ့်မည်။

မိန်းကလေးဆိုတော့ သည်လောက်နှင့်ပဲ တတ်နိုင်မည်ကိုး။ ကမ့်ပ်တဲ လာဆောက်စဥ်ကလည်း မျက်ဝန်းများနှင့် ချစ်မိနေပြီဖြစ်ကြောင်း အရိပ်အမြွက်မျှသာ ပြနိုင်ရှာမည်။ Tik Tok မှာလည်း ထွန်းတောက်ထိန်နှင့် စကားပြောရသည့်အခါ အလွန်ရွှင်လန်းတက်ကြွနေပြီး စေတနာသဒ္ဒါတရားတွေ ထက်သန်ပြနေသည်။ ရွာပြန်မရတော့ ရွာကို လွမ်းနေမှာပေါ့နော်၊ စာနာပါတယ်၊ အနှင်းတို့ရွာကတော့ တော်လှန်ရေးသမားဆိုရင် ဘယ်သူ့ကိုမဆို နွေးထွေးစွာ ကြိုဆိုပါတယ်၊ လိုတာရှိရင် ပြောပါ၊ ဘာမှအားမငယ်ပါနဲ့နော် စသည်ဖြင့် လောကွတ်ပြရုံသာ တတ်နိုင်သည်။

သည်တော့ ရှေ့ဆက်တိုးရမည့် ကိစ္စသည် ယောကျ်ားသားဖြစ်သော ထွန်းတောက်ထိန်၏ တာဝန်သာဖြစ်သည်။ သို့သော်လည်း ထွန်းတောက်ထိန်သည် ရှေ့ဆက် ဘယ်သို့တိုးရမည်ကို လုံးဝ မကြံနိုင်ဖြစ်နေသည်။ ထွန်းတောက်ထိန်က ဧည့်သည်ကိုး။ နယ်မြေမကျွမ်း။ ရွာမှာဆို အဝင်းနှင့် ဘယ်နေရာမှာ တွေ့လျှင် လုံခြုံသည်က်ု သိသည်။ သည်နေရာမှာတော့ ဘယ်နေရာက လုံခြုံမှန်း မသိ။ ချိုသာနှင်းနှင့် ပတ်သက်ရဖို့ ဗသစ်၏ အကူအညီကို ယူခဲ့ရသော်လည်း ရှေ့ဆက်တိုးရမည့် ကိစ္စကိုတော့ ဗသစ်ကို လုံးဝအသိမပေးချင်မိ။ သည်ကောင်က နှုတ်ဖွာနိုင်သည်ပဲ။

နှုတ်ဖွာလျှင် ဟိန်းထက်လည်း သိနိုင်သည်။ ထွန်းတောက်ထိန်မှာ ဆယ်ကျော်သက်ကတည်းက တွဲလာခဲ့သော အဝင်းရှိနေမှန်း ဟိန်းထက်သိထားသည်။ သည်တော့ ထွန်းတောက်ထိန် လှေနံနှစ်ဘက်နင်းသည့်ကိစ္စကို ဟိန်းထက်သိလျှင် အကြီးအကျယ် ကန့်ကွက်နိုင်သည်။ အထင်လည်း သေးသွားနိုင်သည်။ ထွန်းတောက်ထိန်၏ အကြံအိုက်ချက်ကို ချိုသာနှင်းသည် သိနားလည်သွားခဲ့သည်ထင့် သည်နေ့ သူ၏ သူငယ်ချင်းများနှင့်အတူ ကမ့်ပ်ကရဲဘော်များအတွက် အလုပ်နားချိန် အဆာပြေ သင်္ဘောသီးထောင်း လာပို့မည်ဟု Tik Tok မှာ ပြောသွားသည်။

သည့်ကြောင့် အဝင်း၏ စိတ်ဝင်စားဖွယ်မက်ဆေ့ကို မဝင်စားနိုင်အားဘဲ ချိုသာနှင်းတို့အဖွဲ့ သင်္ဘောသီးထောင်း လာပို့မည်ကိုသာ လည်တဆန့်ဆန့် မျှော်နေမိသည်။ မကြာမီအချိန်လေး၌ ဗသစ်၏ ချစ်သူကောင်မလေးဆိုသော ကောင်မလေးနှင့်အတူ ချိုသာနှင်းတို့နှစ်ယောက် ဆိုင်ကယ်လေးနှင့် ရောက်လာသည်။ ချိုသာနှင်းလေးသည် ဆိုင်ကယ်နောက်မှာ တင်ပါးလွှဲထိုင်ရင်း သင်္ဘောသီးထောင်းဗန်းကလေးကို ကိုင်ကာ လိုက်ပါလာသည်။ ဆံပင်လေးကို ဘေးနှစ်ဘက်ခွဲကာ ကျစ်ဆံမြီးထိုးထားသည်။ သနပ်ခါးလေးကို မထူမပါးကလေး လိမ်းထားသည်။

ဆိုင်ကယ်နောက်မှာ ထိုင်နေပုံလေးက အလွန်မိန်းမဆန်စွာ ကျက်သရေရှိနေသည်။ ထိုနေ့က ချိုသာနှင်းတို့ လာပို့သော သင်္ဘောသီးထောင်းကို ရဲဘော်များနှင့်အတူ အားပါးတရ စားသောက်ကြသည်။ ရဲဘော်များကလည်း ချိုသာနှင်းတို့နှင့် ရင်းနှီးနေကြသဖြင့် စစနောက်နောက်နှင့် ပျော်နေကြသည်။ ထွန်းတောက်ထိန်လည်း ချိုသာနှင်း၏ မျက်နှာကလေးကို ဖျတ်ကနဲ ဖျတ်ကနဲသာ ကြည့်ရဲသည်။

ချိုသာနှင်းနှင့် မျက်လုံးချင်းဆုံရဲလောက်အောင် သတ္တိမရှိ။ ရဲဘော်တွေ ရိပ်မိကုန်မှာလည်း ကြောက်သည်။ ချိုသာနှင်းကလေးသည်ကား ထွန်းတောက်ထိန်နှင့် တွေ့ခွင့်ရသောကြောင့်ထင့် အလွန်ရွှင်လန်းနေသည်ကို တွေ့ရသည်။


အဝင်း၏ မက်ဆေ့ကို ညမှသာ စာပြန်နိုင်တော့သည်။

“စိတ်မဆိုးနဲ့အဝင်းရေ၊ အလုပ်တွေ တကယ်ရှုပ်နေလို့ပါ၊ ကိုလည်း မှန်းမပြောတတ်ဘူး၊ ဘယ်သူလဲဟင်ဒလန်က၊ ဒလန်ပေါ်ပြီဆိုတော့ သတ်ပစ်ကြမှာတဲ့လား ကိုကြံမောင်တို့က”

မကြာမီလေးမှာပဲ အဝင်းထံက ပြန်စာ ပေးပို့လာသည်။

“သတ်ချင်တာတောင် သတ်လို့ မရတော့ဘူးလေကိုရယ်”

“ဟင် ဘယ်လိုကြီးလဲ၊ မဟုတ်မှလွဲရော ဒလန်က သေပြီးပြီလား၊ မှန်းစမ်း ဟိုတလောက စစ်ရှောင်ရင်း အမောဆို့ပြီး သေသွားတဲ့ ကိုသန်းနိုင်လား”

“မဟုတ်သေးဘူးကို၊ ထပ်မှန်းကြည့်ဦး”

“စစ်ရှောင်ရင်း ချောင်းကူးရွာမှာ သေခဲ့တဲ့ ဒေါ်လွန်းမြ ထင်ပါရဲ့”

“မဟုတ်သေးဘူးကို”

“မသိတော့ဘူးဒါဆိုလည်း၊ မြန်မြန်ပြောပါတော့ အဝင်းရဲ့၊ သိချင်လှပြီ”

“ဘယ်သူဖြစ်ရမလဲ၊ အာဏာသိမ်းတဲ့နေ့က ကြံ့ဖွံ့အလံကြီး ဆိုင်ကယ်နောက်ကြည့်မှန်တိုင်နေရာမှာ ထောင်ပြီး တစ်ရွာလုံးကိုပတ်စီးပြီး အောင်ပွဲခံသူကြီးပေါ့”

“ဟင် ဒါဖြင့် ကိုဝင်းအေးပေါ့”

“ဟုတ်ပါ့ကိုရေ ဟုတ်ပါ့၊ အဲ့ဒီကိုဝင်းအေးပဲ ဒလန်က”

“ဒါဖြင့် သူ့ကို ဘာလို့ သတ်လို့မရတော့တာလဲအဝင်းရဲ့”

“ဟင်း စိတ်ပျက်လွန်းလို့ ပြောရမှာတောင် အားမရှိတော့ဘူးကို၊ သူ့တစ်မိသားစုလုံးခေါ်ပြီး အရှေ့ဘက်က စက်မှုကို ပြေးသွားပြီလေကိုရဲ့”

“ဟာကွာ၊ မအေလိုးမျိုးက စက်မှုကို ပြေးပြီပေါ့ဟုတ်လား”

“ဟုတ်တယ်ကိုရယ်၊ သူ့ကြောင့် အခု တစ်ရွာလုံး ထိတ်လန့်နေရပြန်ပြီ၊ စက်မှုက ခွေးတွေဆီကို ရွာကအကြောင်းတွေ လျှောက်ပြောမလားဆိုပြီး တစ်ရွာလုံးမှာ ပြေးဖို့ အထုပ်အမြဲအသင့်ပြင်ထားရတယ်၊ အဝင်းတို့လည်း သိပ်စိတ်ညစ်တာပဲ၊ အသက်ကိုမရှင်ချင်တော့ဘူး၊ နေရတာ ကျောမလုံဘူး၊ ခြင်းထဲက ကြက်တွေလိုဘဝမျိုးပါပဲကိုရယ်”

“အဲ့ကောင် ဘာမှ မလုပ်ရဲလောက်ပါဘူး၊ ရွာထဲမှာ သူ့အဒေါ်တွေ၊ ညီတွေ၊ ညီမတွေလည်း ရှိသေးတာပဲလေ၊ ရွာကို ဒုက္ခပေးရင် သူ့အမျိုးတွေကိုပါ ဒုက္ခပေးသလို ဖြစ်မှာပေါ့၊ ဒါ့ကြောင့် တအားလည်း စိတ်မပူပါနဲ့အဝင်းရယ်၊ အဆိုးတွေကို တအားမတွေးနဲ့၊ နောက်ဆို ဒလန်ရန်ကင်းသွားပြီလားတောင် ပြောရမယ်”

“အင်းပါကို၊ တကယ်ဆို အဲ့ဒီလူက ထွက်ပြေးမလို့ ကြံနေတာကို ရွာက အစောကြီးကတည်းက ရိပ်မိဖို့ကောင်းတာ”

“သူက ဘယ်လိုကြံနေလို့လဲအဝင်း”

“သူ့နွားတွေကို ရောင်းပစ်နေတာလေ၊ ရွာကတော့ ဘယ်ထင်ကြပါ့မလဲ၊ ရွာမှာ တချို့လူတွေလည်း စစ်ခဏခဏပြေးရှောင်ရတော့ နွားတွေနဲ့ စစ်ရှောင်ရတာ နောက်ဆံတင်းတယ် ဒုက္ခများတယ်ဆိုပြီး နွားတွေကို ရောင်းပစ်နေကြတာလေ၊ ရှိတဲ့ယာလေးကိုတော့ ရွာထဲက ကိုဆွေရဲ့ စက်နဲ့လုပ်မယ် ဒါမှမဟုတ် သူများနွားနဲ့ ငှားလုပ်မယ်လို့ တွေးကြတာ၊ ဒါကို သူက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာပဲ”

“ဖြစ်ရလေနော်”

“ဟိုငါးယောက် လွတ်လာတော့ သူ့ကို လက်တုံ့ပြန်မယ်ထင်ပြီး ထွက်ပြေးသွားတယ်လို့ ယူဆရတယ်၊ ဟိုငါးယောက်ကတော့ ဘယ်သူဒလန်မှန်း မသိကြပါဘူး၊ ဒါကို သူက သူ့လိပ်ပြာ သူမလုံဖြစ်ပြီး ထွက်ပြေးသွားတော့ သူသာ ဒလန်ဖြစ်ကြောင်း ဖော်ထုတ်လိုက်တာပဲပေါ့”

“အင်းပေါ့အဝင်းရေ၊ အမှန်တရားဆိုတာ အမြဲတမ်းရှိတယ်ဆိုတဲ့စကား သိပ်မှန်တာပဲ၊ နောက်ဆုံးတော့ အမှန်တရားကို မဖော်ထုတ်တောင် သူ့အလိုလို ပေါ်လာတော့ပဲ”

“အဟုတ်ပဲပေါ့ကိုရေ”

“တကယ်ဆို ကိုဝင်းအေးလုပ်ပုံကိုကြည့်ပြီး ရွာကလူတွေက ကိုကြံမောင်တို့ကို ပြောပြခဲ့သင့်တာ”

“ဟုတ်တယ်နော်၊ ကိုကြံမောင်တို့လည်း ပဒတ်ခေါင်းဆောင်တွေလုပ်ပြီး ကိုဝင်းအေးကို စောင့်ကြည့်နေသင့်တာပဲ၊ အာဏာသိမ်းစကတည်းက ကိုဝင်းအေးလုပ်ပုံကြည့်ပြီး ဒလန်ဖြစ်နိုင်တယ်ဆိုပြီး အရင်ရှင်းခဲ့သင့်တာ၊ ထားပါတော့လေ အဝင်းတို့ကတော့ ပြည်သူတွေမို့ ဘယ်သူက ဒလန်ဖြစ်နိုင်တယ်ဆိုပြီး မသေချာဘဲနဲ့ ထင်ကြေးသက်သက်နဲ့တော့ သတင်းမပေးချင်ပါဘူး၊ မသေချာဘဲ သတင်းပေးရင် အဝင်းတို့လုပ်ရပ်ကလည်း ဒလန်နဲ့မခြားဘူးလေ”

“အင်းပေါ့၊ ကိုလည်း ကိုကြံမောင်တို့နဲ့ တဖွဲ့တည်းသာဆိုရင် အဲ့လူကို ရှင်းပစ်ဖို့ တိုင်ပင်ပြီးသားပဲ၊ အခုတော့ ကိုကြံမောင်တို့နဲ့ သက်သက်စီဖြစ်နေတော့လေ”

“ကိုကဖြစ်ဖြစ် ကိုကြံမောင်တို့အဖွဲ့ဆီ ပြောင်းလို့မရဘူးလား”

“မပြောင်းချင်ဘူး၊ အဲ့အဖွဲ့က လူအများကြီးရှိတယ်လေ၊ လေးငါးရွာ ပေါင်းဖွဲ့ထားတာတဲ့၊ ထမင်းအိုးကြီးကို နှစ်ယောက်ငှဲ့ရတယ်ပြောတယ်၊ ကိုကြံမောင်က တစ်နေ့ကျရင်တော့ ခေါ်မယ်ပြောတယ်၊ သူ မခေါ်ဘဲနဲ့တော့ မသွားချင်သေးဘူး”

“ဟုတ်လားကို၊ လေးငါးရွာ ပေါင်းဖွဲ့ထားတာဆိုတော့ ဘယ်ရွာတွေလဲဟင်၊ ကို မပြောချင်လည်း ရတယ်နော်၊ တကယ်ဆို အဝင်းလည်း မသိချင်သင့်ပါဘူး၊ ဒီကာလမှာက သိတာများလေ ကိုယ့်အတွက် အန္တရာယ်များလေပဲ”

“အဝင်းကိုတော့ ယုံလို့ ပြောပြပါ့မယ်၊ ဘယ်သူ့မှ လျှောက်မပြောဘူးလို့ ကတိပေး”

“ပေးပါတယ် ကတိ”

“ချောင်းကူးရွာ၊ ကန်တော်သာရွာ၊ ညောင်ကြီးရွာ၊ စိုကြီးရွာ၊ ရေအိုင်ရွာနဲ့ သာယာကုန်းရွာပေါ့”

“အိုး ခြောက်ရွာကြီးတောင်လား၊ ကန်တော်သာဆိုတာ ဟို ပျူစောထီးရွာကို ပြောတာလားဟင်”

“ဟုတ်တယ်လေ”

“ဘယ်လိုကြီးလဲကိုရယ်”

“ကန်တော်သာမှာ ပျူစောထီးချည်းပဲ ရှိတာမဟုတ်ဘူးလေ၊ ကိုတို့ဘက်ကလူတွေလည်း ရှိတာပေါ့”

“ဪ ကိုပြောမှ အမှတ်ရလာပြီ၊ ကို့ကို ပြောမယ်ပြောမယ်နဲ့ မေ့မေ့နေတာ၊ ချောင်းကူးရွာမှာ အခု ကျောင်းဖွင့်နေပြီတဲ့ကို၊ NUG ရဲ့ လက်အောက်ကနေ ဖွင့်ထားတဲ့ကျောင်းပေါ့”

“ဟင် ဘယ်လိုတောင်လားအဝင်းရယ်၊ တစ်နိုင်ငံလုံးကို ခွေးတွေက စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတာ သိသားနဲ့ ဘယ်လို ဦးနှောက်နဲ့ ကျောင်းဖွင့်ကြတာလဲဟင်၊ ဘေးမှာလည်း ဝက်ချေးပျူစောထီးရွာကြီး ရှိတာသိသားနဲ့၊ သူတို့ရွာနဲ့ ဝက်ချေးရွာ အကွာအဝေးက သာယာကုန်းရွာနဲ့ ဝက်ချေးရွာ အကွာအဝေးထက်တောင် နီးနေတဲ့ဟာကို၊ မတော်လို့ တစ်ကျောင်းလုံးကို လာခုတ်သတ်ခံရမလားတောင်မသိဘူး”

“မသိပါဘူးကိုရေ၊ ဟိုလူ ကိုကျော်အောင်ဆိုလား အဲဒီလူကြီးတို့က စီစဥ်ပြီး ဖွင့်တာလို့ ကြားတယ်ကို၊ သူတို့ရွာကတော့ ဒလန်မရှိဘူးထင်တာပဲကို၊ ရွေးကောက်ပွဲတုန်းက အနီ(NLD)ဘက်ပဲ မဲပေးကြတာတဲ့၊ အစိမ်း(ကြံ့ဖွံ့)ဘက်ကို မဲပေးသူ နှစ်မဲလောက်ပဲ ရတာတဲ့၊ ဒါတောင် မဲမပေးတတ်လို့ မှားပေးတာလည်း ဖြစ်နိုင်တယ်လို့ ပြောကြတယ်၊ ဒါ့ကြောင့် ယုံယုံကြည်ကြည် ဖွင့်ကြတာနေမှာ”

အဝင်း ထိုသို့ ပြောနေချိန်မှာ ထွန်းတောက်ထိန်သည် စကားကို မဆက်မိတော့ဘဲ ဖြစ်သွားခဲ့ရသည်။ အဝင်းစကားထဲမှာ ကိုကျော်အောင် ဆိုသော အမည်နာမ ပါနေသောကြောင့်ပင်။ ကိုကျော်အောင်၏ နာမည်ကို မြင်တွေ့ကြားသိလိုက်ရသောအခါ ထွန်းတောက်ထိန်၏ ရင်ထဲတွင် မလိုမုန်းထားစိတ်တွေ အလိုလို ပေါ်လာတတ်သည်။ ကိုကျော်အောင်နှင့် ထွန်းတောက်ထိန်တို့၏ တော်စပ်မှုကို အဝင်းကတော့ သိလိမ့်မည်မထင်။ သည့်ကြောင့် သူ့နာမည်ကို ပြောလာခဲ့ခြင်းဖြစ်ဟန်တူသည်။

တကယ့်တကယ်တော့ ထွန်းတောက်ထိန်နှင့် ကိုကျော်အောင်မှာ ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်နေသည်။ သို့သော်လည်း တရားမဝင်သော တော်စပ်မှုဖြစ်သည်။ အဘယ်ကြောင့်မူ ကိုကျော်အောင်၏ အဘနှင့် ထွန်းတောက်ထိန်၏အမေဖြစ်သော ဒေါ်မြချစ်၏ တော်စပ်ခွင့်မရသော အဖေ ဦးဖေသိန်းတို့မှာ တစ်ယောက်တည်း ဖြစ်သည်။

ရွာထဲက မဖြူပြာနှင့် ကိုကျော်အောင်တို့သာ တရားဝင်တော်စပ်ခွင့်ရသော မောင်နှမတစ်ဝမ်းကွဲဖြစ်သည်။ ထွန်းတောက်ထိန်နှင့်ကျတော့ လုံးဝမသက်ဆိုင်ကြပေ။ ဦးဖေသိန်းဆိုသူသည် ဟိုးယခင်က သာယာကုန်းရွာသူနှင့်အိမ်ထောင်ကျပြီး သာယာကုန်းရွာမှာပဲ နေသည်။

ထိုသာယာကုန်းရွာသူသည် မဖြူပြာ၏ အမေကြီး(အဖွား)အရင်းဖြစ်သည်။ ကိုကျော်အောင်၏ အမေကြီးအရင်းမဟုတ်ပေ။ အဘယ်ကြောင့်မူ ဦးဖေသိန်းသည် သာယာကုန်းရွာသူနှင့် အိမ်ထောင်ကျနေချိန်မှာပဲ ချောင်းကူးရွာသူနှင့်ပါ အိမ်ထောင်ကျကာ ချောင်းကူးရွာမှာပဲ နေသည်။ ထိုချောင်းကူးရွာသူကား ကိုကျော်အောင်၏ အမေကြီးအရင်းဖြစ်သည်။ တစ်ပြိုင်နက်တည်း မယားနှစ်ယောက်ကို ပေါင်းသည်။ သားသမီး ငါးဦးစီခန့် ထွန်းကားသည်ဟု ကြားဖူးထားသည်။

ဦးဖေသိန်းသည် မယားနှစ်ယောက် တစ်ပြိုင်တည်း ယူထားချိန်မှာပဲ ထွန်းတောက်ထိန်၏အမေကြီး ဒေါ်အိုစာနှင့်ပါ ငြိစွန်းကာ ဒေါ်မြချစ်ကို မွေးသည်။ ဒေါ်အိုစာကိုကား ဦးဖေသိန်းက မပေါင်း။ သည့်ကြောင့် ဒေါ်မြချစ်သည် ဦးဖေသိန်း၏ မယားနှစ်ယောက်ကမွေးသော သားသမီးများနှင့် မောင်နှမအရင်းတော်စပ်ခွင့်မရဘဲ အပယ်ခံသမီးကလေး၊ အပယ်ခံညီမကလေး ဖြစ်ခဲ့သည်။

ရှေးက ထိုအဖြစ်အပျက်များကြောင့် ထွန်းတောက်ထိန်သည် ဦးဖေသိန်း၏ ဆွေစဥ်မျိုးဆက်များ၏ အသံကို ကြားရလျှင် အလိုလိုဒေါသထွက်နေမိတတ်သည်။ ရင်ထဲတွင် အမုန်းတရားများ အလိုလို ကိန်းအောင်းနေမိတတ်သည်။

ဦးကျော်အောင်ကား အသက်ငါးဆယ် ကျော်ပေပြီ။ သားသမီးလေးဦး ထွန်းကားသည်ဟု ကြားသည်။

အကြီးဆုံးသမီးက CDM ဝန်ထမ်းတဲ့၊ သားနှစ်ယောက်က ပီဒီအက်ဖ်တဲ့၊ အငယ်ဆုံးသမီးလေးကတော့ ဘာလုပ်သည်မသိ။ နောင်မှသိရသည်မှာ အငယ်ဆုံးသမီးလေးသည် NUG လက်အောက်မှ စာသင်ကျောင်းမှာ စေတနာ့ဆရာမ ဝင်လုပ်နေသည်ဟု သိရသည်။

ကိုကျော်အောင်သည် နိုင်ငံရေးကိုလည်း အလွန်စိတ်ဝင်စားသည်။ ယခုမူ ပအဖ (အုပ်ချုပ်ရေး) ခေါင်းဆောင် ဖြစ်နေပြီဟု ကိုကြံမောင်က ပြောပြဖူးသည်။ ကိုကျော်အောင်တို့ တစ်မိသားစုလုံး၏ နိုင်ငံရေးအပေါ် ပေးဆပ်မှုများကို မြင်ရကြားရသော ထွန်းတောက်ထိန်၏ စိတ်ထဲတွင် မုဒိတာ ပွားနိုင်ရမည့်အစား လုပ်နိုင်စွမ်းများအပေါ် မနာလိုဝန်တိုစိတ်များပင် ဖြစ်လာသလို ခံစားရသည်။ ထွန်းတောက်ထိန့်ဘက်က ဘာမှ ပြန်မပြောဖြစ်တော့ အဝင်းဘက်ကပဲ ဆက်ပို့လာသည်။

“အဝင်းကတော့ ကျောင်းဖွင့်နိုင်တဲ့ ရွာတွေကို အားကျပါတယ်၊ ရွာက ကလေးတွေလည်း ပညာငတ်ကုန်ပြီလေ၊ ကိုဗစ်ကြောင့်ရော ကိုစစ်ကြောင့်ရော ကျောင်းမနေရတာ သုံးနှစ်ကျော်သွားပြီမဟုတ်လား၊ အဝင်းတို့ရွာတော့ ဒီတစ်သက် ဖွင့်နိုင်ပါ့မလားမသိဘူး၊ ရွာကို အုပ်ချုပ်နေသူလည်း မရှိတော့ဘူး၊ ကိုကြံမောင်ကလည်း သူ့အဖွဲ့မှာ ပဒတ်ခေါင်းဆောင်လို့သာ သတင်းကြားတာ ရွာကိုလည်း တစ်ခါတလေပဲ လာရဲတယ်၊ ပြီးတော့ စာကလည်း ကောင်းကောင်းတတ်တာမဟုတ်ဘူး၊ အဲ့ဒီတော့ ဘယ်လိုလုပ် စီစဥ်နိုင်တော့မလဲ၊ ဆရာကြီး ဦးချိန်တင် တို့လည်း ဘယ်ရောက်နေတယ်မသိ၊ သူရှိရင်တော့ ကျောင်းဖွင့်ဖို့ စီစဥ်ပေးနိုင်မလားပဲ၊ သူကတော့ CDM ဆိုတော့ ရွာကို ပြန်လာရဲမှာလည်း မဟုတ်ပါဘူးလေ၊ အဝင်းတော့ ရွာအကြောင်းတွေးရင်း စိတ်ပဲ မောနေရတော့တယ်၊ ဝက်ချေးပျူရွာကို သိမ်းနိုင်ရင်တော့ ကျောင်းဖွင့်နိုင်မယ်ထင်တာပဲ”

အဝင်းပြောသော စကားများကို ထွန်းတောက်ထိန်သည် စိတ်မဝင်စားတော့ပေ။ ရွာမှာ ကျောင်းဖွင့်ဖို့ မဖွင့်ဖို့ကိစ္စသည် ထွန်းတောက်ထိန်နှင့် ဘာမျှ မသက်ဆိုင်ဘူးဟု ယူဆသဖြင့် လုံးဝစိတ်မဝင်စားပေ။ ထွန်းတောက်ထိန်ခမျာမှာက ကျောင်းဖွင့်ဖို့ကိစ္စကို စိတ်ဝင်စားရလောက်အောင် ရွာကိုတောင် ပြန်လို့မရသေးဘူးမဟုတ်လား။

■ ထွင်

အပိုင်း ၇ ဆက်ရန်…