ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

August 24, 2026

ထွင်

အပိုင်း (၃)

“ဒိုင်း”

ကျယ်လောင်သော သေနတ်သံဖြစ်သည်။ သာယာကုန်းရွာလေး၏ တစ်နေ့သော နံနက်တွင် ဖြစ်သည်။ အချိန်အတိအကျသည်ကား လင်းကြက်များပင် မတွန်သေးပေ။ လင်းအားမကြီးသေး။ ရောင်နီမသန်းသေး။ အရုဏ်မတက်သေး။ ညီအစ်ကိုမသိတသိအချိန်ကဲ့သို့ မှောင်ရီဖြိုးဖြအချိန်လည်း မဟုတ်သေး။

ထိုအချိန်၌ သာယာကုန်းရွာတစ်ရွာလုံး အိပ်မောကျနေတုန်းဖြစ်သည်။ ထို့အတူ ထွန်းတောက်ထိန်တို့ တစ်အိမ်လုံးလည်း အိပ်မောနေကျချိန်ဖြစ်သည်။ အိမ်တွင် ဝက်ချေးရွာမှ စစ်ရှောင်များ ရှိနေသေးသဖြင့် ထွန်းတောက်ထိန်တို့ ညီအစ်ကိုက အိမ်အပေါ်ထပ်မှာ အိပ်သည်။ အိမ်အောက်ထပ်တွင် စစ်ရှောင်များ မိသားစုလိုက် အိပ်သည်။ အဖေနှင့် အမေကတော့ မီးဖိုချောင်ထဲတွင် အိပ်သည်။

ထိုသို့ အိပ်မောကျနေချိန်၌ ကျယ်လောင်သော သေနတ်သံကို ကြားလိုက်ရခြင်းဖြစ်သည်။ သေနတ်သံကြီးသည် အလွန်ကျယ်လောင်လှသည်။ သာယာကုန်းရွာတစ်ရွာလုံးသည် သေနတ်သံကို ကြားဖူးသော်လည်း သည်လောက် အနီးကပ်ကနေ ထွက်လာသော သေနတ်သံကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်သည်။ သေနတ်သံသည် နီးနီးကပ်ကပ်ကနေ လက်တွေ့ကြားဖူးသောအခါ အင်မတန် ကျယ်လောင်လွန်းလှသည်ကို သိလိုက်ရသည်။ ဘယ်လောက် ကျယ်လောင်သလဲဆို မိုးခြိမ်းသံထက်ပင် ကျယ်လောင်သည် ထင်မြင်မိကြသည်။ ထိုသေနတ်သံကြောင့် လင်းကြက်တွန်ချိန်ကို စောင့်ဆိုင်းနေကြသော ကြက်များလည်း လန့်နိုးလိမ့်မည်။ အိမ်အောက်မှာ ခွေနေသော ခွေးများလည်း လန့်နိုးလိမ့်မည်။ တင်းကုပ်တွင် ခွေနေသော နွားများလည်း မတ်တတ်ထကြလိမ့်မည်။ ကြောင်ကလေးများသည် လန့်ဖျတ်ပြီး ခုန်ကြလိမ့်မည်။

နံနက်အချိန်မတော်ကြီး၌ ဤသို့ ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော သေနတ်သံကြီးကို ကြားလိုက်ကြရသော်လည်း တစ်ရွာလုံးသည် နဂိုတိတ်ဆိတ်နေသည်ထက်ပင် ပိုမိုတိတ်ဆိတ်သွားကြရသည်။ ရွာကလေးတစ်ရွာလုံးအပေါ် အကြောက်တရားများ လွှမ်းမိုးသွားခြင်းကြောင့် ဖြစ်သည်။ ထိုသေနတ်သံကြောင့် တစ်ရွာလုံး အိပ်ရာပေါ်ကနေ မတ်တတ်ထကြလိမ့်မည်။ သို့တိုင် အသံမထွက်ကြ။

အသံမထွက်ဘဲ မိသားစုလိုက် စုကြသည်။ လျှပ်စစ်မီးလာနေဆဲ ဖြစ်သော်လည်း မီးခလုတ်ကို မဖွင့်ကြ။ မှောင်ကြီးမည်းမည်းထဲမှာ သူ့လက် ကိုယ်ဆွဲ၊ ကိုယ့်လက် သူဆွဲနှင့် စုစည်းကြသည်။ တိုင်ပင်ကြသည်။ အသံမထွက်နဲ့၊ မီးမဖွင့်နဲ့ဟု တိုးတိုးပြောကြသည်။ ဟိုဘက်ကို သွားပုန်းမယ်၊ သည်ဘက်ကနေ ပြေးရှောင်မယ် အသံမထွက်စေနဲ့ဟု သတိပေးကြသည်။

တစ်ရွာလုံးသည် အာဏာသိမ်းစကတည်းက နောက်ဖေးတွင် ခွေးတိုးပေါက်ကလေးများ ကိုယ်စီဖောက်ထားကြသည်။ စစ်ခွေး၊ ရဲခွေးများ အိမ်ရှေ့ ရောက်နေသည်ကို မြင်လျှင် နောက်ဖေးခွေးတိုးပေါက်ကနေ ပြေးရှောင်ရန်အတွက်ဖြစ်သည်။

ယခုတော့ သေနတ်သံလာရာဘက်၏ ဆန့်ကျင်ဘက်အရပ်သို့ တိတ်တိတ်ကလေး ရှောင်ထွက်ကြသည်။ အရှေ့ဘက်ကနေ ကြားသူတို့က အနောက်ဘက်သို့ ရှောင်ကြလိမ့်မည်။ အနောက်ဘက်ကနေ ကြားသူတို့က အရှေ့ဘက်သို့ ရှောင်ကြလိမ့်မည်။ တောင်ဘက်ကနေ ကြားသူတို့က မြောက်ဘက်သို့ ရှောင်ကြလိမ့်မည်။

သေနတ်သံသည် ထွန်းတောက်ထိန်တို့အိမ်၏ မြောက်ဘက်ကနေ ကြားရသည်။ အိမ်တံခါးပေါက်သည် တောင်ဘက်၌ ရှိသည်။ တံခါးမှာ သံတံခါးဖြစ်ပြီး သော့ခတ်ပိတ်ထားသည်။ ဖွင့်လျှင် တွန်းဖွင့်ရသဖြင့် အသံထွက်မည်မို့ တောင်ဘက်ကနေ ထွက်လို့ မဖြစ်။ သည့်ကြောင့် အရှေ့ဘက်မှ ခွေးတိုးပေါက်ကနေ ထွက်ရသည်။ အဖေဦးအောင်သိန်း ဦးဆောင်ပြီး ထွက်သွားကြရခြင်းဖြစ်သည်။

ကံကောင်းသည်ကား အရှေ့ဘက်အိမ်၏ တောင်ဘက်တွင် ဘုန်းကြီးကျောင်းရှိသည်။ အရှေ့ဘက်အိမ်ကလည်း လိုရမယ်ရဆိုပြီး ဘုန်းကြီးကျောင်းသို့ ပြေးရန် ခွေးတိုးပေါက်လေး ဖောက်ထားသေးသည်။

ထိုခွေးတိုးပေါက်ကနေ ထွန်းတောက်ထိန်တို့တစ်အိမ်လုံးနှင့် ဝက်ချေးရွာက စစ်ရှောင်မိသားစုတစ်စုလုံး ဘုန်းကြီးကျောင်းသို့ ချောချောမောမော ရောက်သွားကြသည်။ ဘုန်းကြီးကျောင်းဆိုတော့ လုံခြုံသွားသလိုလည်း ခံစားရသည်။

ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးလည်း နိုးနေပြီ။ ကိုရင်က နှစ်ပါးသာရှိ၏။ ရွာထဲက တချို့လည်း လာရှောင်ပြီ။ ကျန်သူများက တခြားသို့ ရှောင်နေကြလိမ့်မည်။

သေနတ်သံသည် ကြောက်မက်ဖွယ်ရာ ထွက်လာပြီးနောက် ချောက်ချားဖွယ်ရာ တိတ်ဆိတ်နေသည်။ ဘာသံများ ကြားရဦးမည်လဲဆိုပြီး ထွန်းတောက်ထိန်တို့ နားစွင့်နေကြသည်။ သို့တိုင် လင်းကြက်တွန်သံများကိုသာ ကြားလာရတော့သည်။ မကြာမီ၌ ညီအစ်ကိုမသိတသိ အချိန်ကဲ့သို့ အလင်းရောင် မြင်လာရပြီ။

သို့တိုင် လင်းလင်းကျင်းကျင်း မမြင်ရသေးသရွေ့တော့ အိမ်ကနေ ရှောင်လာသူများသည် အိမ်ပြန်ရဲကြမည်မဟုတ်။ နံနက်စာ ချက်ပြုတ်လိမ့်မည်မဟုတ်။ ဘုန်းကြီးကျောင်းသို့ နံနက်ဆွမ်းပို့သူများလည်း ထချက်ကြလိမ့်မည်မဟုတ်။ ထွန်းတောက်ထိန်၏ အမေ မမြချစ်သည်လည်း နံနက်စာချက်ဖို့ အိမ်မပြန်ရဲသေး။ သည်နေ့တော့ ဘုန်းကြီးကျောင်းသို့ မည်သူမျှ ဆွမ်းပို့နိုင်မည်မဟုတ်သလို ဘုန်းကြီးနှင့် ကိုရင်လေးနှစ်ပါးသည်လည်း နံနက်ဆွမ်းကို ဘုဥ်းပေးရလိမ့်မည်မဟုတ်ပေ။

တဖြည်းဖြည်းနှင့် လင်းလင်းကျင်းကျင်း ဖြစ်လာသည့်အခါမှ အဖေဦးအောင်သိန်းက ပြန်လို့ရလောက်ပါပြီဟု ဆိုသဖြင့် အိမ်ပြန်ကြရသည်။ မမြချစ်သည် အိမ်ရောက်ရောက်ချင်း မျက်နှာပင် မသစ်နိုင်အားတော့ဘဲ ဆန်အိုးလှပ်ကာ ဆန်ဆေးတော့၏။

တစ်ရွာလုံး အိမ်ပြန်ရောက်ကြတော့ ဟိုအိမ်သည်အိမ် နံနက်က သေနတ်သံအကြောင်း ဟိုအိမ်က စပ်စု သည်အိမ်က သတင်းလှမ်းပေးနှင့် နေမထွက်ခင်ကတည်းက အကြောင်းရင်းကို ကြားသိလိုက်ကြရသည်။ အကြောင်းရင်းက ကြက်သီးထစရာ ကောင်းသည်။ သွေးလန့်စရာကောင်းသည်။ အချိန်မတော် ကြားလိုက်ရသော သေနတ်သံထက်ပင် ကြောက်စရာကောင်းသည်။ ကြောက်စရာတွေသည် ထပ်ကာဆင့်ကာ မြင်ရ၊ ကြားလာရတော့သည်။

ရွာထဲကအသက်လေးဆယ်အရွယ် ကိုကြံမောင်ကို လာသတ်ကြတာတဲ့။ ဝက်ချေးရွာက ပျူစောထီးတွေကတဲ့။ အိမ်အပေါ်ထပ်တက်ပြီး ပစ်သတ်တာတဲ့။ ကိုကြံမောင်က အစောကြီးကတည်းက သူ့ကိုယ်သူ မလုံခြုံမှန်းသိလို့ လာသတ်ရင် ရှောင်ရှားနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာတဲ့။ အိမ်ပေါ်တက်လာတဲ့ ခြေသံကြားကြားချင်း အပေါ်ထပ်ပြတင်းပေါက်ကနေ ခုန်ချတာတဲ့။ ပြီးရင် နောက်ဖေးခွေးတိုးပေါက်ကနေ ထွက်ပြေးတာတဲ့။ ကိုကြံမောင့်အမေကတော့ သက်ကြီးရွယ်အိုကြီးမို့ ဘာမှ လုပ်မသွားဘူးတဲ့။

အကြောင်းစုံ သိရရချင်း ထွန်းတောက်ထိန်တို့ ဘုရားတမိသည်။ ဝက်ချေးရွာမှာ တကယ်ကြီးကို ပျူစောထီးအဖွဲ့ ထူထောင်လိုက်ပြီပဲ။ ကိုကြံမောင်ဟာ အာဏာသိမ်းတုန်းက ဆန္ဒပြရာမှာ ဦးဆောင်ဦးရွက် ပြုလုပ်ခဲ့သူ။ နောက်ပိုင်းမှာ တော်လှန်ရေးသမားများနှင့် အဆက်အသွယ်ရှိသည်ဟုတော့ တစ်စွန်းတစ်စ ကြားမိသေးသည်။ ဒါဖြင့် ရွာမှာ ဒလန်တွေ ရှိနေသေးတုန်းပေါ့။

ဒလန်သတင်းပေး ရှိနေသေးလို့ ကိုကြံမောင့်အကြောင်းကို ဝက်ချေးရွာက ပျူစောထီးတွေထံ အိမ်နေရာအတိအကျ သတင်းပေးပြီး တိုင်တောလိုက်ကြသည်ပေါ့။ သည်လိုမှမဟုတ်တောင် ဝက်ချေးရွာပျူသောထီးတွေက ကိုကြံမောင့်အိမ်ကို ရွာနီးချင်းမို့ သိနေကြမည်။ ကိုကြံမောင့်အကြောင်းကို သိနေကြမည်။ ကိုကြံမောင် နိုင်ငံရေးအပေါ် ဘယ်လိုရှိတယ် သိထားကြမည်။ ဒါ့ကြောင့် ရန်ငြိုးထားပြီး ကိုကြံမောင့်ကို နံနက်အချိန်မတော် လာသတ်ကြသည်ပေါ့။

ထိုသတင်းကြောင့် ထွန်းတောက်ထိန်တို့အိမ်က ဝက်ချေးရွာစစ်ရှောင်မိသားစုသည် ချက်ချင်းအထုပ်အပိုးပြင်ကြသည်။ နေဖို့ထိုင်ဖို့ စုံစမ်းနေသည့်နေရာ မရသေးသည့်တိုင် သည်ရွာနှင့် ဝေးရာသို့ သွားရတော့မည်။ ယခု လာသတ်ကြသည့် ပျူစောထီးတွေဟာ ဝက်ချေးရွာက ပျူစောထီးတွေပဲ။

သည်အိမ်မှာ ဝက်ချေးရွာက ပြည်သူတွေ စစ်ရှောင်နေတာသိရင် လာသတ်မည်က အသေအချာ။ သည်ရွာမှာလည်း ဒလန်ရှိနေသည်။ သည်ရွာက ဒလန်က သတင်းမပေးခင် မြန်မြန်ထွက်သွားရတော့မည်။
မမြချစ်သည် စစ်ရှောင်များ ထွက်မသွားခင် ထမင်းကို မြန်မြန်ချက်ပြီး ပန်းကန်များကို ဆေးကြောကာ ခူးခပ်တော့သည်။ အထုပ်အပိုးတွေ ပြင်နေခိုက် ခဏလေးနေပါဦး၊ ထမင်းကိုတော့ စားသွားပါဦး၊ ဗိုက်ပြည့်နေမှ ပြေးနိုင်မှာပေါ့ဟု ခူးရင်းခပ်ရင်း ပြောနေသည်။

တကယ်ဆို အထုပ်အပိုးပြင်ဖို့ရာမှာ ကူချင်သေးသည်။ ကူနေရင် ထမင်းကျက်ချိန်ထက် မြန်မြန်ပြီးသွားလိမ့်မည်။ နို့မဟုတ်လျှင် ထမင်းကျွေးရမည်မဟုတ်တော့။ ဟင်းကိုတော့ မချက်တော့ဘဲ ငရုတ်သီးမှုန့်လေးကို ကြက်သွန်နှင့် သုပ်ကျွေးလိုက်သည်။ မြေပဲအဆံလှော်ကို ဆီဆားဖြူးကာ သုပ်ကျွေးလိုက်သည်။ မီးဖိုချောင်ထဲက အသင့်စားလို့ရတာမှန်သမျှ အကုန်ထုတ်ကျွေးလိုက်တော့သည်။ စစ်ရှောင်များကလည်း မတတ်သာစွာနှင့် မြန်မြန်သွက်သွက်လေး စားကြသည်။ ပြီးလျှင် ပါလာသည့် ဆိုင်ကယ်နှင့်ရော အကြိုလာသည့်ဆိုင်ကယ်များနှင့်ပါ လိုက်ပါသွားကြတော့သည်။

ဝက်ချေးရွာက ပျူစောထီးများသည် ပျူစောထီးအဖွဲ့ကို ဖွဲ့ပြီးပြီးချင်း ချက်ချင်းကို ဂျိုကြွလာကြတော့သည်။ အဘယ်ကြောင့်မူ သာယာကုန်းရွာက ကိုကြံမောင့်ကိုတင်မဟုတ် တခြားအနီးအနားရွာက သူတို့ရွံမုန်းသူ၊ သတင်းပေးခံရသူ၊ နိုင်ငံရေးခံယူချက်အကြောင်း သိထားသူ၊ တော်လှန်ရေးနှင့် ဆက်စပ်သည်ဟု ထင်မြင်မိသူများကို လိုက်လံဖမ်းဆီးသတ်ဖြတ်နေသည်ကို ဟိုရွာကနေရော ကြားရလိုက်၊ သည်ရွာကနေရော ကြားရလိုက်နှင့် ရှိနေတော့သည်။

ဆိုတော့ဖြင့် တစ်နယ်လုံးကို သူတို့အပိုင် စိုးမိုးထိန်းချုပ်လိုစိတ်ဖြင့် နယ်မြေရှင်းလင်းရေးဆိုပြီး ခေါင်းစဥ်တပ်နေဟန်တူပါသည်။ သူတို့နှင့် ဘက်မတူသူများကို အကုန်သုတ်သင်မည်။ ပြီးလျှင်များကို အကြောက်တရားဇာတ်သွင်းပြီး သူတို့အုပ်ချုပ်မည်။ စိုးမိုးမည်။ ခြယ်လှယ်မည်။

ထိုသတင်းများ ဆက်တိုက်ကြားလာရသောအခါ သာယာကုန်းရွာမှ ရွာသူရွာသား အတော်များများသည် ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ဆန္ဒပြတုန်းက ပါခဲ့သူ၊ နိုင်ငံရေးအကြောင်း ဖေ့ဘွတ်ပေါ်တွင် ပို့စ်တင်ခဲ့သူအများအပြား ရွာကနေ ရှောင်ပြေးသွားကြသည်။ တချို့ဆို မိသားစုလိုက် အိုးအိမ်ပစ်ပြီး ရှောင်ထွက်သွားကြသည်။ မြို့တက်သူက တက်။ ဘေးလွတ်ရာရွာ သွားသူက သွား နှင့်။

သာယာကုန်းရွာတွင် အစိုးရဝန်ထမ်း ငါးဦးရှိရာ ငါးဦးစလုံး CDM ဝင်ကြသည်။ ရွာက အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးချိန်တင်၊ သာယာကုန်းရွာ၏ အရှေ့ဘက် လေးမိုင်အကွာမှ စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သော မဖြူပြာနှင့် ကိုဖေသွင်တို့ မောင်နှမနှစ်ယောက်၊ ရွာက စာသင်ကျောင်းမှာပဲ ဆရာမဖြစ်နေသော ဒေါ်ကြည်လင်နှင့် အရှေ့မြို့တွင် အထက်တန်းသင်ခဲ့သော ဦးကြည်ဆန်းတို့ဖြစ်သည်။

ထို CDM ဝန်ထမ်း ငါးဦးတို့သည် ကိုကြံမောင်၏ ကိစ္စ ဖြစ်ပြီးပြီးချင်း ရွာကနေ ထွက်သွားကြသည်ဟု ကြားသိရသည်။ ကျောင်းအုပ်ကြီး ဦးချိန်တင်ဆိုလျှင် ဇနီးနှင့် သားသမီးသုံးယောက်စလုံးကို ခေါ်ကာ အိုးပစ်အိမ်ပစ် ပြေးရှောင်သွားတော့သည်။ ထို CDM ဦးစလုံး ဘယ်သို့ ပြေးရှောင်ကြသည်ကို မည်သူမှ မသိကြ။ ဘယ်သို့ ပြေးရှောင်မည်ကို မိသားစုဝင်ကလွဲလို့ မည်သူ့မှ ပြောမည်မဟုတ်။

တခြားသူများကလည်း မေးမည်မဟုတ်ပေ။ သည်ကာလတွင် မသိခြင်းသည် အန္တရာယ်ကင်း၏။ သိတာများလွန်းလျှင် အန္တရာယ်များ၏။ (နောင်မှ သိရသည်မှာ မဖြူပြာ၏ မောင် ကိုဖေသွင်ဆိုသူမှာ အာဏာသိမ်းအပြီး နှစ်လခန့်၌ မြို့သို့ တက်သွားသည်ဟု ကြားသိရသည်။ တစ်ရွာတည်းနေပြီး ဆယ်လကျော်ကြာလောက်မှ ကြားသိရခြင်းမှာ ကိုဖေသွင်သည် အိမ်မြဲသူဖြစ်သောကြောင့် အိမ်မှာပဲ ရှိနေသည်ဟု ထင်မြင်မိသောကြောင့်ပင်။)

သည်လိုတွေ မြင်ရ၊ ကြားသိရပါ များလာသောအခါ ထွန်းတောက်ထိန်သည်လည်း ရွာမှာ နေရတာ မလုံခြုံသလို ခံစားရလာသည်။ ထွန်းတောက်ထိန်သည် CDM ဝင်ထားသော အစိုးရဝန်ထမ်းမဟုတ်သော်လည်း CDM တက္ကသိုလ် ကျောင်းသားဖြစ်နေသည်မဟုတ်လား။ CDM တက္ကသိုလ်ကျောင်းသားဆိုသည်မှာ အစိုးရ CDM ဝန်ထမ်းလောက် ဒလန်ရန် မကြောက်ရပေ။

သို့တိုင် ထွန်းတောက်ထိန်လည်း ဆန္ဒပြတုန်းက ခေါင်းဆောင်မဟုတ်တောင် လိုက်ပါဆန္ဒပြခဲ့သေးသည်။ ဖေ့ဘွတ်ပေါ်တွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ခဏခဏ ပို့စ်တင်ခဲ့သေးသည်။ ဒါတွေကြောင့် ဒလန်က သတင်းပေးလာမလားဟုတော့ လန့်နေသေးသည်။

ထွန်းတောက်ထိန်သည် ရွာတွင် မတည့်သူလည်း မရှိ၊ အားလုံးနှင့် အဆင်ပြေပြေ နေခဲ့သည်မို့ ဒလန်ကလည်း ထွန်းတောက်ထိန်အပေါ် ထိပါးဖို့ သတင်းပေးလိမ့်မည်မထင်ပေ။ အခုထိတော့ ထွန်းတောက်ထိန်သည် ဘေးကင်းကင်း ရှိနေသေးသည်။

ဆက်လက်ဘေးကင်းစေရန် ဘာမျှ မလုပ်ဘဲ၊ မသံမထွက်ဘဲ ငြိမ်နေသည်။ ဖေ့ဘွတ်ပေါ်မှာ တင်ထားခဲ့သော နိုင်ငံရေးနှင့် ပတ်သက်သည့် ပို့စ်အားလုံးကို ဖျက်ပစ်လိုက်သည်။ သည့်အတွက် အနည်းငယ် စိတ်အေးသွားသလိုတော့ ခံစားရသည်။ သို့တိုင် ထွန်းတောက်ထိန်၏ စိတ်ထဲတွင် ကိုယ်တိုင်က ဘာမျှမလုပ်ဘဲ ကိုယ့်အလှည့်ကျလာဖို့ စောင့်စားများနေသလားဟု ကိုယ့်ကိုယ်ကိုယ် ခံစားလာရသည်။ ငါက ဘာဆို ဘာမှမလုပ်ဘဲ ငါ့ကို အပြစ်ပေးဖို့၊ ထိပါးဖို့၊ သတ်ဖို့ စောင့်စားနေသလိုကြီးပါလားဟု စိတ်ထဲက အလိုလို ခံစားရလာနေသည်။ ဘယ်လို ခံစားချက်ကြီးပါလိမ့်။

ထိုအချိန်၌ စစ်အာဏာရှင်သည် အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဆိုသော ဥပဒေကို ထုတ်လိုက်သည်။ ထိုဥပဒေသည် မြို့ပေါ်အရပ်တွင် အလွန်အကျုံးဝင်နေသည်။ တစ်အိမ်တက်ဆင်း စစ်မှုထမ်းရန် စာရင်းကောက်နေသည်။ လူပျိုလူလွတ်များကို ဦးစားပေးစစ်မှုထမ်းရမည်ဆိုလို့ အပြေးအလွှားလက်ထပ်ကြသူတွေ မနည်းမနောရှိသည်။

သည့်အပြင် စစ်မှုထမ်းရမည်ကို စိုးကြောက်သောကြောင့် ပြည်ပသို့ အောက်လမ်းကနေရော အထက်လမ်းကနေပါ အပြေးအလွှား ပြေးထွက်သွားသူတွေ မနည်းမနောရှိသည်။ မပြေးနိုင်သူများကတော့ စစ်မှုထမ်းရဖို့ မဲနှိုက်ခံရသည်။ မဲပေါက်သူသည် စစ်မှုထမ်းရသည်။ မဲပေါက်သူအချို့သည် စစ်မှုထမ်းရမည်ကို ကြောက်ရွှ့သဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြသည်။

ခရီးသွားလမ်းပေါ်တွင်လည်း အရွယ်ရောက်ကောင်လေးများကို စစ်မှုထမ်းရန်အတွက် ပြန်ပေးဆွဲမှု၊ ပေါ်တာဆွဲမှုမျိုးတွေ နေ့စဥ်လိုလို ကြားနေရသည်။ တောင်ဘက်က ပေပင်ရွာက ကောင်လေးသည် မြို့တွင် အလုပ်လုပ်နေသည်။ မြို့တွင် နေရင်း အဓမ္မ စစ်မှုထမ်းရမည်စိုးရိမ်သဖြင့် ရွာသို့ပြန်လာရာ လမ်းမှာ ပေါ်တာဆွဲခံရပြီး အဓမ္မစစ်မှုထမ်းခိုင်းခံရသည်တဲ့။

ထိုအခြေအနေများ တိုင်းပြည်တခွင်၊ ဖေ့ဘွတ်တခွင်တွင် အုတ်အော်သောင်းတင်း ဖြစ်လာသောအခါ တိုင်းအနှံ့ ပြည်အနှံ့ဆီက တော်လှန်ရေးသမားများအားလုံးက ”အဓမ္မ စစ်မှုထမ်းခိုင်းခံမလား ပီဒီအက်ဖ်ထဲဝင်ပြီး စစ်အာဏာရှင်ကို ကိုယ်တိုင် တိုက်မလား” ဆိုပြီး တော်လှန်ရေးလောကထဲ ဝင်ဖို့ ဆော်သြကြသည်။

ထို ဆော်သြချက်များသည် ထိရောက်သည်။ ထိုအချိန်၌ ကြားကာလ အမျိုးသားညီညွတ်‌ရေးအစိုးရ (National Unity Government -NUG) NUG အစိုးရလည်း ပေါ်ပေါက်နေပြီဖြစ်ရာ NUG အစိုးရကလည်း ထိထိရောက်ရောက် ဆော်သြသည်။ ထို့ကြောင့် တော်လှန်ရေးလောကထဲ ဝင်လာသူ များပြားလာသည်။ ပီဒီအက်ဖ်စစ်သင်တန်းများတွင်လည်း တပ်သားဦးရေ များပြားလာသဖြင့် စစ်သင်တန်းအဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်ထိ ထွန်းတောက်ထိန်သည် အိမ်မှာပဲ ရှိနေသေးသည်။ ရွာထဲက ထွန်းတောက်ထိန်ထက် ငယ်ရွယ်ကြသော ကောင်လေးတချို့ ပီဒီအက်ဖ်ထဲ ပြေးဝင်ပြီး အိမ်ကနေ လစ်ထွက်သွားသည်ဟု တစ်စွန်းတစ်စ ကြားရသည်။

ကြားရသူတို့သည် သတင်းအတိအကျ ကြားသိရသောကြောင့် ပြောခြင်းမဟုတ်ပေ။ ထိုအိမ်တွင် ကောင်လေးတွေ ပျောက်ချင်းမလှ ပျောက်နေသောကြောင့် ပီဒီအက်ဖ်ထဲ ပြေးဝင်သွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကာ ပြောဆိုကြခြင်းဖြစ်သည်။ ဒေါ်ပဲပြာ၏သား မောင်ထွန်းသူဆိုသည့်ကောင်လေးရော။

ဦးထွန်းဝင်း၏သား မောင်ဂျာရစ်ဆိုသည့် ကောင်လေးရော။ ဒေါ်စာဥ၏သား မောင်ထင်ပေါ် ဆိုသည့်ကောင်လေးရော။ ဦးချက်ဖောင်း၏သား မောင်တာတီးဆိုသည့် ကောင်လေးရော။ ကိုပေါ်လာ၏ သား မောင်ချာလီဆိုသည့် ကောင်လေးရော။ စသည့် ကောင်လေးတို့သည် ပီဒီအက်ဖ်ထဲ ပြေးဝင်သွားကြသည်ဟု တစ်စွန်းတစ်စကြားနေရသည်။

တချို့ကကျတော့ ပီဒီအက်ဖ်ထဲ ဝင်သွားကြမှန်း တပ်အပ်သိနေကြသော်လည်း မိသားစုဝင်များကို ထိပါးလာမည် စိုးရိမ်သောကြောင့် ဟိုမြို့သို့၊ သည်နယ်သို့ အလုပ်လုပ် သွားကြပါသည်ဟု လိမ်လည်ပြောဆိုကြသည်။ အားလုံးဟာ အသက် နှစ်ဆယ် မပြည့်ကြသေးသည့် ကောင်လေးတွေ။

ဒါဖြင့် ထွန်းတောက်ထိန်၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သော ကိုမျိုးနိုင်၏သား၊ ထွန်းတောက်ထိန်၏ တူတော်သူ၊ ထွန်းတောက်ထိန်ထက် လေးငါးနှစ် ငယ်ရွယ်သော ဟိန်းထက်သည်လည်း ပီဒီအက်ဖ်ထဲ ဝင်သွားခြင်းများလား။

သည်ကောင့်ကို ထွန်းတောက်ထိန် မတွေ့မြင်ရတာ တစ်လလောက် ကြာရှိသွားခဲ့ပြီလေ။ တစ်စွန်းတစ်စ သတင်းထွက်သော ကောင်လေးများသည် လူသိမည်စိုးရိမ်သောကြောင့် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ၊ ဘယ်သူ့ကိုမှ အဖော်မစပ်ဘဲ လစ်ပြေးသွားကြသည်ထင်သည်။ အဲ့သည်ကောင်လေးတွေအားလုံးဟာ ထွန်းတောက်ကို တစ်ယောက်မှ လာ အဖော်မစပ်ခဲ့ကြဘူးလေ။

သူတို့မျက်လုံးထဲမှာ ထွန်းတောက်ထိန်ဟာ မယုံကြည်ရသူများ ဖြစ်နေသလား။ ပီဒီအက်ဖ်ထဲ ဝင်မည့်လူစားမျိုး မဖြစ်နိုင်ဘူးဟု ယူဆထားကြသည်လား။ သည်လို အတွေးအသိများ ဝင်လာသောအခါ ထွန်းတောက်ထိန်သည် အနည်းငယ်တော့ ရှက်မိသလိုလို၊ လိပ်ပြာမလုံသလိုလို ခံစားလာရသည်။ သည်ကောင်လေးတွေဟာ ထွန်းတောက်ထိန်ထက် ငယ်ရွယ်နေကြသည်ကိုး။ တကယ်ဆို သူတို့ထက် ငါးနှစ်မျှ ကြီးသော ထွန်းတောက်ထိန်က စောစီးစွာ ပီဒီအက်ဖ်ထဲ ပြေးဝင်သင့်သည်မဟုတ်လား။

ယခုတော့ ဘယ်သူကမှ မတိုင်ပင်၊ အဖော်စပ်မလာသောအခါ တခြားသူတွေအပေါ်တော့ ဘာမျှ မနေသာပေမယ့် ဆွေမျိုးတော်သော ဟိန်းထက်အပေါ်တော့ ထွန်းတောက်ထိန် စိတ်ကွက်မိသည်။ သူနှင့် ဦးလေးတော်ပေမယ့် ညီအစ်ကိုလို ပေါင်းသည့် ထွန်းတောက်ထိန်ကိုတော့ တိုင်ပင်သင့်ဖို့၊ အဖော်စပ်သင့်ဖို့ ကောင်းပါသည်။ သည်တော့ ထွန်းတောက်ထိန်သည် ဟိန်းထက်၏ ဖုန်းနံပါတ်မရှိသဖြင့် ကိုမျိုးနိုင့်ထံ သွားစုံစမ်းသည်။

“အစ်ကိုကြီး ဟိန်းထက်က အဖွဲ့ထဲ ဝင်သွားတာလားဟင်”

ဟု တိုးတိုးတိတ်တိတ်လေး မေးရသည်။ သည်တော့ ကိုမျိုးနိုင်၏ဇနီးက စိတ်ပူလွန်းအားကြီးစွာနှင့် ကြားက ဝင်ပြောသည်။

“တိုးတိုးလုပ်ပါ၊ ကိုယ့်မလည်း”

“တိုးတိုးလေးပဲ မေးနေတာကို၊ အဲ့ကောင်ကို မတွေ့တာ အတော်လေးကြာပြီ၊ ကျုပ်ထင်သလို ဟုတ်လား”

“ကိုယ်က ဘာလို့ သိချင်ရတာတုန်း”

“ကျုပ်လည်း သူ့ဆီသွားရကောင်းမလားလို့လေ”

“ကိုယ်တကယ်သွားမယ်ဆိုမှ ပြောမယ်လေ”

“အာ မရီးကလည်း အမျိုးတွေဖြစ်တဲ့ ကျုပ်ကိုတောင် မယုံဘူးလား၊ ကျုပ်လည်း သွားချင်နေတာ အဆက်အသွယ်မရှိလို့”

“ကိုယ့်ကိုတော့ ယုံပါတယ်၊ တခြားသူတွေသိမှာကြောက်လို့ပါ၊ ဟုတ်တယ်၊ သူ ကျုပ်တို့ကို ဝတ်ချပြီး ထွက်သွားပြီ၊ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်၊ ကိုယ့်မိဘတွေကိုတောင် မပြောရဘူး၊ ဒလန်တွေသာ သိရင် ကျုပ်တို့တစ်အိမ်လုံး အသတ်ခံရမှာ၊ ကိုယ်လည်း တကယ်သွားချင်ရင် သူနဲ့ဆက်သွယ်ပြီး သွားပေါ့၊ ကိုယ်သွားရင် ကျုပ်တို့လည်း ကိုယ့်အကြောင်းကို ဘယ်သူ့မှ မပြောဘူး၊ ကိုယ့်မိဘတွေကိုလည်း လူမေးရင် မြို့ပေါ် အလုပ်လုပ်သွားတာလို့ပြောခိုင်း”

“ဟုတ်ကဲ့ပါမရီး၊ သူ့ဖုန်းနံပါတ်မရှိလို့၊ ရှိရင်ပေးလိုက်ပါလား”

ဟိန်းထက်၏ ဖုန်းကို ကိုမျိုးနိုင်၏ ဖုန်းထဲကနေ ယူတော့ ကိုမျိုးနိုင်၏ဇနီးက “စာပို့ဆက်သွယ်နော်၊ ဖုန်းမပြောနဲ့၊ သူများတွေကြားမှာစိုးလို့၊ စာပို့ရင်လည်း စာကိုချက်ချင်းဖျက်” ဟု စိတ်ပူစွာ ပြောသေးသည်။

အိမ်ကျမှ ဟိန်းထက်ဆီ စာပို့သည်။

“ဟိန်းထက်လား၊ ငါ ထွန်းတောက်ထိန်ပါ”

နေ့တစ်ဝက်လောက်ကြာမှ ဟိန်းထက်ထံက ပြန်စာရသည်။

“အေး၊ စာပို့ထားတာကြာပြီပဲ၊ အလုပ်တွေရှုပ်နေလို့ မသိလိုက်တာ၊ ဘာပြောမလို့လဲကွ”

“မင်း အဖွဲ့ထဲရောက်နေတာဆို၊ မင်းမိဘတွေကပြောလို့သိတာ”

“မင်းက ဘာကိစ္စ မေးရတာတုန်းကွ”

“ငါလည်း ရွာမှာ နေရတာ မလုံခြုံသလို ခံစားနေရလို့၊ ငါ ဘယ်သူ့အပေါ်မှာမှ အပြစ်မလုပ်ဘဲ ငါ့ကို လာသတ်မယ့်နေ့ကို စောင့်နေရသလို ခံစားရလို့ကွာ၊ အဲ့ဒါကြောင့် မင်းဆီ လာနေရင် ကောင်းမလားလို့၊ မင်းနေရာက နေရထိုင်ရ အဆင်ပြေရဲ့လား”

“အမယ်မယ် ဘယ်တုန်းကမှ နိုင်ငံရေးကို စိတ်မဝင်စားသလိုလို နေခဲ့တဲ့ကောင်က၊ အခုမှ ထူးထူးဆန်းဆန်း”

“ဘာလဲ မင်းက ငါ့ကို ဒလန်လုပ်မလို့ထင်နေတာလား၊ ငါလည်း ဆန္ဒပြပွဲတွေ လိုက်တာပဲလေကွာ”

တကယ်တော့ ထွန်းတောက်ထိန်သည် ဆန္ဒပြပွဲများသို့ မျက်နှာပြရုံသာ လိုက်ပါခဲ့သူဖြစ်သည်။ မလိုက်လျှင် သူများတွေက ပြောကြဦးမည်။ အာဏာသိမ်းတာကို ကြိတ်ပြီးတော့များ ပျော်နေသလားမသိ။

သူ့ကြည့်ရတာ နိုင်ငံရေးက သူနဲ့ ဘာမှ မဆိုင်ဘူးလိုလိုနဲ့။ အလကား တစ်ဘို့တည်းသမား။ အလကား ဘယ်အစိုးရတက်တက် ကိုယ့်အစိုးရလို့ သတ်မှတ်မယ့်လူစား။ စသဖြင့် ရွာထဲက လူတွေက တစ်ယောက်တစ်ပေါက် ပြောတတ်ကြသည်။ ထွန်းတောက်ထိန်က နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စားချင်။ အေးအေးနေချင်သည်။ လူတွေနှင့်လည်း မရောချင်။

အထူးသဖြင့် ဟိန်းထက်တို့လို ရွာထဲက ကာလသားအပေအတေကောင်တွေနဲ့ မပတ်သက်ချင်။ သူတို့က ဖြစ်ကတတ်ဆန်းနေတတ်သည်။ လူတွေကလည်း ညစ်ညစ်ပတ်ပတ်။ ထွန်းတောက်ထိန်က သန့်သန့်ပြန့်ပြန်နေတတ်သူ။ အဝတ်အစားဆိုလျှင် အကောင်းတကာ့အကောင်းစားတွေ မဝတ်စားနိုင်တောင် သစ်သစ်လွင်လွင်ဖြစ်ဝတ်တတ်သည်။

သည်လို ကိုယ့်ဘာသာ အေးအေးဆေးဆေး နေချင်တာတောင် နေခွင့်မရတော့။ တကယ်ကို စိတ်ညစ်ဖို့ကောင်းပါသည်။ ဒါတွေကြောင့် ဟိန်းထက်က ထွန်းတောက်ထိန်ကို သည်လိုပြောလာခြင်းဖြစ်နိုင်ပါသည်။

“မင်း လာချင်ရင် လာပေါ့၊ လာပြီးမှ ပြန်သွားချင်တိုင်း ပြန်သွားလို့ မရဘူးနော်၊ ဒီအလုပ်က တအားကို တိုးတိုးတိတ်တိတ် လုပ်ရတဲ့အလုပ်၊ ဒီနေရာကို ဓာတ်ပုံလည်း ရိုက်ခွင့်မရှိဘူး၊ မင်း အဖွဲ့သားဖြစ်ကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရသလို လိုင်းပေါ်လည်း တင်လို့မရဘူး၊ မင်း အဖွဲ့သားမှန်း ရွာထဲက တစ်ယောက်ယောက်သိရင် ဒလန်တွေသိသွားနိုင်တယ်၊ ဒါဆို မင်းမိဘတွေကိုလည်း ထိပါးခံရနိုင်သလို ရွာကိုလည်း နှောင့်ယှက်ခံရနိုင်တယ်၊ ဘာလို့ဆို ငါတို့ရွာဘေးမှာ ဝက်ချေးပျူစောထီးရွာကြီး ရှိနေလို့လေ၊ ဒါ့ကြောင့် ငါတို့ရွာမှာ ပီဒီအက်ဖ်ရှိကြောင်း ဘယ်လိုမှ သတင်းပေါက်ကြားလို့မဖြစ်ဘူး၊ မင်း ဒီရောက်လာပြီဆိုရင် ရွာကို လုံးဝ ပြန်လို့ရတဲ့အခြေအနေရောက်မှ ပြန်ရမှာ၊ အဲ့လိုအခြေအနေမရောက်မချင်း ငါတို့ကကြိုးစားနေရမှာ၊ ဒါ့ကြောင့် သေချာစဥ်းစားပါ ”

“ဟုတ်ပါပြီ၊ အရင်ဆုံး မင်းနေတဲ့ နေရာပဲပြောကြည့်၊ ငါ မလာနိုင်ရင်တောင် ဘယ်သူ့မှ မပြောဘူးနော် စိတ်ချပါ”

“သရက်ကုန်းရွာနားက တောထဲမှာပဲ”

“ဟင် သရက်ကုန်းရွာနားဆိုတော့ မြောက်မြို့နယ်ပေါ့နော်”

“ဟုတ်တယ်”

“မင်းက ဘယ်လိုလုပ်ပြီး အဲ့ဘက်ကို ရောက်နေတာလဲ”

“ငါ ရေနံမှော်မှာ လုပ်ဖူးတယ်လေ၊ ဒီရွာကကောင်တွေနဲ့ပေါ့၊ သူတို့အဆက်အသွယ်နဲ့ ရောက်နေတာ”

“ဪ၊ ငါလာရင် ငါရော စစ်တိုက်ရမှာလားဟင်”

သည်မေးခွန်းကို မေးဖို့တော့ ထွန်းတောက်ထိန် ချီတုံချတုံဖြစ်နေခဲ့သေးသည်။ တကယ်ဆို ထွန်းတောက်ထိန်မှာ ရဲရဲဝံ့ဝံ့ စစ်တိုက်ဖို့ သတ္တိမရှိသေး။ သေနတ်ဆို ကိုင်ဖူးဖို့ဝေးစွ လက်တွေ့ပင် မမြင်ဖူးသေး။ ဘာအတွေ့အကြုံမှ မရှိသေးသူတစ်ယောက်အတွက် စစ်တိုက်ဖို့ကို ယုံကြည်မှုမရှိသေး။

သည်တော့ တိုက်ပွဲမှာ ရန်သူ့ကျည်ဆန် ထိမှန်ပြီး သေရမည်ကို သေမတတ်ကြောက်သည်။ သို့ပေမယ့် သည်မေးခွန်းကတော့ မဖြစ်မနေမေးရမည့် မေးခွန်းမို့ လက်တုန်နေသည့်ကြားက တစ်လုံးချင်းရိုက်ပြီး မေးလိုက်သည်။

“တိုက်ချင်ရင် တိုက်လို့ရတယ်၊ မတိုက်ချင်ချင်ရင် မတိုက်ဘဲ နေလို့ရတယ်၊ ဘယ်သူကမှ ဘယ်သူ့ကို စစ်ထဲ အတင်းတိုက်ရမယ်လို့ မလွှတ်ဘူး၊ တိုက်ချင်တာတောင် တိုက်ခွင့်မပေးလို့ စိတ်ညစ်နေတဲ့ကောင်တွေကလည်း အများကြီး”

ဟိန်းထက်ထံက သည်လိုကြားရတော့ ထွန်းတောက်ထိန် အားတက်သွားသည်။

“ဒါဆို မတိုက်ဘူးဆိုရင် ဘာလုပ်ရမှာလဲဟင်”

“မိုင်းလက်နက် လုပ်ရမယ်၊ မိုင်းထောင်ရမယ်၊ ဒါမှမလုပ်ချင်ရင် ထမင်းချက်၊ ထင်းခွေပေါ့”

သည်လိုကြားရပြန်တော့ ထွန်းတောက်ထိန်သည် အလုပ်ကို အမြန်ရွေးနေလိုက်မိသည်။ မိုင်းထောင်ရင် မတော်တဆမှုဖြစ်တတ်သဖြင့် သေနိုင်သည်။ အရှေ့မြို့နယ် ဝါးရင့်ရွာက ကောင်လေးတစ်ယောက်ဆို မိုင်းထောင်ရင်း Error ဖြစ်ပြီး ခန္ဓာကိုယ် အစိပ်စိပ်အမွှာမွှာဖြစ်သွားခဲ့သည်တဲ့။ သည်တော့ မိုင်းထောင်အလုပ်ကို ထွန်းတောက်ထိန် ကြောက်သည်။

ထမင်းချက်၊ ထင်းခွေရမည့်အလုပ်ကိုတော့ မိန်းမဆန်သလိုလို အောက်ကျသလိုလို မြင်မိသဖြင့် မလုပ်ချင်ဘူးဟု တွေးသည်။ ထိုအလုပ်တွေထက်စာလျှင် မိုင်းထုတ်လုပ်သည့် အလုပ်က အန္တရာယ်လည်း ကင်း၊ သင့်လည်းသင့်တော်သည်ဟု ယူဆမိသဖြင့် အဲသည်အလုပ်ကို လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

“ဪ ကောင်းသားပဲ”

“အေး ဒီမှာ ရွာကကောင်တွေလည်း ရှိတယ်၊ မင်းလာမယ်ဆိုမှ ပြောပြတော့မယ်၊ စဥ်းစားထား၊ သေချာရင် လာလို့ရအောင် ငါစီစဥ်ပေးမယ်”

ဟိန်းထက်ပြောသည့်အတိုင်း ထွန်းတောက်ထိန် သေချာစဥ်းစားသည်။ သရက်ကုန်းရွာသည် ထွန်းတောက်ထိန်တို့ နယ်မြို့ဖြစ်သော အရှေ့မြို့နယ်မှ ရွာမဟုတ်။ မြောက်မြို့နယ်မှ ရွာဖြစ်သည်။

ထိုနယ်ဘက်တွင် ရေနံအများအပြား ထွက်သည်။ ရေနံတူးဖော်ရာနေရာနှင့် နီးစပ်နိုင်သည်ဟု ခန့်မှန်းရသည်။ ထိုနေရာတဝိုက်တွင် စစ်အထိုင်ချစခန်းတချို့ရှိသည်။ သို့သော်လည်း စစ်ခွေးများ မလှုပ်ရှားနိုင်လောက်အောင် တော်လှန်ရေးသမားများစွာ အားကောင်းရာနေရာဖြစ်သည်ဟု ကြားသိထားသည်။

ပျူစောထီးရွာများလည်း မရှိ။ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူဟု ထင်ရသူတချို့သည် တော်လှန်ရေးသမားများ အားကောင်းမှုကြောင့် အစောကြီးကတည်းက ထွက်ပြေးသွားကြသည်။ သူတို့လုပ်ကိုင်နေသော ရေနံလုပ်ငန်းများကိုလည်း ထားရစ်ခဲ့ကြသည်။ သူတို့အပိုင်များကို တော်လှန်ရေးသမားများက သိမ်းယူပြီး ဆက်လက်လုပ်ကိုင်ကာ တော်လှန်ရေးအတွက် ဝင်ငွေရှာကြသည်ဟု ကြားဖူးသည်။

ထွန်းတောက်ထိန် ရွာဘက်ဝန်းကျင်တဝိုက်မှာသာ တော်လှန်ရေးသမားအင်အား နည်းပါးသောကြောင့် ပျူစောထီးတို့ ကြီးစိုးရာ နေရာဖြစ်လာခဲ့ပြီ။ ကိုယ့်နယ်မြို့ဖြစ်သော အရှေ့မြို့မှာဆိုလျှင်လည်း စစ်ခွေး၊ ရဲခွေးအင်အား အများအပြားရှိသဖြင့် မြို့သူမြို့သားအားလုံး၊ မြို့လုံးကျွတ် နေရပ်အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားကြရသည်။

အရှေ့မြို့သည် မြောက်မြို့ထက်စာလျှင် တော်လှန်ရေးမှာ အင်အားနည်းသဖြင့် အရှေ့မြို့သူမြို့သား၊ အရှေ့မြို့နယ်သူနယ်သားများအနေဖြင့် ရှက်စရာ ကောင်းသည်။ ရွာမှာဆိုလျှင်လည်း ကိုယ့်ရွာကိုယ့်အိမ်မှာ နေရတာ မလုံခြုံတော့။ ဝက်ချေးပျူသောထီးရွာတည်ရှိရာဘက်ဖြစ်သော ရွာ့မြောက်ဘက်ပိုင်းသို့ မည်သူမှ မသွားရဲကြတော့။ ထိုဘက်မှ တောင်သူယာမြေများလည်း မလုပ်ရဲကြတော့။ မန်ကျည်းသီးများ မပုတ်ရဲကြ။ ဆီးသီးများ မကောက်ရဲကြ။

အဲသည်ဘက်မှာ ထန်းတက်နေကြသော ထန်းသမားများ ထန်းမလှီးရဲကြတော့။ ထန်းသီးလုံးများ နွားစာအဖြစ် မချိုင်ကြရတော့ဘဲ ထန်းသီးများသည် မှည့်ကြွေကာ ထန်းပင်အောက်တွင် ထန်းပင်ပေါက်များ အပြွတ်အသိပ်ပေါက်ကုန်တော့သည်။ သနပ်ခါးခင်းများ ပေါင်းထူကုန်ပြီ။ ထွန်းတောက်ထိန်တို့ တစ်ယာတည်းသာရှိသော သနပ်ခါးခင်းလေးကိုလည်း ပစ်ထားခဲ့ရပြီ။

သရက်ကုန်းရွာဆိုတော့ မြောက်မြို့နှင့်လည်း နီး၏။ အိမ်မပြန်နိုင်တောင် အမေကြီးသို့တော့ သွားလည်လို့ရသေးသည်။ မြောက်မှာလည်း စစ်ခွေး၊ ရဲခွေးများ ရှိနေသေးသည့်တိုင် ပြည်သူများသည် တော်လှန်ရေးသမားများ၏ အုပ်ချုပ်မှုအောက်မှာ ရှိနေကြသည်။ သည့်ကြောင့် ထွန်းတောက်ထိန်သွားလျှင် အန္တရာယ်ကင်းနိုင်သည်ဟု ယူဆလိုက်သည်။

သည်သို့ ဆုံးဖြတ်လိုက်ပြီးသောအခါ ချစ်သူလေး စန္ဒာဝင်းဝင်းကို သတိရသည်။ အဝင်းကို အသိပေးရမည်။ အဝင်းက စိတ်ပူစွာ တားမြစ်လိမ့်မည်လေလား။ ရွာမှာ နေရတာ စိုးတထိတ်ထိတ်နှင့်မို့ အဝင်းကို သွားခွင့်ပြုလိမ့်မည်ဟု ထင်ပါသည်။ ထိုနေ့က အဝင်းထံ မက်ဆေ့ပို့ပြီး ညကျရင် မှောင်ရိပ်တစ်နေရာမှာ လာခဲ့ဖို့ ခေါ်လိုက်သည်။ မသွားခင် ချစ်သူလေးကို အဝကြည့်ရမည်။ နမ်းရမည်။ ပွေ့ဖက်ရမည်။

■ ထွင်

အပိုင်း ၄ ဆက်ရန်…