ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြာအင်းဆိပ်ကြီးတွင် ရေကြီးပြီး ထောင်နှင့်ချီသည့် ဒေသခံများ ရေဘေးသင့်

August 24, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေ မြင့်တက်လာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက်များအပါအဝင် ရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်နေပြီး ထောင်နှင့်ချီသည့် ဒေသခံများ ရေဘေးသင့်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ဇမိမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး မြစ်ကမ်းတစ်လျှောက် ကျေးရွာများ၊ အနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် ရေအနည်းငယ်ပြန်ကျနေသော်လည်း မိုးဆက်လက်ရွာသွန်းနေသလို မြစ်ရေလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဇမိမြစ်ရေကတော့ ကျသွားတာ မရှိသေးဘူး။ မြုပ်တဲ့နေရာတွေကလည်း မြုပ်နေဆဲ၊ လမ်းတွေလည်း မြုပ်နေဆဲ ကားတွေ သွားလာလို့ မရသေးဘူး။ လှေနဲ့ပဲ သွားလာနေရတယ်” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသည့်အတွက် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မော်လမြိုင်၊ ဘုရားသုံးဆူ-အဘစ်-မုဒုံ ကားလမ်းပိုင်းနေရာအချို့ ရေကျော်နေသည့်အတွက် ကားများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိပေ။

အလားတူ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာအနီးဝန်းကျင်တွင် ရေအနည်းငယ် ပြန်ကျနေသော်လည်း ကားများသွားလာ၍ မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ရေက နည်းနည်းကျသွားပေမဲ့ တချို့နေရာမှာ ရေက ခါးလောက်အထိ ရှိနေဆဲပါ။ သွားလာလို့တော့ မရသေးဘူး။ မိုးဆက်မရွာဘူးဆိုရင် နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင် သွားလာလို့ ရမယ် ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပိုင်းပေါ် ရေကျော်နေသည့်အတွက် ကားများ ပိတ်မိနေသည်ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံများ၊ ခရီးသွားပြည်သူများ လှေဖြင့် သွားလာနေကြရကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ခရီးသည် ၁၁ ဦး လိုက်ပါလာသည့် စက်လှေတစ်စင်း လှိုင်ကနီကျေးရွာအနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့ စသည့် မြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။