ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာဝန်းကျင်တွင် သတ္တုမိုင်းများ ပြန်လုပ်နေသဖြင့် ပယချောင်းမှ ဇာဒီချောင်းဝသို့ စီးဆင်းသည့် ရေနောက်ကာ နုန်းများတက်လာပြီး လယ်လုပ်သူများနှင့် သားငါးရှာဖွေသူများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ သတ္တုမိုင်းများသည် ၂၀၂၄ ခုနှစ်တွင် လာရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် စစ်အုပ်စုခန့် ရပ်ရွာအာဏာပိုင်များက မိုင်းတူးခွင့်မပြုတော့သဖြင့် ရပ်သွားကြောင်း၊ ယခု ၂၀၂၆ ခုနှစ် ဇွန်လဝန်းကျင်တွင် ပြန်လည်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“စီအို (စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်မှ အရာရှိ) က ပယဂိတ်ကနေ အခြားနေရာ ပြောင်းထိုင်ကတည်းက မိုင်းတွေရပ်လိုက်တာ။ အခု စီအို ပယရွာဂိတ် ပြန်ရောက်တာနဲ့ မိုင်းတွေ ပြန်လုပ်ခွင့်ရသွားတာပဲ” ဟု အုန်းပင်ကွင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။
သတ္တုမိုင်းများ ပြန်လည်ပတ်နေသည့် ပယရွာတွင် မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများ နှစ်နေရာခွဲ၍ ဂိတ်ထိုင်ထားသည်။
အဆိုပါ သတ္တုမိုင်းလုပ်ကွက်များမှ အညစ်အကြေးနုန်းများသည် ပယချောင်းမှတစ်ဆင့် ဇာဒီချောင်းဝဘက်သို့ စီးဆင်းသဖြင့် ရေချောင်းများတွင် မိုးကာလ ရေစီးသန်ချိန် ရေအနီရောင် (မြေသားရောင်) များ စီးနေသည်ဟု ဒေသခံတို့က ဆိုသည်။
ယင်းရေများကြောင့် မြစ်ချောင်းအနီး လယ်ကွင်းများတွင်လည်း လယ်စိုက်မရကြောင်း လယ်လုပ်သူများထံမှ သိရသည်။
ယင်းအပြင် ရေချောင်းကြမ်းပြင်တွင် နုန်းအဆီများတက်နေသဖြင့် ငါး၊ ခရုများလည်း မနေတော့ဘဲ နေရာပြောင်းကြသဖြင့် သားငါးလည်း ရှားပါးလာကြောင်း ဒေသခံများကဆိုသည်။
သားငါးရှာသူများတွင်လည်း နုန်းထိမိသည့်နေရာများတွင် အနာစိမ်းဖြစ်ကြောင်း ကိုယ်တိုင်ဖြစ်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
“မရှိလို့ လုပ်စားတာကို မရတာကတစ်မျိုး၊ အဲဒါ (အနာဖြစ်) က တစ်ဖုံ၊ သက်သာလိုက် ပြန်ဖြစ်လိုက်ပဲ။ နာတယ်ဆိုပြီး မလုပ်ရင် မစားရဘူး။ အနာက ဆေးလိမ်းရင်တော့ ပျောက်တယ်။ တချို့လည်း ထုံးနဲ့နနွင်းလိမ်းကြတယ်” ဟု ၎င်းက ပြောဆိုသည်။
၂၀၂၄ ခုနှစ်က သတ္တုမိုင်းများ ပြုလုပ်ခဲ့စဉ်ကလည်း ယခုကဲ့သို့ လယ်လုပ်ရ အခက်အခဲနှင့် သားငါးရှားပါးမှုဒဏ်ကို ကြုံရကြောင်းကို Dawei Watch က သတင်းဖော်ပြခဲ့ဖူးသည်။
ပယကျေးရွာဘက်မှ ချောင်းဖျားခံ၍ ဇာဒီချောင်းဝမှတစ်ဆင့် ပင်လယ်အထဲသို့ စီးဝင်သည့် ရေချိုရေငန်စပ် ဇာဒီချောင်းတွင် ငါးနှင့် ဂုံး၊ ယောက်သွား စသည့် ပင်လယ်ခရုအမျိုးအစား ဆယ်မျိုးထက်မနည်း ရရှိကြောင်း ခရုကောက်လုပ်ငန်းဖြင့် အသက်မွေးသူများထံမှ သိရသည်။
ပုံစာ – မိုးလုံးတောင်မှ လှမ်းမြင်ရသည့် ဇာဒီချောင်းဝ (ပုံဟောင်း)







