ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့

August 23, 2026

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဥတ္တူရွာက နေအိမ်တစ်လုံးကို ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းတွင် မီးရှို့ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“နေ့လယ် ၁၁ နာရီလောက်မှာ ဝင်လာပြီး ညနေ ၃ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အိမ် တစ်လုံး မီးရှို့ခဲ့တယ်။ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောတယ်။ ဘေးအိမ်ကလူတွေ မီးငြှိမ်းသတ်ပေးကြလို့ အိမ်က နည်းနည်းပဲ လောင်သွားတယ်” ဟု ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ဥတ္တူရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေပြီး အချို့သာ ရွာထဲတွင် ဆက်လက်နေထိုင်နေကြသည်ဟု ဥတ္တူရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲက အိမ်တွေ၊ လမ်းတွေကို ဓာတ်ပုံလိုက်ရိုက်ယူပြီး ပြန်ထွက်သွားတယ်လို့ ပြောတယ်။ အခုလက်ရှိ စစ်ကြောင်းက သရက်နှစ်ခွရွာမှာ ရှိနေတယ်။ လမ်းတစ်လျှောက်မှာလည်း ကင်းပုန်းချထားတာတွေ ရှိတယ်။ ဥတ္တူကနေ ပြန်ထွက်လာပြီ ဆိုပေမဲ့ ကျွန်တော်တို့တော့ ရွာမပြန်ရဲသေးဘူး” ဟု အထက်ပါ လူငယ်က ဆိုသည်။

အဆိုပါစစ်ကြောင်းသည် သရက်ချောင်းမြို့နယ်မြောက်ပိုင်းရှိ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်းစသည့် ကျေးရွာများကို ဩဂုတ်လ ၁၀ ရက်မှစ၍ အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၁ ရက်တွင် ရောင်းမော်၊ ရှင်မုတ္ထီးရွာများကို တပ်ဖွဲ့အချို့ ပြန်လည်ထွက်ခွာလာသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသည့် ဒေသခံများ ရွာကို ပြန်ဝင်နေကြသည်ဟု ကင်းရှေ့ရွာက အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့တော့ မနက်ဖြန်မှ ရွာပြန်မလို့ လုပ်ထားတယ်။ သူများတွေတော့ ဒီနေ့ပဲ ရွာပြန်ဝင်နေတဲ့သူတွေ ဝင်နေကြပြီ။ ကျောင်းသားတွေလည်း ပါနေတော့ ကျောင်းကားက တစ်နေရာစီ လျှောက်လိုက်ကြိုပို့နေရတယ်” ဟု ကင်းရှေ့ရွာက အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာများက ဒေသခံများပိုင်သည့် ဆိုင်ကယ်၊ ကား၊ သုံးဘီး၊ ထော်လာဂျီ အပါအဝင် အိမ်ထောင်ပရိဘောဂပစ္စည်းများကို သယ်ယူသွားကြသည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ဥတ္တူကျေးရွာများကို အင်အား ၁၅၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။