သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ဥယျာဉ်ခြံနှင့် တောတောင်ထဲ စစ်ဘေးရှောင် နေရသူများ စားရေး၊ နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၁၀ ရက်ကစပြီး ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ထီးဝ၊ အင်းမ၊ ကဒတ်ချောင်းတို့ကို စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ကျော်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။
ဒေသခံအချို့မှာ ထားဝယ်မြို့ပေါ်နှင့် ရှင်မုတ္ထီး၊ ညောင်ဇင် စသည့် ကျေးရွာအချို့ကို တိမ်းရှောင်နေကြသူများလည်ရှိပြီး အများအပြားမှာ ဥယျာဉ်ခြံနှင့် တောတောင်ထဲ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
ဥယျာဉ်ခြံနှင့် တောတောင်ထဲ တိမ်းရှောင်နေရသူများမှာ ရက်ကြာလာချိန်တွင် နေထိုင်ရေး၊ စားသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ကင်းရှေ့ရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်ကြောင်းက သုံးလေးကြောင်းဆိုတော့ ဒီဘက်လာပြီဆို ဟိုဘက်ရွှေ့၊ ဟိုဘက်ကလာနေပြီဆို ဒီဘက်ပြေးကြနဲ့ စိန်ပြေး လိုက်တမ်း ကစားသလိုဖြစ်နေတယ်။ မိုးကလည်းကြီးနဲ့ ဒုက္ခဖြစ်နေကြတယ်။ စားရိက္ခာတွေလည်း ပြတ်ကုန်ပြီ။ တချို့တွေဆို ငပိဖုတ် ဆီဆမ်းစားနေကြရတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။
ဥယျာဉ်ခြံနှင့် တောတောင်ထဲ စစ်ရှောင်နေသူများမှာ တဲငယ်များအတွင်း စုဝေးနေကြရပြီး လူဦးရေ ၃၀၀ ခန့်ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများလည်းရှိပြီး ကင်းရှေ့ရွာသား ဦးစိုးထွန်းမှာ ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည်။
“ဖမ်းထားတဲ့သူတွေ အကုန်လုံးပြန်လွတ်ပြီလို့တော့ ပြောတယ်။ နောက်ထပ် ထပ်ဖမ်းတာတွေ ရှိမရှိ အဲ့ဒါတော့ မသိဘူး။ အခုရက်ပိုင်း မိုးကလည်းတအားကြီးတယ်။ အဲဒီလိုပဲ အဆင်ပြေသလိုနေနေ စားနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကြောင်းသည် ကင်းရှေ့၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ရောင်းမော်၊ စော်ဖျား၊ ထီးဝ၊ အင်းပြား စသည့်ရွာများတွင် ကင်းပုန်းချထားသလို ယင်းကျေးရွာများကိုလည်း ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။
ရွာနှင့် မြို့ပေါ် စစ်ရှောင်နေသူများမှာ အိမ်တစ်ဆောင်လျှင် လူဦးရေ ဆယ်နှင့်ချီ စုပေါင်းနေထိုင်ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။







