နိုင်ငံကျော် တေးသံရှင် ကိုင်ဇာသည် သြဂုတ်လ ၂၂ ရက်ညက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
အဆုတ်ထဲ ပိုးဝင်သဖြင့် ရန်ကုန်မြို့၊ ဝိတိုရိယဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှု ခံယူရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ကိုင်ဇာသည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်အမည်မှာ မောင်ညီညီဝင်း ဖြစ်ကာ ဂီတလောကတွင် ဦးညီဟု လူသိများသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီ ဖြစ်သည်။
ထားဝယ်ရိုးရာ မိုးခေါ်တေးကို ပြန်လည်ဆန်းသစ်ထားသည့် “ရွာလိုက်ပါ…မိုး” အပါအဝင် ထားဝယ်ဒေသအကြောင်း သီချင်းများကိုလည်း ကိုင်ဇာက သီဆိုခဲ့သည်။
၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် ဂီတလောက၌ နာမည်ကျော်ကြားလာပြီး ကိုင်ဇာ၏ တေးသီချင်းများမှာ လူကြီးများသာမက လူငယ်ပိုင်းကပါ နှစ်သက်ခဲ့ကြသည်။
ယနေ့ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ကိုင်ဇာ၏ ရန်ကုန်မြို့နေအိမ်၌ ကျန်ရစ်သူမိသားစုက သက်ပျောက်ဆွမ်းကပ်ခဲ့သည်။
၎င်း၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကိုမူ မနက်ဖြန် သြဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဈာပနစီစဉ်သူများထံမှ သိရသည်။







