စစ်အာဏာရှင်တပ်က တနင်္သာရီမြို့နယ်အတွင်းက တောတစ်ခုထဲတွင်ရှိသည့် စစ်ဘေးရှောင်စခန်းကို ဝင်ရောက်ပြီး နေအိမ်များနှင့် စပါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် သဲဖြူချောင်းဖျား (ဒေသအခေါ်) တွင်ရှိသည့် စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်သားများ ရောက်လာပြီး နေအိမ်၊ စပါးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦးက ဆိုသည်။
သဲဖြူချောင်းဖျားဒေသမှာ စစ်အာဏာရှင်တပ်က တပ်စွဲထားသော သဲဖြူရွာနှင့် အတော်အလှမ်းဝေးသော တောထဲတွင်တည်ရှိသည်။
စစ်အာဏာရှင်တပ်သားများသည် နေအိမ် ၄ လုံး၊ စပါး ၁၅၀ တင်း၊ ဆိုင်ကယ် ၅ စီး၊ ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်တပ်သားများသည် သြဂုတ်လ ၁၁ ရက်နေ့တွင် မောတောင်မြို့ကို စစ်အင်အားဖြည့်တင်းပြီးနောက် သဲဖြူရွာဘက်ကို တောလမ်းအတိုင်း စစ်ကြောင်းထိုးလာကြောင်း၊ သတင်းကြိုရသဖြင့် စစ်ရှောင်များ ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူ နောက်တစ်ဦးက ဆိုသည်။
“သတင်းကြိုရလို့ ရှောင်လိုက်ကြတယ်။ လူတွေကတော့ ဘာမှမဖြစ်သွားဘူး။ ပစ္စည်းတွေ အကုန်လုံးတော့ သယ်လို့မမီလိုက်ဘူး။ စစ်ကြောင်းက မီးရှို့ပြီး ပြန်ထွက်သွားတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
သဲဖြူရွာမှ ဒေသခံများသည် ၂၀၂၅ ခုနှစ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က သဲဖြူရွာတွင် တပ်စွဲထားသဖြင့် နေရပ်ပြန်၍မရဲဘဲ ဆက်လက်ရှောင်နေကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။







