ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ကော်‌တောရွာကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

August 19, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောကျေးရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက် ကြောင်း ‌ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သြဂုတ်လ ၁၈ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒရုန်းက ကော်တောရွာ ရော်ဘာခြံထဲ ကျသွားတယ်။ လူတွေတော့ ထိခိုက်မှု မရှိဘူး။ သစ်ပင်တွေခံနေလို့ မဟုတ်ရင် အနားက အိမ်ကိုထိမှာပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ကော်တောကျေးရွာသည် တနင်္သာရီမြို့၏ အရှေ့မြောက်ဘက်တွင်ရှိပြီး မျဉ်းဖြောင့်တိုင်းလျှင် ရှစ်မိုင်ကျော်အကွာတွင် တည်ရှိသည်။ အဆိုပါကျေးရွာကို တော်လှန်ရေးတပ်က ထိန်းချုပ်ထားသည်။

စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို ကာမီကာဇေဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ကာမီကာဇေဒရုန်းသည် ဒရုန်းကို ဆုံးရှုံးခံကာ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် အမျိုးအစားဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။

စစ်အာဏာရှင်တပ်သည် ကော်တောရွာကို ၂၀၂၅ ခုနှစ် မတ်လကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြီး ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။