ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ကိစ္စ စစ်အုပ်စုနှင့် ရုရှားဆွေးနွေး

August 19, 2026

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက ယနေ့ ဩဂုတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် သယံဇာတရှာဖွေရေးနှင့် မြန်မာ့ကမ်းလွန်တွင် ရေနံဓာတ်ငွေ့တူးဖော်ရေးကို ရုရှားနိုင်ငံဘက်က စိတ်ဝင်စားကြောင်း ရုရှားသမ္မတပူတင်က ပြောဆိုခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတောင်ဘက်ပိုင်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စကိုလည်း ဆွေးနွေးနေကြောင်း ပူတင်က ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ယင်းအပြင် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနဲ့ ခရီးသွားကဏ္ဍတို့ကိုလည်း ဆွေးနွေးခဲ့ပြီး နာလည်မှုစာချွန်လွှာ (MoU) ၁၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုသည်။

နားလည်မှုစာချွန်လွှာ (MoU) ၁၂ ခုတို့တွင် လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အနုပညာ စသည့်ကဏ္ဍ၊ အာကာသ၊ ဂြိုဟ်တုနည်းပညာဆိုင်ရာ ကဏ္ဍတို့ပါဝင်သည်။

ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၌ အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လက်မှတ်ထိုးထားခြင်းအပေါ် နှစ်နိုင်ငံအတွက် အဓိက စီမံကိန်းဟု ပူတင်က ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ရုရုားနိုင်ငံသို့ ဩဂုတ်လ ၁၇ ရက်က သွားရောက်ခြင်းဖြစ်ပြီး ထိုခရီးစဉ်တွင် တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦးလည်း လိုက်ပါသွားသည်။