ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ခေါင်းဆောင်နှင့်အတူ တနင်္သာရီတိုင်းစစ်အစိုးရဝန်ကြီးချုပ် ရုရှားခရီးစဉ် လိုက်ပါ

August 18, 2026

Photo-Head of state

တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် စစ်ခေါင်းဆောင် ဦးမင်း‌အောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံသို့ လိုက်ပါသွားကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။

စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ဩဂုတ်လ ၁၇ ရက်တွင် ရုရှားနိုင်ငံသို့ ထွက်ခွာသည့် ခရီးစဉ်တွင် ဦးဇော်နိုင်ဦး လိုက်ပါသွားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ခုနစ်ဦး၊ စစ်အာဏာရှင်တပ်က အရာရှိကြီးများ လိုက်ပါသွားပြီး တိုင်းဝန်ကြီးချုပ်အနေဖြင့် ဦးဇော်နိုင်ဦးတစ်ဦးသာ ထိုခရီးစဉ်တွင်ပါဝင်သွားသည်။

သမ္မတ ရာထူးယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်၏ ပထမဆုံး ရုရှားခရီးစဉ်ဖြစ်ပြီး တနင်္သာရီစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးအတွက်လည်း အလားတူ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ရုရှားသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၂၄ ခုနှစ်တွင် နာလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားပြီး ဆိပ်ကမ်းတစ်ခုနှင့် ရေနံချက်စက်ရုံတို့ ဆောက်လုပ်မည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်တွင် စစ်ခေါင်းဆောင်သည် ရုရှားသမ္မတ ပူတင်၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံကာ စီးပွားရေး၊ လုံခြုံရေး၊ လူမူရေးကဏ္ဍများကို ဆွေးနွေးမည်ဖြစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကလည်း ရုရှားသံအမတ်ကြီးနှင့်အဖွဲ့ သည် တနင်္သာရီတိုင်း ကော့သောင်းမြိုသို့ရောက်ရှိလာပြီး ထိုစဉ်က တနင်သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် (လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ) ဦးမြတ်ကိုနှင့် တွေ့ဆုံခဲ့ဖူးသည်။