ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ကရင်လူမျိုး ၂၆ ဦးကို နေရပ်ပြန်ပို့ရန် စီစဉ်နေသဖြင့် နေရပ်ပြန်မပို့ရေး လူ့အခွင့်အရေးလေ့လာစောင်ကြည့်ရေးအဖွဲ့ (HRW) က ဩဂုတ်လ ၁၇ ရက်တွင် တိုက်တွန်းလိုက်သည်။
ဩဂုတ်လ ၁၀ ရက်က ဖက်ချ်ဘူရီခရိုင် ဘန်းပဒင်းရွာရှိ ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ နေရာကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ကရင်လူမျိုး ၂၈ ဦးကို ဖမ်းဆီးခဲ့သည်။
ဖက်ချ်ဘူရီခရိုင် ဘန်းပဒင်းရွာသည် တနင်္သာရီတိုင်းနှင့် ထိစပ်နေသောနေရာဖြစ်ပြီး Kaeng Krachan အမျိုးသား ဥယျာဉ်ရှိသော ဒေသဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် ကလေးငယ် ရှစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ဦးပါဝင်သည်။
၎င်းတို့အနက် နှစ်ဦးတွင် နေထိုင်ခွင့် စာရွက်စာတမ်းရှိနေသဖြင့် ပြန်လွှတ်ခဲ့ပြီး ကျန် ၂၆ ဦးကို ဖက်ချ်ဘူရီခရိုင်မှတစ်ဆင့် ဘန်ကောက်မြို့ လဝကထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ကာ နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း ဖော်ပြသည်။
ထို့ကြောင့် ဖမ်းဆီးခံ ကရင်လူမျိုးများကို နေရပ်ပြန်မပို့ရေးနှင့် ထိန်းသိမ်းရေးစခန်းမှ ပြန်လွှတ်ပေးရေး HRW က တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်လခန့်ကလည်း ကရင်လူမျိုး ၁၀ ဦးကို ထိုင်းအစိုးရက မြန်မာစစ်အာဏာရှင်ထံ လွှဲပြောင်းခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကရင်လူမျိုးများသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် နှစ်ရှည်နေထိုင်သူများဖြစ်သည်။
ကရင်လူမျိုး သိန်းနှင့်ချီတွင် သက်သေခံကတ်များ ရရှိပြီးဖြစ်သော်လည်း မကြာသေးမီက ထွက်ပြေးလာသူများမှာမူ တရားမဝင် နေထိုင်သူများဖြစ်နေသေးကြောင်း ဖော်ပြသည်။
ထို့ကြောင့် ကရင်လူမျိုးများကို နေရပ်ပြန်ပို့ပါက စစ်အာဏာရှင်လက်ထဲတွင် အန္တရာယ်များစွာ ကြုံတွေ့နိုင်ရသဖြင့် ကုလသမဂ္ဂသဘောတူညီချက်ကို ထိုင်းနိုင်ငံအနေဖြင့် ချိုးဖောက်ခြင်းဖြစ်ကြောင်း HRW က ရေးသားထားသည်။
ပုံစာ – ဖမ်းဆီးခံရသော ကရင်တိုင်းရင်းသားများ။

Photo – Transbordernews

Photo – Transbordernews







