ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာကလေးငယ်များကို ပန်းရောင်ကတ်အတုထုတ်ပေးသော ထိုင်းခုနစ်ဦး ဖမ်းဆီးခံရ

August 18, 2026

Photo – The Reporter

ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာနိုင်ငံသားများ၏ ကလေးငယ်များကို ပန်းရောင်ကတ်အတု ထုတ်ပေးနေသော ထိုင်းနိုင်ငံသား ခုနစ်ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်တွင် ဘန်ကောက်မြို့ ဒင်းဒဲနယ်မြေရှိ တိုက်ခန်းနှစ်ခုကို ရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ပွဲစား နှစ်ဦး၊ အိမ် သို့မဟုတ် အခန်းပိုင်ရှင် နှစ်ဦးနှင့် အစိုးရအရာရှိ သုံးဦး ပါဝင်သည်။

တိုက်ခန်းထဲတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များကို တွေ့ရပြီး ၎င်းတို့ကို အသုံးပြု၍ ရွှေ့ပြောင်းကလေးငယ်များကို ပန်းရောင်ကတ်အတု ထုတ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ်ပြုလုပ်ရန်အတွက် အိမ်ထောင်စုပေါင်း ၄၄ ခုတွင် ရွှေ့ပြောင်းအလုပ်သမား ၁၃၀၀ ကျော် မှတ်ပုံတင်ထားသည်ကို တွေ့ရပြီး အများစုမှာ မြန်မာအလုပ်သမားများဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၄ ခုနှစ်ကတည်းက ထုတ်ပေးနေခြင်းဖြစ်ပြီး ရွှေ့ပြောင်းကလေးငယ် နှစ်ထောင်ကျော်ကို ပန်းရောက်ကတ် ထုတ်ပေးထားခဲ့ကြောင်း ဆိုသည်။

ကလေးငယ်တစ်ဦးကို အိမ်ထောင်စုထဲသို့ မှတ်ပုံတင်ပေးပါက ဘတ် ၈၀၀ ရရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်ပေးနေသည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်ကြောင်း အိမ်ပိုင်ရှင်က ဝန်ခံထားသည်။

ပန်းရောင်ကတ်ဆိုသည်မှာ ထိုင်းနိုင်ငံအတွင်း‌ မွေးဖွားသော ရွှေ့ပြောင်းကလေးငယ်များအတွက် ထုတ်ပေးသည့် ကတ်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများကို ထုတ်ပေးသည့် ကတ်နှင့် မတူပေ။ ကလေးငယ်များကို ထုတ်ပေးသည့် ကတ်နံပါတ်သည် ၇ နံပါတ်ဖြင့် စတင်သော ပန်းရောက်ကတ်ဖြစ်သည်။

ရွှေ့ပြောင်းကလေးငယ်များကို ထုတ်ပေးသည့် ပန်းရောင်ကတ်သည် ထိုင်းနိုင်ငံသား ချက်ချင်း ခံယူခွင့်မရှိသော်လည်း ဥပဒေအရ ကိုက်ညီမှု ရှိပါက ထိုင်းနိုင်ငံသား လျှောက်ထားခွင့်ရှိသော ကတ်ဖြစ်သည်။

လက်ရှိတွင် ပန်းရောင်ကတ်အတု ထုတ်ပေးထားမှုနှင့် ပတ်သက်၍ သက်ဆိုင်သူ အားလုံးကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား လေးသန်းခန့်ရှိပြီး မြန်မာအလုပ်သမား အများဆုံးဖြစ်သည်။

Ref: Thai PBS, The Reporter