မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်ကျောရိုး ကစားသမား ရိုဒရီဟာ စပိန်လာလီဂါကလပ် ဘာစီလိုနာဆီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၄ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် ဘာစီလိုနာလေဆိပ်ဆီကို ရောက်လာခဲ့ပါပြီ။
မန်စီးတီးဟာ ရိုဒရီအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၈ သန်း တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၄ ဒသမ ၅ သန်းနဲ့အတူ ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုထပ်ဆောင်းပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် အကောင်အထည်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ရိုဒရီ ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ လေးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ Marca က ရေးသားထားပါတယ်။
ရိုဒရီဟာ အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကမှ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းတော့မှာ မဟုတ်ကြောင်း၊ ဘာစီလိုနာဆီကို ပြောင်းတော့မှာဖြစ်ကြောင်း သဘောထားပြောင်းလဲသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုတွေကို ဒီကနေ့ ဆောင်ရွက်ဖို့ ရှိနေပြီး မနက်ဖြန်မှာတော့ ရိုဒရီကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ရိုဒရီ ဟာ မကြာသေးခင်ကပဲ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး လက်ရှိမှာတော့ မန်စီးတီးနဲ့ ခုနစ်နှစ်ကြာ အောင်မြင်မှုခရီးလမ်းကို အဆုံးသတ်ကာ ရိုဒရီက မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးဟာ ရိုဒရီရဲ့ကွက်လပ်ကို အစားပြန်ဖြည့်ဖို့အတွက် လိုင်လီကွင်းလယ်လူ ဘူအတ်ဒီကို ခေါ်ယူဖို့ ဆက်သွယ်ကမ်းလှမ်းနေပါတယ်။







