မင်္ဂလာအခမ်းအနား ကျင်းပမယ်ဆိုရင် Pre-Wedding တွေ၊ ဝတ်စုံရွေးရတာတွေနဲ့ အရမ်းကိုပဲ အလုပ်များလွန်းလှပါတယ်။ စီရော်နယ်ဒိုရဲ့မင်္ဂလာပွဲကတော့ ရိုးရှင်းလှပါတယ်။ ဧည့်သည် များများစားစား မရှိသလို ဝတ်စုံဆိုလို့လည်း တကူးတက ပြင်ဆင်မထားခဲ့ပါဘူး။ မင်္ဂလာဆောင်တဲ့နေရာကလည်း အိမ်ရဲ့ဧည့်ခန်းထဲမှာဖြစ်ပါတယ်။
Vogue မဂ္ဂဇင်းရဲ့ အထူးအင်တာဗျူးမှာ ဂျီအော်ဂျီနာက “ကျွန်မတို့ နေ့တိုင်း မနက်စာ၊ နေ့လယ်စာ၊ ညစာ စားပြီး ဘဝကို ဖြတ်သန်းနေတဲ့ အိမ်ရဲ့ဧည့်ခန်းမှာပဲ မင်္ဂလာပွဲကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ထပ် နှစ် ၃၀ လောက်ကျရင် ကလေးတွေက ဒီစားပွဲဝိုင်းမှာ ကျွန်မတို့ရဲ့ မင်္ဂလာသစ္စာပြုခဲ့တယ်ဆိုတာကို တွေးမိစေချင်လို့ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။
သူတို့နှစ်ယောက် သူမ ဝန်ထမ်းလုပ်ခဲ့တဲ့ Gucci ဆိုင်မှာ စတင်ဆုံဆည်းခဲ့တဲ့ ၁၀ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်လိုက်ကြတာဖြစ်တယ်လို့လည်း ဂျီအော်ဂျီနာ က ပြောပြခဲ့ပါတယ်။
ငယ်ငယ်တုန်းက ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲဆိုတာမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ မိသားစုနဲ့အတူ အိမ်ထဲမှာ ကျင်းပလိုက်ရတဲ့ ဒီမင်္ဂလာပွဲလေးကို ပိုနှစ်သက်ကြောင်း ဂျီအော်ဂျီနာ က ဆိုပါတယ်။ နောင်တစ်ချိန်မှာတော့ ဆွေမျိုးမိတ်ဆွေအားလုံးနဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးတစ်ခုကို ထပ်လုပ်ဖို့တော့ စိတ်ကူးရှိပါတယ်လို့လည်း သူမက ပြောသွားခဲ့ပါတယ်။
စီရော်နယ်ဒို ဟာ Light Beige ကော်တန်ဝတ်စုံ၊ T-Shirt (တီရှပ်) နဲ့ Loafers ဖိနပ်တို့ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပြီး မင်္ဂလာဆောင်ခဲ့တာပါ။ ဂျီအော်ဂျီနာ ကတော့ အဖြူရောင် အကျီပါးနဲ့ စကတ်၊ Chopard စိန်လက်ဝတ်ရတနာတွေနဲ့ ဝတ်ဆင်ထားခဲ့ပါတယ်။
သူတို့နှစ်ယောက်စလုံး Gucci ဝတ်စုံကို ရွေးချယ်ခဲ့ကြတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Gucci ဆိုင်မှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ ချစ်ဇာတ်လမ်းကို ပြန်လည်အမှတ်ရစေချင်လို့ ဖြစ်ကြောင်းလည်း ဂျီအော်ဂျီနာ က ရှင်းပြခဲ့ပါတယ်။ ကလေးငယ်တွေအားလုံးဟာလည်း ဒီဇိုင်းဆင်တူ ဝတ်စုံတွေ ဝတ်ဆင်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧည့်ခန်းထဲမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲအပြီးမှာတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်နဲ့ တစ်နာရီစာလောက် ခရီးကွာဝေးတဲ့ Shrine of Our Lady of Fatima ဘုရားကျောင်းဆီ ကားမောင်းသွားခဲ့ကြပြီး ဘုန်းတော်ကြီးတစ်ပါးဆီကနေ မင်္ဂလာကောင်းချီး ခံယူခဲ့ကြပါတယ်။
ထူးခြားချက်တစ်ခုကတော့ သူတို့ဟာ ဟန်းနီးမွန်းခရီး မထွက်ဘဲ စီရော်နယ်ဒိုရဲ့ ဘောလုံးရာသီအသစ်အတွက် ဆော်ဒီအာရေဗျနိုင်ငံဆီကို ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့တာပါပဲ။







