စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူငယ်များကို အဓမ္မစစ်မှုထမ်းစုဆောင်းနေသောကြောင့် ခရီးသည်ရရှိမှု မရှိသလောက် နည်းပါးလာသောကြောင့် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ခရီးသည်တင်ကားပြေးဆွဲသူများ အခက်အခဲများစွာကြုံနေရကြေင်း ကားပြေးဆွဲသူများက ပြောသည်။
စစ်အာဏာမသိမ်းမီက ခရီးသည်အပြည့်ရသဖြင့် နေတိုင်း ကားပြေးဆွဲနိုင်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် လမ်းကြောင်း မတည်ငြိမ်မှုကြောင့် ခရီးသည် တဖြည်းဖြည်းနည်းလာကြောင်း ၎င်းတို့က ဆိုသည်။
စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ လုပ်ဆောင်လာပြီးနောက် ခရီးသည် သိသိသာသာ လျော့နည်းသွားကြောင်း ကားပြေးဆွဲသူများက ပြောဆိုသည်။
ပြီခဲ့သည့်နှစ်က တစ်ရက်လျှင် ကားတစ်စီးမှ သုံးစီးအထိ ပြေးဆွဲနိုင်ခဲ့သေးသော်လည်း ယခု ၂၀၂၆ ခုနှစ်တွင်မူ ခရီးသည် ပိုနည်းလာသဖြင့် သုံးရက်ကြာသည်အထိ ကားတစ်စီး မထွက်နိုင်သည့်အခြေအနေဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကားအုံနာ အမျိုးသားတစ်ဦးက ပြောသည်။
“တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတယ်။ လုပ်ငန်း ရပ်လို့မရလို့သာ လုပ်နေရတာ။ ရပ်လို့ကလည်း မဖြစ်ဘူးလေ။ ကျွန်တော်တို့မှာ ဒီလုပ်ငန်းကို မှီခိုနေရတဲ့အလုပ်သမားတွေရှိတယ်။ သူတို့နောက်မှာ မိသားစုတွေရှိတယ်၊ ဒါကြောင့် အဆင်ပြေသလိုတော့ လုပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။
လမ်းခရီးတွင် ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်လုပ်နေသလို ပြည်ပသို့ သွားမည့်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ် ခြင်း၊ စစ်မှုထမ်းစုဆောင်းခြင်း၊ တိုက်ပွဲကြောင့် လမ်းတွင်ပိတ်မိခြင်း၊ ခရီးကြန့်ကြာခြင်း၊ ခရီးသွားလုပ်ငန်းများ ရပ်သွားခြင်း စသည်တို့ကြောင့် ခရီးသွားသူများမှာ တစ်နှစ်ထက် တစ်နှစ် လျော့ကျလာကြောင်း ကားပြေးဆွဲသူများက ပြောဆိုသည်။
“မိုးရာသီဆို အများဆုံးပါမှ ခြောက်ယောက်ပဲ။ ဒါက မိသားစုတွေ ကလေးတွေပါမှ” ဟု မြိတ်မြို့က မှန်လုံကားအုံနာတစ်ဦးက ပြောသည်။
ခရီးသည်တင် မှန်လုံကားတစ်စီးတွင် ခရီးသည် ၃၈ ဦးမှ ၄၈ ဦးခန့်အထိ လိုက်ပါနိုင်ပြီး အံဇာတုံး ကားများတွင် ခရီးသည် ၁၈ ဦးခန့် လိုက်ပါနိုင်ကြောင်း မြိတ်မြို့ရှိ ကားလက်မှတ်ရောင်းသူအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဟိုးအရင်ကတော့ လူအပြည့်ရတယ်လေ။ အဲ့ဒီနောက်ပိုင်း ခရီးသည်က တဖြည်းဖြည်းနဲ့ နည်း နည်းလာတယ်။ (၂၀၂၄ ခုနှစ် နောက်ပိုင်းတွင်) ရန်ကုန်ကနေ မြိတ်-ကော့သောင်းကို တစ်လမှာ တခေါက်လောက်ပဲရတော့တယ်။ ကော့သောင်းကို ရောက်ပြီး နောက် ၁၅ ရက်လောက်ကြာမှ အဲဒီကား ပြန်တက်လာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။
လမ်းခရီးမလုံခြုံသဖြင့် အရေးကြီးကိစ္စမရှိလျှင် ခရီးသွားခြင်းကိုရှောင်ကြပြီး မဖြစ်မနေသွားရမည့် ကိစ္စရှိမှသာ ခရီးသွားလာကြကြောင်း ဒေသခံအချို့က ပြောသည်။
မှန်လုံကားများမှာ စစ်ဆေးရေးဂိတ်တွင် တင်းကျပ်စွာ စစ်ဆေးခံရသဖြင့် ခရီးသွားသူများမှာ လေးယောက်စီး အိမ်စီးကားများဖြင့်သာ သွားလာမှုပိုများလာကြောင်း ကားပြေးဆွဲသူများက ဆိုသည်။
မှန်လုံကားများမှာ ခရီးသည်မရသဖြင့် ကုန်စည် သယ်ယူပို့ဆောင်သည့်အလုပ်ကိုသာ အဓိကထား လုပ်ဆောင်နေကြကြောင်း ၎င်းတို့က ပြောဆိုသည်။
သို့သော် ကုန်စည်ရရှိမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် နည်းလာသဖြင့် လုပ်ငန်း မရပ်ရုံတမယ် လုပ်ကိုင်နေရကြောင်း ၎င်းက ပြောသည်။







