တနင်္သာရီ အမျိုးသမီး နိုင်ငံရေး မဟာမိတ်အဖွဲ့ (TWPA) ကို ဩဂုတ်လ ၈ ရက်တွင် စတင်ဖွဲ့စည်းလိုက် ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။
တနင်္သာရီဒေသအတွင်း ကဏ္ဍအသီးသီးတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြသည့် အမျိုးသမီးများ၏ အင်အားကို စုစည်း၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် အဓိပ္ပာယ်ရှိသော ပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ကြောင်း TWPA က ဆိုသည်။
ဖွဲ့စည်းရာတွင် တနင်္သာရီတိုင်းအတွင်းရှိ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အသီးသီးမှ လက်နက်ကိုင်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုများမှ အမျိုးသမီးများနှင့် ဒေသခံအမျိုးသမီးများ စုစည်းထားခြင်းဖြစ်ကြောင်း သိရသည်။
TWPA ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက အင်အားစု၊ ကွန်ရက်၊ မဟာမိတ် စသဖြင့် ပြောင်းလဲမှု အဆင့်ဆင့်ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ယခုလိုဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
“TWPA ဟာ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားအတွက် တောင်းဆိုတွန်းအားပေးဖို့အပြင် မိမိတို့ရဲ့ လူထုလူတန်းစားကို ကိုယ်စားပြုဖို့၊ ပြည်သူ့မူဝါဒတွေမှာ ပါဝင်ပံ့ပိုးပေးဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလုပ်ငန်းတွေမှာ ကဏ္ဍအသီးသီးကနေ ပါဝင်နိုင်ဖို့အတွက် စုစည်းလှုပ်ရှားကြရမယ်ဆိုတဲ့ ယုံကြည်ချက်အပေါ်မှာ အခြေခံပြီး တည်ထောင်ထားခြင်း ဖြစ်ပါတယ်” ဟု TWPA ၏ ပြောရေးဆိုခွင့်ရှိသူ မဝါဆိုက ပြောသည်။
လတ်တလောတွင် TWPA ၏ မဟာမိတ်အနေဖြင့် ထားဝယ်အမျိုးသမီးသမဂ္ဂက ချိတ်ဆက်ထားပြီး တစ်သီးပုဂ္ဂလ အဖွဲ့ဝင်များလည်း ရှိကြောင်း မဝါဆိုက ပြောသည်။
မဟာမိတ်အနေဖြင့်လည်းကောင်း၊ တစ်သီးပုဂ္ဂလအနေဖြင့်လည်းကောင်း TWPA အဖွဲ့ထံ ဝင်ရောက်လိုပါက TWPA ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ပုံစာ – TWPA ဖြစ်မြောက်ရေး ကနဦး ဆွေးနွေးပွဲများ ပြုလုပ်စဉ်။







