ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာကိုယ်စားလှယ်တို့ တွေ့ဆုံဟု စစ်အုပ်စုထုတ်ပြန်

August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေ ကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့ သြဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံကြောင်း စစ်အုပ်စုဘက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် စစ်အစိုးရ သမ္မတရုံး သတင်းနှင့် ပြန်ကြာရေး ဗျူရို (PPIB) တို့၏ တယ်လီဂရမ်ချန်များက တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့ တွေ့ဆုံနေသည့် ဓာတ်ပုံ နှစ်ပုံနှင့် မွေးနေ့ကိတ်ခွဲနေသည့် ဓာတ်ပုံ နှစ်ပုံ စုစုပေါင်း ဓာတ်ပုံလေးပုံဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ICRC မြန်မာနိုင်ငံဆိုင်ရာဌာ‌နေ ကိုယ်စားလှယ်လာရောက်တွေ့ဆုံခြင်း ပတ်သက်၍ ICRC ဘက်ကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

BBC မြန်မာပိုင်း၏ သတင်းတစ်ရပ်တွင်မှု အဆိုပါတွေ့ဆုံမှုကို ICRC ဘက်က အတည်ပြုထားသည်ဟု ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည် ကို Mr. Arnaude de Baqque သွားရောက်တွေ့ဆုံသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် ICRC မြန်မာထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ကတည်းက အဖမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသည်ကို သက်သေပြရန် ၎င်း၏ သားဖြစ်သူက Proof of life လှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိသည်။