ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘီးလင်းတွင် စစ်ကြောင်းက ဖမ်းသွားသည့် အရပ်သားနှစ်ဦး သတင်းအစအနမရ

July 31, 2026

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်။ Photo - KNU

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီး သွားသည့် အရပ်သားနှစ်ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အင်အား တစ်ရာကျော်ရှိသည့် စစ်ကြောင်းသည် ဇူလိုင်လ ၅ ရက်ကစပြီး ဘီးလင်းမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သည်။

တက်တူကုန်းကျေးရွာတွင် ထိုင်းမှ ကုန်ပစ္စည်းများသယ်ဆောင်လာသည့် အသက် ၃၀ ဝန်းကျင် ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် တက်တူကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ခွန်ထက်ဦးကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ယနေ့ ဇူလိုင်လ ၃၁ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို သတင်းတစ်စုံတစ်ရာလည်း ရရှိခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။

“စစ်ကြောင်းက ဖမ်းသွားတဲ့ နှစ်ဦးစလုံးက ပြန်မလွတ်လာသေးဘူး။ သူတို့သတင်းကို လိုက်စုံစမ်းကြပေမယ့် သူတို့ကို ဘယ်နေရာကို ခေါ်ဆောင်သွားလဲ ဆိုတာလည်း မသိရဘူး” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

စစ်ကြောင်းဝင်လာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရွာထဲဝင်ရောက်စဉ် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများ၏ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ယင်းအပြင် တက်တူကုန်းနှင့် ကြက်ခြေခတ်ကျေးရွာကြားရှိ နေအိမ်များ၊ ကုန်စုံဆိုင်များကို စစ်ကြောင်းက ဖောက်ထွင်း ဝင်ရောက်ပြီး ပစ္စည်းများကို သိမ်းယူသွားသည့်အပြင် နေအိမ်ခြောက်လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ‌နေ့တိုင်းနီးပါး ရှိနေသဖြင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိနေသည့်အပြင် ဒေသခံသောင်းနှင့်ချီလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပုံစာ – စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်။

Photo – KNU