မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ပေါင်မြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် နေအိမ်အလုံး ၉၀ နီးပါး ထိခိုက်ပျက်စီးကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၄ နာရီခွဲခန့်တွင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းအပိုင်းတွင် လေပြင်း တိုက်ခတ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်းအပိုင်းရှိ နေအိမ် ၁၅ လုံးခန့် အမိုးလန်ပြီး ထိခိုက်ပျက်စီးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“တချို့အိမ်ဆို တော်တော်ဆိုးဆိုးဝါးဝါးပါပဲ၊ အမိုးတွေ အကုန်ပါသွားတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လေပြင်းကြောင့် သစ်ပင်လဲကျခြင်း၊ နေအိမ်အပေါ် သစ်ပင် ပိမိခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ညောင်ပင်ဆိပ်တွင် နေအိမ်များ ထိခိုက်ပျက်စီးသော်လည်း လူထိခိုက်မှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အလားတူ ယမန်နေ့ ဇူလိုင်လ ၅ရက် ညကလည်း ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေပြင်းတိုက်ခတ်ခဲ့သည်။
ထို့ကြောင့် ရဟန်းနှစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံ အပြင် နေအိမ် ၇၁ လုံးနှင့် ကဒုံစီးရက်ကွက်က နေအိမ် သုံးလုံးလည်း ထိခိုက်ပျက်ဆီးကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
“အမိုးပါသွားတာ ရှိတယ်။ တချို့အိမ်ဆိုရင် တစ်ခြမ်းပါသွားတာရှိတယ်။ သွပ်(မိုး) လန်သွားတာ ရှိတယ်” ဟု ကဒါရပ်ကွက်နေသူ ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် သစ်ပင်လဲကျခြင်း၊ ဓာတ်တိုင် လဲကျခြင်းများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
နေအိမ်ထိခိုက်ပျက်စီးသွားသည့် လေဘေးသင့်ပြည်သူ ၂၅၀ ကျော်ရှိပြီး လတ်တလောတွင် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများထံ ခိုလှုံနေကြရကာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဇူလိုင်လ ၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြသည်။
ပုံစာ – လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်၊ ပေါင်မြို့ နေအိမ်ထိခိုက်ပျက်စီးမှု။












