မွန်ပြည်နယ်၊ ပေါင်မြို့တွင် လေပြင်းတိုက်ခတ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်အလုံး ၇၀ ကျော် ထိခိုက်ပျက်စီးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၅ ရက် ည ၇ နာရီခွဲခန့်က ပေါင်မြို့၊ ကဒါမြို့သစ်ရပ်ကွက်အတွင်း လေပြင်းတိုက်ခတ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
ထို့ကြောင့် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး ရဟန်းနှစ်ပါး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
နေအိမ်အလုံး ၇၀ ကျော်လည်း ထိခိုက်ပျက်စီးပြီး နေအိမ်အများစုသည် အမိုးလန်၊ အမိုးပေါက်၊ သွပ်ပြားလွင့်စင်၊ အိမ်တစ်ဝက်တစ်ပျက် လွင့်ပါပျက်စီးခြင်းအပြင် အိမ်ယိမ်းယိုင်သွားခြင်းလည်းရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရပ်ကွက် တစ်ခုလုံးပဲ ထိသွားတယ်။ အိမ်တွေ အများစု ထိခိုက်ပျက်စီးသွားတယ်။ ဓာတ်တိုင်လဲတာ၊ သစ်ပင်လဲတာ တွေလည်း ရှိတယ်။ သံဃာတော်နှစ်ပါး ထိခိုက်တာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကို လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီ ရှင်းလင်းလျက်ရှိကြောင်း ဆိုသည်။
ပေါင်မြို့အပါအဝင် မွန်ပြည်နယ်တွင်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ပေါင်မြို့တွင် နှစ်တိုင်းနီးပါး လေပြင်းတိုက်ခတ်မှုဒဏ် ခံနေရပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း ပေါင်မြို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး တစ်ရာ နီးပါး ထိခိုက်ပျက်စီးခဲ့သေးသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇူလိုင်လ ၆ ရက် နံနက် ထုတ်ပြန်ချက်တွင် မွန်အပါအဝင် တိုင်းနှင့် ပြည်နယ် အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးကြောင်း ဖော်ပြသည်။
ယင်းအပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထိုကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုပြီး ရှောင်ရှားကြရန် တိုက်တွန်းထားသည်။










